DVB Logo
Home
မြန်မာသတင်း
ကရင်လက်နက်ကိုင် ၂ ဖွဲ့ ပစ်ခတ်မှု ကရင်ညီညွတ်ရေးအဖွဲ့ ညှိနှိုင်းပေး
DVB
·
July 16, 2013
Donate to DVB

ကရင်လက်နက်ကိုင် ၂ ဖွဲ့အကြား ပစ်ခတ်မှုအပါအ၀င် အောက်ခြေမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေပြေလည်ဖို့  ကရင်လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ် ရေးကော်မတီက ညှိနှိုင်းဆောင်ရွက်ပေးခဲ့လို့ ပြေလည်ခဲ့ပါတယ်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသရှိ မိဇိုင်းတောင်တ၀ိုက်မှာ အခြေချထားတဲ့ ကရင်နယ်ခြားစောင့်တပ် (ဘီဂျီအက်ဖ်) နဲ့ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တို့အကြား ဖြစ်ခဲ့တဲ့  ပစ်ခတ်မှုပြဿနာတွေကို ကရင်ညီညွတ်ရေးကော်မတီက ကြားဝင် ညှိနှိုင်းပေးခဲ့တာပါ။

ဇူလိုင် ၁၃ ရက်နေ့မှာ ပြုလုပ်တဲ့ ညီညွတ်ရေးကော်မတီအစည်းအဝေးမှာ အခုလို ညှိနှိုင်းပေးလိုက်တာလို့ ကေအန်အယ်လ်အေ (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) တပ်ရင်း ၁၀၁ ရဲ့ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဖောဒိုက ပြောပါတယ်။

“အဓိက ဒီကေဘီအေနဲ့ ဘီဂျီအက်ဖ် ပြန်လည်သင့်မြတ်ရေး ကိစ္စ ဖြစ်ပါတယ်။ မိဇိုင်း တောင် ဒေသတ၀ိုက်မှာ သူတို့ အချင်းချင်း နားလည်မှု ကွဲလွဲတာလေးတွေကို တယောက်နဲ့ တယောက် အခု ပြဿနာက တချို့တလေ အောင်ခြေက အရက်မူးပြီးတော့၊ သူတို့ အချင်းချင်း ပြောဆိုကြ တယောက်နဲ့ တယောက် နားမ၀င်တော့ ဒေါသဖြစ်ပြီးတော့ ပြဿနာတက် အဲဒီလို့မျိုးလေ။”
နောက်နောင်မှာလည်း ကရင်လက်နက်ကိုင်အကြားပဋိပက္ခတွေဖြစ်လာရင် ဒီအဖွဲ့ကနေပဲ ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီးဖောဒိုက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်း ဒီကေဘီအေဆက်ဆံရေးရုံးမှာ ဒီကေဘီအေတပ်ထဲဝင်မယ့်သူတဦးက ဘီဂျီအက်ဖ် တပ်သားတဦးနဲ့ အချင်းများရာကနေ သေနတ်နဲ့ပစ်လိုက်တဲ့အတွက် ဘီဂျီအက်ဖ်တပ်သား သေဆုံးခဲ့ပါတယ်။ ဒီကိစ္စကို တရားဥပဒေနဲ့ဖြေရှင်းပေးဖို့နဲ့ တရားခံကို လက်နက်နဲ့တကွ အပ်ပေးဖို့ ဘီဂျီအက်ဖ်က တောင်းဆိုရာက နှစ်ဘက်အဖွဲ့အကြား  တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်ရေးကော်မတီကို အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နဲ့ ပြီးခဲ့တဲ့ မေလကုန်ပိုင်းက ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ဒီညီညွတ်ရေးကော်မတီကို  ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး၊ ဟောင်သရော အထူးဒေသ ငြိမ်းချမ်းရေးတပ်ဖွဲ့၊ ဘုရားကုန်းဒေသ ပဒိုအောင်ဆန်းအဖွဲ့၊ ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (ဒီကေဘီအေ)၊ အစိုးရ နယ်ခြား စောင့်တပ် (ဘီဂျီအက်ဖ်)အဖွဲ့မှ ဗိုလ်မှူးချစ်သူအဖွဲ့နဲ့ ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့  (ကေအန်ယူ/ကေအန်အယ်လ်အေ) ငြိမ်းချမ်းရေးကောင်စီက အဖွဲ့ဝင် ၃ ဦးစီနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ညီညွတ်ရေးကော်မတီအနေနဲ့ မကြာခင်မှာ နယ်ခြားစောင့်တပ်နဲ့ ဒီကေဘီအေတို့ မိဇိုင်းတောင်ဒေသတ၀ိုက်မှာ နှစ်ဖက်စလုံးက ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကို ရှင်းလင်းပြီး လူထုရှင်းလင်းပွဲလည်း လုပ်ဆောင်သွားမယ်လို့  ကေအန်အယ်လ်တပ်ရင်း ၁၀၁ ရဲ့ တပ်ရင်းမှူး ဗိုလ်မှူးကြီးဖောဒိုက ပြောပါတယ်။

“မြေမြှုပ်မိုင်းကိစ္စက ပြည်သူလူထုတွေ အန္တရာယ်ဖြစ်နိုင်တဲ့ ဒေသတွေမှာ အကုန်လုံး ထုတ်မယ်၊ သူတို့လည်း ကတိပေးတယ်၊ အားလုံးထုတ်ပေးမယ်။ နောက် နှစ်ဖွဲ့စလုံးပေါင်းပြီးတော့ ရွာသားတွေဆီမှာ လူထု ရှင်းလင်းပွဲတွေ လုပ်မယ်လေ။”

ဒါ့အပြင် ကရင်ပြည်နယ်ဒေသတွင်းမှာ ရှိနေတဲ့ မူးယစ်ဆေးဝါးတွေကို ပူးပေါင်းနှိမ်နင်းသွားမယ်လို့ ညီညွတ်ရေးကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013