ကချင်ပြည်နယ်နှင့် ဧရာဝတီတိုင်းရှိ ကိုဗစ်လူနာအတွေ့များသည့် နေရာတချို့ကို လော့ဒေါင်းချ
DVB
·
October 10, 2020
ကချင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းတို့မှာ ကိုဗစ်-၁၉ လူနာအတွေ့များတဲ့ နေရာတချို့ကို သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်း ကျန်းမာရေးဦးစီးဌာနက ဒီနေ့ကစပြီး လော့ဒေါင်းသတ်မှတ် အမိန့်ထုတ်လိုက်ပါတယ်။
ကချင်ပြည်နယ်က ဖားကန့်မြို့နယ် တောင်ပြိုမှော်ရွာကို အဝင်အထွက် ကန့်သတ်တဲ့နေရာအဖြစ် သတ်မှတ်ပြီး အဲဒီမှာ နေသူတွေ အပြင်မထွက်ရသလို အပြင်က လူတွေလည်း အဲဒီနေရာကို မဝင်ရပါဘူး။
ပြည်တွင်းကူးစက် အတည်ပြုလူနာများလာတာ၊ လူနာနဲ့ထိတွေ့သူတွေ များလာတာကြောင့် အခုလို သတ်မှတ်ကန့်သတ်လိုက်တာဖြစ်ပြီး အောက်တိုဘာ ၂ ရက်ကလည်း အမိန့်ထုတ်ခဲ့တာကြောင့် ဒါဟာ ဒုတိယအကြိမ် ထပ်ထုတ်တာပါ။
ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ စာရင်းတွေအရ အောက်တိုဘာ ၉ ရက်၊ မနေ့က ညနေ ၅ နာရီအထိ ကချင်ပြည်နယ်ထဲမှာ ပိုးတွေ့လူနာ ၅၄ ယောက်ရှိပြီး ဖားကန့်မှာ ၃၅ ယောက်တွေ့ထားပါတယ်။
လက်ရှိအချိန်ထိ အဖြေစောင့်ဆိုင်းဆဲကတော့ ၇၆၃ ယောက်ရှိပါတယ်။
ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနကတော့ မအူပင်မြို့၊ အမှတ် ၉ ရပ်ကွက်၊ ပြည်သာယာ ၂ လမ်း (လမ်းတို)၊ ပြည်သာယာ ၄ လမ်း၊ မြနန္ဒာ ၄ လမ်းကနေ ၈ ရပ်ကွက် မြနန္ဒာ ၄ လမ်းအထိ၊ အမှတ် ၅ ရပ်ကွက်၊ ၅×၇ လမ်းကြား (လမ်းတို)၊ ကဝက္ကင်း ၆ အိမ်စုက ၂၆ အိမ်၊ ထရော်ပေကုန်း ကျုံကျိုက်က ၂၄ အိမ်၊ ပလောင်ကြီးက ဦးလင်းလင်းထွန်းရဲ့ ငါးကန်ဧရိယာတို့ကို ကန့်သတ်လိုက်ပါတယ်။
ဒီမနက်အထိ ဧရာဝတီတိုင်းထဲမှာ ကိုဗစ်လူနာ ၄၄၄ ယောက်တွေ့ထားပြီး မအူပင်မြို့မှာ လူနာသစ် ၅ ယောက် ထပ်တွေ့ပါတယ်။ ဆေးရုံတွေမှာတော့ လူနာ ၂၂၆ ယောက်ကို ကုသနေဆဲ ဖြစ်ပါတယ်။
အသွားအလာ ကန့်သတ်လိုက်တဲ့နေရာမှာ နေထိုင်သူတွေဟာ စားသောက်ကုန်ပစ္စည်းတွေ ဝယ်ဖို့ဖြစ်ဖြစ်၊ အရေးပေါ်ကျန်းမာရေးကိစ္စအတွက်ဖြစ်ဖြစ် အသွားအလာကန့်သတ်နေရာက တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
လိုက်နာဖို့ပျက်ကွက်တယ်ဆိုရင် အရေးယူခံရမယ်လို့လည်း အမိန့်မှာ ဖော်ပြထားပါတယ်။