Home
မေးမြန်းခန်း
ပေးပိုင်ခွင့်ရှိတဲ့လူတွေ အကုန်လုံး မဲလာပေးကြပါ - ချင်းမိုင် မြန်မာကောင်စစ်ဝန်ချုပ် ဦးသိန်းတင်
နန်းမြနဒီ
·
October 11, 2020
ထိုင်းနိုင်ငံမြောက်ပိုင်း ၉ ခရိုင်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲတွေကို အောက်တိုဘာ ၁၀ ရက်နေ့ ၈ နာရီကစပြီး ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံးမှာ သွားရောက်မဲပေးခဲ့ကြပါတယ်။ ချင်းမိုင်ကောင်စစ်ဝန်ရုံးက မဲရုံကို အောက်တိုဘာ ၁၀၊  ၁၁ နဲ့ ၁၃ ရက်နေ့တွေမှာ ဖွင့်လှစ်ထားပါတယ်။ ချင်းမိုင်ရောက် မြန်မာအလုပ်သမားတွေ ကြိုတင်မဲပေးရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ချင်းမိုင်မြန်မာကောင်စစ်ဝန်ချုပ် ဦးသိန်းတင်ကို ဒီဗွီဘီသတင်းထောက် နန်းမြနဒီ တွေ့ဆုံမေးမြန်းထားပါတယ်။ မေး - ချင်းမိုင်ကောင်စစ်ဝန်ရုံးမှ‌ာ မဲပေးဖို့ ပုံစံ-၁၅ လာလျှောက်ထားတဲ့ လူဦးရေ ဘယ်လောက်ရှိပြီး  မဲပေးခွင့်ရသူပေါင်း ဘယ်လောက်ရှိပါသလဲ။ ဖြေ - “ဟုတ်ကဲ့ပါ ချင်းမိုင်ခရိုင် အပါအဝင် ဒီမှာရှိတဲ့ ၉ ခရိုင်ပေါ့ ချင်းရိုင်း၊ မယ်ဟောင်ဆောင်၊ လမ်းပွန်း ၊လမ်းပန်း ၊ ဖယောဝ်း ၊ နန့် ၊ ဖရဲ့ ၊ ဥဒရာဒစ်ခရိုင် စတဲ့ ၉ ခရိုင်က ပုံစံ-၁၅ တင်သွင်းသူကတော့ ၁၀၅၄ ဦး ရှိပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဆီက လက်ခံ ရရှိတာကတော့ ၁၀၂၀ လက်ခံရရှိပါတယ်။ ၃၄ ဦး ပြန်ပါမလာပါဘူး။” မေး - ၂၀၁၅ ခုနှစ်တုန်းက ကြိုတင်မဲပေးတဲ့အခြေအနေ ဘယ်လိုရှိလဲ၊ ဒီတစ်ကြိမ် အခြေအနေနဲ့ရော ဘယ်လိုကွာခြားမှုရှိသလဲရှင့်။ ဖြေ - “၂၀၁၅ ခုနှစ်ကတော့ ကျနော်တို့ ချင်းမိုင်ကောင်စစ်ဝန်ရုံးစဖွင့်တဲ့အချိန်ပေါ့၊ အဲဒီတုန်းကတော့ လာပေးတဲ့သူက နည်းပါတယ်။ ဆယ်ဂဏန်းလောက်ပဲ ရှိတယ်။ အခုကတော့ တော်တော်များတာပေါ့၊ ထောင်ဂဏန်းကျော်တယ်ဆိုတဲ့အခါကျတော့ ဒါပိုများလာတာပေါ့နော်။ တိုးတက်လာတယ်လို့ ပြောရမှာပေါ့။” မေး - ကြိုတင်မဲတွေ လုံခြုံမှုရှိဖို့အတွက် ဘယ်လိုတွေ ဆောင်ရွက်ထားပါသလဲ။ ဖြေ - “ကြိုတင်မဲလုံခြုံဖို့က အဲဒီဘက် ကျနော်တို့ကို ပို့ပေးတယ်၊ ကျနော်တို့လည်း ရုံးမှာ သေချာကို သိမ်းဆည်းထားတယ်။ ဒီကနေ့ပဲ လာပေးတဲ့လူရှေ့မှာပဲ ကျနော်တို့ ဖွင့်ဖောက်တယ်၊ သူတို့ရှေ့မှာပဲ ဖွင့်တယ်ပေါ့နော်။ တချို့ဟာတွေ မသိသေးဘူး။ အခုလောလောဆယ်ကတော့ တယောက်မှ ကျနော့်ကို သတင်းမပို့သေးဘူး။ တချို့ဥစ္စာလေးတွေက တံဆိပ်တွေ ဘာတွေ မပါဘူးဆိုရင် ကျနော်ရိုက်ပေးလို့ရတယ်။ တံဆိပ်မပါ လက်မှတ်မပါဘူးဆိုတာ ပယ်မဲမဖြစ်ပါဘူး။ ကောင်စစ်ဝန်ချုပ်ရုံးက လုပ်ပေးလို့ရပါတယ်” မေး - အပြင်က လေ့လာသူတွေကော ဝင်ကြည့်လို့ရလားရှင့်။ ဖြေ - “သတ်မှတ်ထားတဲ့နေရာထိတော့ ဝင်လို့ရပါတယ်။ ကျနော်တို့ရုံးမှာ မဲပေးတဲ့ လျှို့ဝှက်အခန်းကိုတော့ ဝင်လို့မရပါဘူး” မေး - ဒီချင်းမိုင်ခရိုင်မှာ မြန်မာနိုင်ငံသားတွေ အများကြီးပဲ၊ ဒါပေမဲ့ မဲပေးတဲ့သူ အရေအတွက်က တော်တော်နည်းတာတွေ့ရတယ်။ အဲဒါ ဘာကြောင့်ပါလဲ။ ဖြေ - အဲဒါကလည်း အခုက ကိုဗစ်ကာလလေ၊ ကိုဗစ်ကာလလည်း ဖြစ်တယ်။ တချို့တလေက ပြန်တာပေါ့နော်။ ဒါပေမဲ့ အများကြီးရှိပါသေးတယ်။ ဒီကာလမှာကတော့ တချို့တလေက စားဝတ်နေရေးကြောင့်လည်း ပါတယ်။ ရုန်းကန်နေရတဲ့အပိုင်းတွေလည်း ပါမှာပေါ့နော်၊ တချို့တလေလည်း သူတို့အနေနဲ့ ခုနက ပြောသလို မဲပေးရမယ့်ဥစ္စာကို သေချာကို မသိတာလည်း ပါမယ်။ ကျနော်တို့ရုံးအနေနဲ့ကတော့ အတတ်နိုင်ဆုံးမဲပေးဖို့  မြန်မာနိုင်ငံသားတိုင်း မဲပေးကြဖို့  ဒီမှာရှိတဲ့ အသိုင်းအဝိုင်းတွေနဲ့ ဆော်ဩခဲ့တယ်။ မဲပေးပိုင်ခွင့်ရှိသူတွေ ပေးရနိုင်ဖို့တော့ ကျနော်တို့ ကောင်စစ်ဝန်ချုပ်ရုံးကတော့ ဆောင်ရွက်တယ်။ ကိုယ့်မဲတစ်ပြား ပေးခွင့်ရအောင် ကျန်တဲ့ သူ့ဆန္ဒအရ မပေးတာတော့ မပြောတတ်ဘူးပေါ့နော်” မေး - ပြည်တွင်းစာရင်းမှာ မဲပေးခွင့်ရဖို့ နာမည်ပါပေမယ့် ထိုင်းမှာကျတော့ ကြိုတင်မဲပေးခွင့် မရတာ ဘာကြောင့်ပါလဲ။ ဖြေ - “ပြည်တွင်းစာရင်းမှာ ကျနော်တို့လည်း ကျနော်တို့ရပ်ကွက်စာရင်းမှာ ပါတာပဲ၊ ဒါပေမဲ့ ဒီမှာမဲပေးဖို့ဆိုရင်တော့ သူ့အနေနဲ့ ပုံစံ-၁၅ တင်ထားတဲ့အပေါ်လည်း မူတည်တာပေါ့နော်။ ပုံစံ-၁၅ လျှောက်မှ သူကပါမှာကိုး။  ပုံစံ-၁၅ မလျှောက်ရင် ပါမှာမဟုတ်ဘူး။ ကျနော်တို့ပေးပို့လိုက်တဲ့ ပုံစံ-၁၅ အပေါ်မှာမှ ပြန်ပို့ပေးတာဖြစ်ပါတယ်” မေး - ချင်းမိုင်ခရိုင်မှာ တိုင်းရင်းသားအလုပ်သမားတွေ အများကြီးရှိတယ်လေ။ အဲဒီမှာ သူတို့ ဘာသာစကားအခက်အခဲ ရှိရင်လည်းရှိမယ်။ ဒီအပေါ်မှာ ဘယ်လိုများ ကူညီဖြေရှင်းပေးသလဲရှင့်။ ဖြေ - “ဘာသာစကား အခက်အခဲတော့ ရှိပါတယ်။ အများဆုံးကတော့ ဒီကို လာပေးတာတော့ ရှမ်းတိုင်းရင်းသားပေါ့နော်။ လူ ၁၀၀၀ ကျော်မှာ ရှမ်းတိုင်းရင်းသားက ၈၀၀ လောက်ရှိတယ်။ အဲဒီတော့ ဒီမှာကလည်း ကျနော်တို့ အသိုင်းအဝိုင်းရှိတယ်၊ ရှမ်းတိုင်းရင်းသား အသိုင်းအဝိုင်းပေါ့။ ကျနော်တို့ ခေါ်တယ်။ မြင်တဲ့အတိုင်းပဲ၊ ကျနော်တို့ ဆောင်ရွက်တဲ့အခါမှာ စည်းကမ်းတကျနဲ့ အဆင်ပြေပြေ မဲပေးလို့ရအောင် သူတို့ကိုလည်း နားလည်အောင် ကျနော်တို့ ရှမ်းတိုင်းရင်းသားအဖွဲ့ ဗော်လံတီယာ (စေတနာ့ဝန်ထမ်း) တွေလည်း ခေါ်ပြီးမှ ဆောင်ရွက်ပါတယ်။” မေး - ကြိုတင်ရွေးကောက်ပွဲမှာ ဘာအခက်အခဲတွေ ရှိပါသလဲ။ ဖြေ - “အခက်အခဲအနေနဲ့ အထွေအထူးမရှိပါဘူး။ ကျနော်တို့ ကောင်စစ်ဝန်ရုံးအနေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေ၊ ခုနကပြောတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ပေါ့နော်၊ ကြိုပြီးမှ စီစဉ်ထားတယ်။ အဲဒါလေးတွေ လုပ်ထားတယ်” မေး - နောက်လာမယ့်ရွေးကောက်ပွဲတွေအတွက်ကော ဘယ်လိုအကြံပြုချင်ပါသလဲရှင့်။ ဖြေ - “ဒါကတော့ ၅ နှစ်တစ်ကြိမ်လေ၊ ကိုယ့်ဆန္ဒကို ကိုယ်ဖော်ထုတ်တာလေ။ ကိုယ်ပေးချင်တဲ့ ကိုယ်စားလှယ်ကို ကိုယ်ပေးတာ၊ ကိုယ့်ရင်ထဲမှာရှိတဲ့ ကိုယ့်အစိုးရ နောင်တက်လာမယ့် အစိုးရကို အားပေးတာပေါ့နော်၊ အဲတော့ ဒါသည် ကိုယ်၏ရပိုင်ခွင့် ကိုယ်၏ရပိုင်ခွင့်က ၅ နှစ်ကို ၁ ကြိမ်ပဲ ရတယ်။ အဲဒီတော့ အတတ်နိုင်ဆုံး အသုံးချပေါ့ဗျာ။ မဲလာပေူးပေါ့။ အဲဒါလေးပဲ ပြောချင်ပါတယ်” မေး - ဒီတခေါက် မဲရုံဖွင့်တာ ၃ ရက်၊ ဒီနေ့ ၁ ရက်ပြီးတော့ နောက် ၂ ရက်ကျန်တာပေါ့နော်။ မဲဆန္ဒရှင် ပြည်သူတွေကို ဘာများမှာကြားလိုပါသလဲ။ ဖြေ - “ပုံစံ-၁၅ လည်း တင်ထားတယ်၊ မဲပေးပိုင်ခွင့်လည်း ရှိတယ်။  ကျနော်တို့လည်း မဲပေးပိုင်ခွင့်ရှိတဲ့သူတွေကို ဖေ့စ်ဘုတ်တို့ ဝက်ဘ်ဆိုက်တို့မှာ ကြေညာပြီးသားပါ။ အဲတော့ ပေးပိုင်ခွင့်ရှိတဲ့လူတွေ အကုန်လုံး မဲလာပေးကြပါလို့ ကျနော် တိုက်တွန်းချင်ပါတယ်”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024