A d v e r t i s e m e n t With Us

အသွားအလာကန့်သတ်ထားသည့် မက်ဒရစ်မြို့တွင် ရဲတပ်ဖွဲ့အင်အားတိုး စစ်ဆေး

အရေးပေါ် အခြေအနေကြေညာထားတဲ့ စပိန်နိုင်ငံ မြို့တော် မက်ဒရစ်မှာ ဒေသခံတွေကို စာရွက်စာတမ်းတွေ ပါမပါ ရဲတွေက စစ်ဆေးနေတယ်လို့ သိရပါတယ်။  လူဦးရေ သန်းပေါင်းများစွာရှိတဲ့ မြို့အတွက် အသွားအလာ တစိတ်တပိုင်းကန့်သတ် ထိန်းချုပ်ထားလို့ ရဲစစ်ဆေးရေးစခန်း အတော်များများ နေရာချပြီး စစ်ဆေးနေတာပါ‌။ အောက်တိုဘာ ၉ ရက်က ချမှတ်တဲ့ အရေးပေါ်အခြေအနေ ကြေညာချက်ကို “တရားမဝင်ဘူး၊ ချဲ့လွန်းတယ်၊ စီးပွားရေးအတွက် ကပ်ဆိုက်တော့မှာပဲ” စတဲ့ စကားတွေနဲ့ ကွန်ဆာဗေးတစ်ပါတီ ဦးဆောင်တဲ့ မဒ္ဒရစ်ဒေသန္တရအကြီးအကဲက တုံ့ပြန်ထားပါတယ်။  ဒါကြောင့် စပိန်ဝန်ကြီးချုပ် ပေဒရိုစန်ချဲ့ဇ် အစိုးရနဲ့ မက်ဒရစ် ဒေသန္တရအုပ်ချုပ်ရေးမှူးကြား တင်းမာမှု တိုးလာနေပါတယ်။  အသွားအလာ ပိတ်ဆို့ကန့်သတ်ပြီး ရဲအင်အားအပို ၇၀၀၀ ချထားတယ်လို့ အစိုးရက ပြောပါတယ်။  မြို့တော်နဲ့ ပတ်ဝန်းကျင် ၈ မြို့နယ်က လူဦးရေ ၃ ဒသမ ၈သန်းထဲက အများအပြား ကတော့ ဇဝေဇဝါဖြစ်ကုန်ပြီး အားလပ်ရက်အတွက်လည်း ကားတွေက ဆက်ထွက်နေဆဲပါ။  ကျန်းမာရေးဝန်ကြီးဌာနရဲ့ အမိန့်အရ မက်ဒရစ်အာဏာပိုင်တွေက မြို့တော်တွင်းနဲ့ အနားက မြို့တွေကို အရေးတကြီးမဟုတ်ဘဲ အဝင်အထွက် ခရီးသွားတာကို အရင်အပတ်ကစပြီး တားမြစ် ပိတ်ပင်ခဲ့တာပါ။  အောက်တိုဘာ ၈ ရက် မတိုင်ခင် ၂ ပတ်အတွင်း မြို့တွင်း လူ ၁ သိန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ  ၇၂၃ ယောက် ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။  ဒါကြောင့် အန်ဒိုရာမြို့ကလွဲရင် ဥရောပမှာ ကူးစက်ခံ ဒုတိယအများဆုံးအုပ်စုဝင် ဖြစ်လာပါတယ်။  စပိန်နိုင်ငံမှာ အောက်တိုဘာ ၉ရက်အထိ အတည်ပြုထားတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံဦးရေ ၈ သိန်း ၆သောင်းကျော်ရှိပြီး အနောက်ဥရောပမှာ အများဆုံးပါ။ ကူးစက်ခံ သေဆုံးသူ ၃ သောင်း ၃ထောင် နီးပါး ရှိနေပါတယ်။

A d v e r t i s e m e n t With Us

More News
Up