DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားများက နိုင်ငံရေးဆွေးနွေးပွဲ ကြားဝင်ဖြန်ဖြေသူ လိုလား
DVB
·
July 15, 2013
Donate to DVB

နောက်တကြိမ် နိုင်ငံရေးဆွေးနွေးပွဲ အကြိုညှိနှိုင်းပွဲ ကျင်းပတဲ့အခါ ကြားဝင်ဖျန်ဖြေသူတွေ ပါဝင်ဖို့ တိုင်းရင်းသားမဟာမိတ်အဖွဲ့ဘက်က ညှိနှိုင်းခဲ့ရာမှာ အစိုးရဘက်ကိုယ်စားလှယ်တွေက ဖြစ်နိုင်ချေနည်းတယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ကိုယ်စားလှယ်တွေ ဒီနှစ်ဖေဖော်ဝါရီလက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ခဲ့ကြပြီးတဲ့နောက် နောက်တကြိမ် ထပ်တွေ့ဆုံကြဖို့ သူတို့ရဲ့ အလုပ်အဖွဲ့အချင်းချင်း တွေ့ဆုံကြတာ ဖြစ်ပါတယ်။

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ရဲ့ ဦးလှမောင်ရွှေဦးဆောင်တဲ့ အလုပ်အဖွဲ့နဲ့ ပဒိုမန်းမန်းဦးဆောင်တဲ့ ယူအန်အက်ဖ်စီ နိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ အလုပ်အဖွဲ့တို့ ဇူလိုင် ၁၃ ရက်နေ့က ချင်းမိုင်မှာ တွေ့ဆုံညှိနှိုင်းကြတာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ  ကိုယ်စီကိုင်စွဲတဲ့ လမ်းပြမြေပုံကိစ္စ၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ကိစ္စ၊ ကြားဝင်စေ့စပ်ပေးမယ့်သူတွေ၊ အသိသက်သေတွေနဲ့ လေ့လာသူတွေ ဖိတ်ကြားရေးကိစ္စတွေကိုလည်း ညှိနှိုင်းခဲ့ကြပါတယ်။ယူအန်အက်ဖ်စီဘက်က တင်ပြခဲ့တဲ့ နောင်နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ကြားဝင်ဖျန်ဖြေရေးပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ တက်ရောက်ဖို့ အဆိုပြုချက်အပေါ် အစိုးရဘက်က ကိုယ်စားလှယ်က ဖြစ်နိုင်ချေနည်းကြောင်း တုံ့ပြန်ပြောဆိုခဲ့တယ်လို့ ပဒိုမန်းမန်းက ပြောပါတယ်။

“တချို့အဆင့်တွေမှာက အများကြီးညှိနှိုင်းရမယ့်ဟာ ရှိတဲ့အတွက်ကြောင့် mediator (ကြားဝင်ဖျန်ဖြေရေးအဖွဲ့) က လိုကိုလိုအပ်တယ်။ ကြားဝင်ဖျန်ဖြေရေးအဖွဲ့ ပါမှသာလျှင် တချို့အကန့်အသတ်ရှိတဲ့နေရာတွေမှာ၊ အခက်အခဲ ရှိတဲ့နေရာတွေမှာ ဘယ်လိုဖြေလျှော့နိုင်မလဲ၊ ဘယ်လိုထိန်းညှိနှိုင်မလဲဆိုတဲ့ ကိစ္စက လိုကိုလိုအပ်ပါတယ်။ ဒါကြောင့် အဲဒီကိစ္စကို အထူးတလည်တင်ပြရခြင်းဖြစ်ပါတယ်။”

ယူအန်အက်ဖ်စီဘက်က ကုလသမဂ္ဂ၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန် နိပွန်ဖောင်ဒေးရှင်းတို့ကို ကမ်းလှမ်းထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဩဂုတ်လပထမပတ်ကျရင် ဒုတိယအကြိမ် နိုင်ငံရေးဆွေးနွေးရေးအကြိုညှိနှိုင်းပွဲ ကျင်းပဖို့အဆိုပြုချက်ကိုတော့ အစိုးရကိုယ်စားလှယ်တွေက ဒီလမကုန်မီ အကြောင်းပြန်မယ်လို့ ဆိုပါတယ်။

အစိုးရဘက်က တပြည်လုံးအပစ်အခတ်ရပ်စဲရေးကို နေပြည်တော်မှာ ကျင်းပမယ်ဆိုတဲ့ကိစ္စ တင်ပြလာတဲ့အပေါ်ကိုလည်း ယူအန်အက်ဖ်စီက နိုင်ငံရေး သဘောတူညီချက်ပါ တပါတည်းပါရှိဖို့ လိုတယ်ဆိုတာကို တုံ့ပြန်ဆွေးနွေးခဲ့တယ်လို့ ပဒိုမန်းမန်းက ရှင်းပြသွားပါတယ်။

“နိုင်ငံရေးအရ သဘောတူညီချက် တခုမှ မရဘဲနဲ့ အပစ်ခတ်ရပ်စဲရေး တခုတည်းသာ လက်မှတ်ထိုးရမယ်ဆိုရင် ကျနော်တို့ ရှေ့နိုင်ငံရေး ဆက်သွားဖို့က မသေချာတဲ့ကိစ္စဖြစ်တယ်။ မဖြစ်မနေ အပစ်အခတ်ရပ်စဲရေးနဲ့ တပါတည်းမှာ နိုင်ငံရေးအရ အာမခံချက်ရှိတဲ့ သဘောတူညီချက်လည်း ပါရှိရမယ်ဆိုတာ ပြန်ပြီး ဆွေးနွေးတင်ပြခဲ့ပါတယ်။”

အစိုးရက တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အဖွဲ့ (ယူအန်အက်ဖ်စီ)နဲ့ နိုင်ငံရေးဆွေးနွေးဖို့ သဘောတူပြီးတဲ့နောက် ဒီနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံ ချင်းမိုင်မှာ  ပထမအကြိမ် နိုင်ငံရေးအကြိုဆွေးနွေးခဲ့ပြီးပါပြီ။ ၂ လအတွင်းမှာ  နောက်တကြိမ် ဆွေးနွေးကြဖို့ သဘောတူခဲ့ကြပေမယ် ၃ လနီးပါးကြာမြင့်တဲ့တိုင် ထပ်မံ မတွေ့ဆုံနိုင်သေးဘဲဖြစ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013