မလေးရှားကို အလုပ်သမား စေလွှတ်ရန် တင်ပြချက် ဒုဝန်ကြီးပယ်ချ
DVB
·
July 15, 2013
လုံခြုံရေး အာမ မခံနိုင်တာကြောင့် မလေးရှားနိုင်ငံကို အလုပ်သမားစေလွှတ်မှုကို အစိုးရက ယာယီရပ်ဆိုင်းထားလိုက်တယ်လို့ အလုပ်သမားဌာနက ပြောကြားလိုက်ပါတယ်။
အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဒုဝန်ကြီး ဦးမြင့်သိန်းက လတ်တလော မလေးရှားနိုင်ငံက ပြန်လာချင်တဲ့ အလုပ်သမားတွေ ရှိနေသေးတာ၊ သွားရောက် အလုပ်လုပ်ကိုင်မယ့် အလုပ်သမားတွေရဲ့ လုံခြုံရေးကို အေဂျင်စီတွေက အာမခံချက် အပြည့်အ၀ မပေးနိုင်သေးတာတွေကြောင့် လတ်တလော မလေးရှားကို အလုပ်သမားတွေ စေလွှတ်ဖို့ ခွင့်မပြုနိုင်သေးဘူးလို့ ဇူလိုင် ၁၃ ရက်က ရန်ကင်းမြို့နယ် အလုပ်သမား သင်တန်းကျောင်းမှာ မလေးရှားအလုပ်အကိုင် အေဂျင်စီ တာဝန်ခံတွေနဲ့ တွေ့ဆုံချိန်မှာ ပြောသွားတာပါ။
အလုပ်သမားအေဂျင်စီတွေကတော့ သူတို့အနေနဲ့ မလေးက ခေါ်စာတွေ လက်ခံထားပြီး အလုပ်သမား မပို့နိုင်ရင် လျော်ကြေးအများအပြား ပေးရမှာမို့ အလုပ်သမားပို့ခွင့်ပြုဖို့ တင်ပြတာကိုလည်း ဒုဝန်ကြီးက ပယ်ချခဲ့ပါတယ်။