Home
မြန်မာသတင်း
ရန်ကုန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုနှုန်း မြင့်တက်
DVB
·
July 12, 2013
ရန်ကုန်မြို့မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကြောင့် ဆေးရုံတက်ရတဲ့ ကလေးအရေအတွက်ဟာ မနှစ်ကထက် ပိုများလာနေပါတယ်။ ၂၀၁၂ ခုနှစ်က ရန်ကုန်မှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးအရေအတွက် ၁၁၄၄ ဦးသာ ရှိပေမယ့် ဒီနှစ်ရဲ့ ပထမခြောက်လအတွင်းမှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့ ကလေးအရေအတွက် ၁၇၂၇ ဦး ရှိနေပါတယ်။ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ဒီနှစ် ဇန်နဝါရီကနေ ဇွန်လကုန်အထိ ၇ ဦးအထိ ရှိပြီး နိုင်ငံတကာနှုန်းနဲ့ဆိုရင် သေဆုံးမှု နည်းတယ်လို့ ရန်ကုန် ကလေးဆေးရုံက ဆေးရုံအုပ်ကြီး ဦးသန်းထိုက်က ဒီဗွီဘီကို ပြောပါတယ်။ “၂၀၁၁ ခုနှစ် ဆရာတို့ တနှစ်လုံးမှ ၅၀၀ ကျော်ပဲ ဖြစ်တာ။ ဘာကြောင့် များလာလည်း ဆိုလို့ရှိရင် သွေးလွန်တုတ်ကွေးဟာ ဒီလိုပဲ နည်းလိုက်များလိုက် ဖြစ်တတ်တယ်။ ၃ နှစ်လောက်မှာ တကြိမ် ပြန်တက်လာတယ်၊ ပြန်ကျသွားတယ်၊ ၃ နှစ်လောက်မှာ တကြိမ်၊ ၄ နှစ်လောက်မှာ တကြိမ်တကြိမ် တက်တတ်တဲ့ အလေ့ရှိတယ်။ နေရာဒေသအပေါ်မှာ မူတည်ပြီးတာ့ နိုင်ငံအပေါ်မှာ တက်လိုက်ကျလိုက်ရှိတယ်။” ရန်ကုန်က ကလေးဆေးရုံကြီးမှာ အခုလက်ရှိ သွေးလွန်တုပ်ကွေးရောဂါဖြစ်လို့ ဆေးရုံတက်နေရတဲ့ ကလေးငယ်တွေဟာ အသက် ၁၂ အောက်တွေဖြစ်ပါတယ်။ လက်ရှိ သွေးလွန်တုပ်ကွေးဖြစ်တဲ့ နေရာဒေသတွေကတော့ ရန်ကုန်မြို့ ပတ်ဝန်းကျင်ဖြစ်တဲ့ သန်လျင်၊ ရွှေပြည်သာ၊ သာကေတ၊ တိုက်ကြီး၊ မှောဘီ စတဲ့မြို့တွေ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးအဖြစ် များလာမှုဟာ ရန်ကုန်မြို့ရဲ့ လူနေမှုပတ်ဝန်းကျင် သန့်ရှင်းမှု အားနည်းတာတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာ သွေးလွန်တုပ်ကွေးရောဂါဟာ အခြေခံလူတန်းစား ကလေးငယ်တွေ ပိုအဖြစ်များပြီး လူကြီးပိုင်းတွေလည်း ပါဝင်လာနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024