DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားကုန်သွယ်မှုပမာဏ ၃ လအတွင်း ဒေါ်လာ သန်း ၆၀၀ ဖိုးခန့် မြင့်တက်
DVB
·
July 16, 2013
နိုင်ငံခြားကုန်သွယ်မှုပမာဏ ၃ လအတွင်း ဒေါ်လာ သန်း ၆၀၀ ဖိုးခန့် မြင့်တက်
Donate to DVB

မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ကုန်သွယ်မှုပမာဏဟာ အခုဘဏ္ဍာနှစ်ရဲ့ ဧပြီ၊ မေ၊ ဇွန် သုံးလအတွင်း ကုန်သွယ်မှုတန်ဖိုးဟာ ကာလတူပြီးခဲ့တဲ့နှစ်ကထက် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ဖိုးလောက် တိုးတက်မှုရှိနေပါတယ်။

အခုနှစ်မှာ သုံးလအတွင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒဿမ ၁ ဘီလီယံ ရှိပြီး ကာလတူပြီးခဲ့တဲ့နှစ်က အမေကန်ဒေါ်လာ ၄ ဒဿမ ၅ ဘီလီယံ ရှိခဲ့တာပါ။

ဒါပေမယ့် အခုဘဏ္ဍာနှစ်ရဲ့ကုန်သွယ်မှုပမာဏကို ပြန်ကြည့်ရင် ပို့ကုန်က ၂ ဒဿမ ၁၅ ဘီလီယံရှိပြီး သွင်းကုန်က ၂ ဒဿမ ၉၅ ဘီလီယံရှိတာဖြစ်လို့ ကုန်သွယ်မှုလိုငွေ သန်း ၈၀၀ လောက် ရှိနေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။

သွင်းကုန်တန်ဖိုး မြင့်တက်လာရတဲ့အကြောင်းက မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်တဲ့အချိန်ဖြစ်လို့ ကုန်ပစ္စည်းတွေ အပါအ၀င် လူသုံးကုန်ပစ္စည်းတွေ၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းတွေကို ပြီးခဲ့တဲ့ နှစ်ကထက် ပိုတင်သွင်းလာတာကြောင့်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က ဒီဗွီဘီကို ပြောပါတယ်။

“သွင်းကုန်မှာ အဓိကတိုးသွင်းတာက ကားပါ။ သွင်းကုန်ပိုင်းမှာ ပိုသွားတဲ့ ဟာတွေက ရင်းနှီးမြှုပ်နှံမှုမှာ သန်း ၁၇၀ လောက်ပိုတယ်။ လုပ်ငန်းသုံးကုန်ပစ္စည်းမှာ ၂၄၄ သန်းလောက် ပိုတယ်။ လူသုံးကုန်ပစ္စည်းမှာ ၁၈၂ သန်းပို့တယ်။ အခုက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်နေချိန်ဆိုတော့ သွင်းကုန်များတယ်လေ။ သင်္ဘောနဲ့ ပတ်သက်တဲ့ ကုန်ပစ္စည်းတွေ ပို့တယ်၊ မော်တော်ယာဉ်နဲ့ မော်တော်ယာဉ် အပိုပစ္စည်းတွေ မနှစ်ကထက် ပိုမြင့်တယ်။ ကုန်ထုတ်လုပ်မှုနဲ့ဆိုင်တဲ့ ပစ္စည်းတွေ အဓိက တင်သွင်းတာပေါ့။ သံမဏိ ပစ္စည်းတွေလည်း ပိုသွင်းတယ်။ ဆောက်လုပ်ရေးတွေလည်း များလာပြီကို တိုင်းပြည်က။”

လတ်တလောကာလမှာ ပို့ကုန်တန်ဖိုးကျဆင်းနေရတာက လယ်ယာထွက်ကုန်ဖြစ်တဲ့ ပဲမျိုးစုံတင်ပို့မှုက ပြီးခဲ့တဲ့နှစ်ကာလတူနဲ့နှိုင်းယှဉ်ရင် သန်း ၅၀ ကျော် ကျဆင်းနေတယ်လို့ ဆိုပါတယ်။
ဒါကလည်း အိန္ဒိယငွေကြေး ရူပီးတန်ဖိုးက သူ့နိုင်ငံမှာ ၁၀ ရာခိုင်နှုန်းလောက် ကျဆင်းမှုရှိတာကြောင့် မြန်မာပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ကတော့ ၁၀ ရာခိုင်နှုန်း နစ်နာမှုရှိနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံမှာလည်း အခုနှစ် ရာသီဥတုကောင်းမွန်လို့ မြန်မာနိုင်ငံက ပဲမျိုးစုံတင်သွင်းမှုကို ချင့်ချိန်ပြီးဆောင်ရွက်နေတယ်လို့ ဦးသန်းအောင်ကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ ပဲမျိုးစုံတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိခဲ့တဲ့အနက် ၉၀ ရာခိုင်နှုန်းလောက်က အိန္ဒိယနိုင်ငံဆီ အဓိကတင်သွင်းမှုရှိနေတာပါ။

ဒါပေမယ့် မြန်မာနိုင်ငံရဲ့ ပို့ကုန်တင်ပို့မှုအခြေအနေက အခုဘဏ္ဍာနှစ်မှာ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက် တင်ပို့နိုင်မယ့်အခြေအနေတွေ ရရှိနေပြီဖြစ်လို့ ပို့ကုန်တင်ပို့မှုက ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကာလ တင်ပို့မှုတန်ဖိုးထက် ကျော်လွန်မယ်လို့ ဆိုပါတယ်။

“မနှစ်တုန်းကဆို အီးယူတို့က ကုန်သွယ်မှု အထူးအခွင့်အရေး (ဂျီအက်စ်ပီ) မပေးသေးဘူး။ ဒီနှစ်ကျမှ စပေးတာ။ နဂိုတုန်းက အဲဒီ ဈေးကွက်ကြီးတွေက အခွန်နဲ့ချည်းဆော်ထားတာ။ အထည်ဆိုရင် ၁၄ ရာခိုင်နှုန်းလောက် ကောက်တာ။ ၁၀၀ မှာ ၁၄ ကျပ်နှုန်း ကောက်လိုက်တော့  ပိုတဲ့သူကဘယ်လိုလုပ် သွားတိုးမလဲ။ ဘင်္ဂလားဒေ့ရှ်တို့၊ ကမ္ဘောဒီးယားတို့က လွတ်တယ်လေ။ အခု  မပေးရတော့ ပို့ကုန်ဂဏ္ဍမှာ အားကောင်းလာမှာ အများကြီးရှိတာပေါ့။ မနှစ်ကနဲ့ ဒီနှစ်မှဆို နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့က ဒီနှစ်က အများကြီးသာတယ်။ ဈေးကွက်ကြီးဟာ အခုမှ ဖွင့်လို့ အခု ပစ္စည်းတွေ မတရား ထုတ်ရောင်းလို့ ရပြီလားဆိုလည်း အဲလို တအားတွက်လို့မရဘူး။ အဲဒီအတွက် ပြင်ဆင်ရဦးမှာ။ စက်တွေ၊ ပစ္စည်းတွေ သွင်းမယ်၊ လိုတဲ့ဟာတွေကို ထုတ်မယ်၊ အမာခံလုပ်မယ့်သူက ဘယ်လို အရည်အသွေး စသဖြင့် စမှာပြီလေ။ အဲဒါတွေ ထုတ်ဖို့အတွက် ရင်နှီးမြှုပ်နှံရမယ်၊ စက်ရုံတွေ ဆောက်မယ်၊ သွင်းမယ်၊ အဲဒါတွေ အများကြီး လုပ်ရမှာ။ အဲဒီလို ပုံစံတကျ လုပ်ယူရမယ် အဲဒါဆိုရင် တက်လာနိုင်တယ်၊ ကုန်သွယ်မှု မတက်ရင် ဘယ်လိုလုပ်ရမလဲ၊ ကုန်သွယ်မှုတက်မှ ထုတ်လုပ်မှု တက်မှာလေ အားလုံးက ၀ိုင်းပြီး လုပ်နေကြတာ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013