မွန်တွင် ကလေး ၂ ဦးအပါအဝင် ကိုဗစ်-၁၉ လူနာ ၁၇ ဦး ထပ်တွေ့၊ စုစုပေါင်း ၄၀၀ ခန့်ရှိလာ
DVB
·
October 12, 2020
မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇ ဦး ထပ်တွေ့ရှိခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၁၁ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ရောဂါပိုးတွေ့ရှိမှုအရ ဘီးလင်းမြို့နယ်က ၁၁ ဦး အထိ ပါဝင်လာပြီး ကျန် ၆ ဦးမှာ တခြားတိုင်းနဲ့ပြည်နယ်တွေကနေ မွန်ပြည်နယ်ကို ဝင်ရောက်လာတဲ့ ကုန်တင်ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘီးလင်းမြို့နယ်က ကိုဗစ်-၁၉အတည်ပြုလူနာ ၁၁ ဦးမှာ ၁၀ ဦးဟာ ကိုဗစ်အတည်ပြုလူနာနဲ့ တွေ့ထားသူတွေ ဖြစ်ပြီး ကျန် ၁ ဦးကတော့ ရန်ကုန်က ပြန်လာသူ ဖြစ်ပါတယ်။
ရောဂါပိုး ကူးစက်ခံရတဲ့ ၁၇ ဦးမှာ အသက် ၇ နှစ်နဲ့ ၉ နှစ် အရွယ် ကလေးငယ် ၂ ဦး ပါဝင်လာပါတယ်။
အတည်ပြုလူနာတွေကိုတော့ မော်လမြိုင် ပြည်သူ့ဆေးရုံကြီးကို ပြောင်းရွှေ့ပေးထားတယ်လို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ကိုဇင်မိုးက DVB ကို ပြောပါတယ်။
မွန်ပြည်နယ်မှာ အောက်တိုဘာ ၁၁ ရက်နေ့ ညပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၀၀ နီးပါး ရှိလာခဲ့တာပါ။