DVB Logo
Home
အာရှဒေသ
နက်နက်ရှိုင်းရှိုင်း ကွဲနေကြတဲ့ ကိုရီးယား နှစ်နိုင်ငံကြားက ပေါင်းကူးတံတား
DVB
·
July 16, 2013
Donate to DVB

ဗုဒ္ဓဟူးနေ့တိုင်း လီမင်ယောင်ဟာ အင်္ဂလိပ်စကားပြော သင်တန်းတခုက သူသူငယ်ချင်း အသစ်ကို နှုတ်ဆက်လေ့ ရှိပါတယ်။ ဘာသာစကားသင်ယူရတာဟာ သူ့ဘ၀ကို တကယ်ပြောင်းလဲပစ်လိုက်တာပါပဲလို့ အသက် ၂၁ နှစ်အရွယ် တက္ကသိုလ် ကျောင်းသူ လီမင်ယောင်က ပြောပါတယ်။

“ကျမက အင်္ဂလိပ်ဘာသာသင်ရတာကို တကယ်ပဲ သဘောကျပါတယ်။ နောက် ကျမကို တကယ့် မိတ်ဆွေရင်းချာလို ဆက်ဆံတဲ့ တခြားတိုင်းပြည်က လူတွေနဲ့လည်း ကျမတွေ့ဆုံ ရတာပေါ့ရှင်။ ကျမသူတို့နဲ့ ဆက်ဆံရတာ တကယ်ပဲ စိတ်ချမ်းမြေ့မှု ရှိပါတယ်။ အခုတော့ ကျမဘ၀ဟာ ပိုပြီး စိတ်ဝင်စားစရာကောင်းလာပြီလို့ ကျမ ထင်တယ်လေ။”

ဒါပေမယ့် လီမင်ယောင်ဟာ သူရဲ့နာမည်အရင်းမဟုတ်သလို ကျောင်းကို မရောက်ခင် ကတည်းက အင်္ဂလိပ်စာသင်လာကြတဲ့ သူရဲ့ ကောလိပ်ကျောင်းတက်ဖက်တွေနဲ့လည်း မတူပါဘူး။ သူက အဲဒီလိုအခွင့်အရေးတွေ မရဘဲ ကြီးပြင်းလာခဲ့ရတာပါ။

လီက မြောက်ကိုရီးယား ဒုက္ခသည်တယောက်ပါ။ သူဟာ သူ့မိသားစုထဲက ဘယ်သူမှ မပါဘဲ တောင်ကိုရီးယားကို လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ရောက်လာခဲ့တာပါ။

ဒီအတန်းမှာ အခက်အခဲတွေ ကြုံရပုံကို လီက “ကျမ ပထမဆုံး ဒီကိုရောက်လာတဲ့အချိန်မှာ  ယဉ်ကျေးမှုအရ တုန်လှုပ်မှုဖြစ်ခဲ့ပါတယ်။ ပညာရေးစနစ်နဲ့ လူတွေရဲ့ နေထိုင်စဉ်းစားပုံတွေဟာ ကျမ စဉ်းစားလို့ မရနိုင်ခဲ့တဲ့ ဟာတွေချည်းပါပဲရှင်။ မြောက်ကိုရီးယားတွေ စကားပြောပုံနဲ့ တောာင်ကိုရီးယားတွေ စကားပြောပုံကလည်း မတူဘူးရှင့်။ ကျမရဲ့ အသံထွက်ကြောင့် အများကြီး အရယ်ခံခဲ့ရတယ်လေ။ တောင်ကိုရီးယားတွေနဲ့ ဆက်သွယ်ရတာ ကျမအတွက် အတော်ခက်ခဲ ပင်ပန်းခဲ့ရပါတယ်” လို့ ပြောပါတယ်။

လီတက်နေတဲ့ အခမဲ့ အင်္ဂလိပ်စာသင်တန်းကို PSCORE လို့ ခေါ်တဲ့ အောင်မြင်တဲ့ ကိုရီးယား ပြန်လည်ပေါင်းစည်ရေး ပြည်သူများဆိုတဲ့ အင်ဂျီအိုအဖွဲ့က ကမကထ ပြုပေးထားတာပါ။
အဲဒီအုပ်စုက တောင်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံကြား ယဉ်ကျေးမှုနဲ့ ပညာရေး ကွာဟချက်တွေကို ကူးဆက်ပေးဖို့ ကြိုးစားနေတဲ့အဖွဲ့ပါ။ အဖွဲ့တည်ထောင်သူ ကင်ယောင်အီ ကိုယ်တိုင်က တောင်ကိုရီးယားကို ၂၀၀၁ ခုနှစ်ကတည်းက ရောက်နေတဲ့ ဒုက္ခသည် တယောက်ပါ။

ကင်ယောင်အီက “ငယ်ရွယ်တဲ့ ကူးပြောင်းလာသူတွေအတွက်ကတော့ ဒီက ပညာရေးစနစ်နဲ့ အဆင်ပြေအောင် ထိမ်းညှိရတာ အခက်အခဲရှိကြတာပေါ့ဗျာ။ အဲဒါက သိပ်ဆိုးဝါးတဲ့ မြောက်ကိုရီးယားရဲ့ ပညာရေး အရည်အသွေးကြောင့်ပါပဲ။ ကျနော်တို့က တောင်ကိုရီးယား ကျောင်းသားတွေရဲ့နောက် အများကြီးပြတ်ကျန်ခဲ့တာဗျ။ မြောက်ကိုရီးယားမှာတော့ ကျနော်တို့က ခေါင်းဆောင်တွေဖြစ်တဲ့ ကင်အီဆွန်းတို့နဲ့ ကင်ဂျုံအီတို့အကြောင်းလောက်ပဲ သင်ကြရတာဗျ။ ဘာသာရပ်တွေက သူတို့ကို ချီးကျူး အမွှန်းတင်တာတွေနဲ့ပဲ ပတ်သက်နေတာပါပဲ။ အဲဒါတခုတည်းကပဲ ပညာရေးဖြစ်ပြီး တက္ကသိုလ်ရောက်ဖို့လည်း အဲဒါပဲ အရေးကြီးတာပါပဲဗျာ” လို့ ပြောပါတယ်။

၂၀၀၆ ခုနှစ်မှာ  PSCORE စကတည်းက မြောက်ကိုရီးယားလူငယ် ၆၀၀ ပတ်ဝန်းကျင် လောက်ကို သင်ကြားပေးခဲ့ပါတယ်။ အင်္ဂလိပ်ဘာသာအပြင် ကွန်ပျူတာနဲ့ သင်္ချာသင်ခန်းစာတွေကိုလည်း သင်ပေးပါတယ်။

ဒါပေမယ့် မြောက်ကိုရီးယားကနေ ကူးပြောင်းလာကြတဲ့ လူငယ်တွေဟာ အမီမလိုက်နိုင်ကြဘူးလို့ ကင်က ပြောပါတယ်။

“အဲဒီကျွမ်းကျင်မှုတွေက ဒုက္ခသည်တွေကို တောင်ကိုရီးယားတက္ကသိုလ်တွေကို ၀င်ရောက်နိုင်ဖို့ ရှိကိုရှိရမယ့် ကျွမ်းကျင်မှုတွေဖြစ်ပြီး သိပ်ယှဉ်ပြိုင်မှုများတဲ့ လူ့အဖွဲ့အစည်းထဲမှာ အသက်မွေးနေထိုင်နိုင်ဖို့လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကူးပြောင်းလာကြသူတွေ အတော်များများကတော့ တောင်ကိုရီးယားတွေကို အမီမလိုက်နိုင်ကြပါဘူး။”

ဆိုးလ်က ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနရဲ့ အဆိုအရ မြောက်ကိုရီးယား ဒုက္ခသည်တွေရဲ့အလုပ်လက်မဲ့နှုန်း ၇ ဒဿမ ၅ ရာခိုင်နှုန်းဟာ အမျိုးသား ပျမ်းမျှနှုန်းထက် ၂ ဆ ဖြစ်နေပါတယ်။ သူတို့ရှာနေကြတဲ့အလုပ်တွေက လစာနည်းပြီး တေင်ကိုရီးယားအများစု မလုပ်ချင်ကြတဲ့ အလုပ်အမျိုးအစားတွေ ဖြစ်ပါတယ်။
တခြား စိန်ခေါ်မှုတွေလည်း မြောက်ကိုရီးယားတွေမှာ ရှိနေသေးတယ်လို့ ကင်က ပြောပါတယ်။

“တောင်ကိုရီးယားတွေရဲ့ ခွဲခြားဆက်ဆံတာကိုလည်း ကျနော်တို့ ရင်ဆိုင်ရပါတယ်။ ကျနော်တို့ကို ဆင်းရဲတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေလို့ပဲ သဘောထားကြတာဗျ။ တချို့ကူးပြောင်းလာသူတွေက သူတို့ဘယ်ကလာတယ်ဆိုတာကို လိမ်ပြောပြီး သူတို့ကို ပိုပြီးကောင်းကောင်းမွန်မွန် ဆက်ဆံလာမယ်လို့ ယူဆရတဲ့ တရုတ်နိုင်ငံက တိုင်းရင်းသား ကိုရီးယားတွေလို့ ပြောတတ်ကြတယ်ဗျ။ ”

ကူးပြောင်းလာတဲ့ မြောက်ကိုရီးယားတွေအပေါ်မှာ အာဃာတတွေက ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်လို့ တောင်ကိုရီးယားမှာ ပြန်လည်အခြေချနေထိုင်ရေးအတွက် ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့အုပ်စု ဆေရိုဝီ အမျိုးသားပေါင်းစည်းရေး ပဏာမဆောင်ရွက်မှုအဖွဲ့ကို ဦးဆောင်နေတဲ့ ရှင်မီညိယိုက ပြောပါတယ်။

မြောက်ကိုရီးယားတွေအပေါ် ထားတဲ့သဘောထားက ရန်လိုမှုကနေ လုံးဝ စိတ်ဝင်စားမှု မရှိတာမျိုးအထိ ရှိနေပြီး အဲဒါတွေ အားလုံးဟာ မှားယွင်းတဲ့ တွေးမြင်ယူဆမှုပေါ်မှာ အခြေခံတယ်လို့ ရှင်မီညိယိုက ဆိုပါတယ်။

“မြောက်ကိုရီးယားပြည်သူတွေကို မြောက်ကိုရီးယားအစိုးရနဲ့ အတူတူပဲဆိုတဲ့ တိမ်းညွှတ် ရှုမြင်မှုတခုရှိပါတယ်။ လူတွေက မြောက်ကိုရီးယားကို တို့က အကူအညီတွေ အားလုံး ပေးနေရပြီး သူတို့ရဲ့သစ္စာဖောက်တာ ခံခဲ့ရတယ်လို့ ထင်နေကြတာရှင့်။ အဲဒီစဉ်းစားပုံက မြောက်ကိုရီးယား ဆန့်ကျင်ရေး ခံစားမှုကို ဖြစ်ပေါ်လာစေပြီး အဲဒါက ကူးပြောင်းလာသူတွေဆီကို ရောက်လာတော့တာပေါ့။ ခွဲခြားဆက်ဆံမှုက အဲဒီက စလာတာပါပဲ။”

အဲဒီခွဲခြားဆက်ဆံမှုကို အဆုံးသတ်ရအောင် မြောက်ကိုရီးယားအစိုးရနဲ့ သူ့ပြည်သူလူထု မတူဘူးဆိုတာ တောင်ကိုရီးယားပြည်သူလူထုကို ပညာပေးတာနဲ့ စရလိမ့်မယ်လို့ ရှင်မီညိယိုက ပြောပါတယ်။

PSCORE က နိုင်ငံခြားစေတနာဆရာတွေအပြင် အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့ တောင်ကိုရီးယားတွေကလည်း ကူးပြောင်းလာသူတွေကို သင်ကြားပေးဖို့ ပါဝင်လာကြပါတယ်။

လွန်ခဲ့တဲ့ ၃ ပတ်က စပြီး ကူညီသင်ကြားပေးခဲ့တဲ့  ကင်ဂျီနာက တောင်ကိုရီးယားအများစုက ကူးပြောင်းလာသူတွေကို ဂရုမစိုက်ကြဘူးဆိုတာကို လက်ခံပေမယ့် မြောက်ကိုရီးယားတချို့နဲ့ သိကျွမ်းလာကြရင် သူတို့ရဲ့ အတွေးအမြင်တွေ ပြောင်းလဲလာကြလိမ့်မယ်လို့ ပြောပါတယ်။

“ကျမ စာသင်နေတဲ့အကြောင်း ကျမရဲ့ ကိုရီးယားမိတ်ဆွေတွေကို ပြောပြတဲ့အခါ သူတို့က ကျမအတွက် စိတ်ပူသွားကြပါတယ်။ ကျမက မဟုတ်ပါဘူး။ သူတို့ဟာ သာမန်လူတွေပါပဲ။ သူတို့အလုပ်လုပ်တယ်၊ သူတို့မှာ အလုပ်ရှိတယ်၊ သူတို့ဟာ ရှင်တို့လိုပါပဲ။ ကျမတို့ ဘယ်လောက်တူလိုက်လေသလဲ၊ တူလိုက်ပုံက ကျမတို့ကို တကယ်ပဲ အံအားသင့် သွားစေတယ်လို့ ပြောလိုက်ပါတယ်။”

ကူးပြောင်းလာသူ လီမင်ယောင်က PSCORE မှာ တောင်ကိုရီးယားတွေနဲ့ တွေ့ရတာဟာ သူရဲ့ စိတ်ကို ဖွင့်ထုတ်ပေးလိုက်သလိုပဲလို့ ပြောပါတယ်။

“ကျမ PSCORE က တောင်ကိုရီးယား စေတနာရှင်ဆရာတွေနဲ့ တွေ့တဲ့အချိန်မှာ ကျမအရင်က မသိခဲ့တဲ့ တောင်ကိုရီးယားနဲ့ ပတ်သက်ပြီး အများကြီးသိခဲ့ရတယ်လို့ ထင်ပါတယ်။ ကျမမှာ သူတို့နဲ့ ပတ်သက်တဲ့ အစွဲစိတ်တွေ ရှိခဲ့ပါတယ်။ ကျမက သူတို့မှာ မျက်နှာ ၂ ခု ရှိတယ်လို့ ထင်ခဲ့တာရှင့်၊ ဒါပေမယ့် အခုတော့ အဲဒီလိုမျိုး ခံစားမှု မရှိတော့ပါဘူး။”

လီမင်ယောင်က ဒီနေ့တော့ သူဟာ ကူးပြောင်းလာသူတယောက်လို့ လူတွေကို ပြောရမှာ မရှက်တော့ပါဘူး။ သူ့ကိုယ်သူ မြောက်ကိုရီးယားတယောက်လို ခံစားရသလိုပဲ တောင်ကိုရီးယား တယောက်လိုလည်း ခံစားလို့ ရလာပါပြီလို့ ပြောပါတယ်။

ဂျေဆန်စထရော့သာ  (Jason Strother) က အာရှဒေသ သတင်းဆောင်းပါးကကဏ္ဍအတွက် ဆိုးလ်မြို့ကနေ
သတင်းပေးပို့ ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013