Home
ဆောင်းပါး
Any Questions? ရှမ်းပြည်နယ် အစီအစဉ် ( ဒုတိယပိုင်း) 
DVB
·
October 9, 2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီတွေကို ပထမဆုံးအကြိမ် မဲပေးကြမယ့် First time voters လူငယ်တွေက သူတို့သိလိုသမျှတွေကို မေးမြန်းပြီး ပါတီတာဝန်ရှိတဲ့သူတွေက ပြန်လည် ဖြေကြားပေးမယ့် Any Questions? အစီအစဉ်ကို DVB TV ကနေ တင်ဆက်ပေးနေရာမှာ  ဒီတပတ်မှာ  ရှမ်းပြည်နယ် အစီအစဉ် ဒုတိယပိုင်းကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ ညောင်ရွှေကတော့ ပုဂံထက်တောင် မြို့တည်နှစ်စောတယ်လို့ ဆိုကြတယ်။ မိုင်းမော ကိုးပြည်ထောင်မှာပါတဲ့ မိုင်းဟောင်ဝေမြို့ဟောင်းနဲ့ အင်းလေးကန်တည်ရှိရာမြို့ပေါ့။ အိဿယကုန်းမြင့်ပေါ်မှာ ရွှေအဆင်းရှိတဲ့ ဗောဓိညောင်ပင်ပေါက်လို့ ညောင်ရွှေလို့ခေါ်ခဲ့တာ။ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတကြီး စဝ်ရွှေသိုက် နန်းစိုက်ခဲ့ရာဒေသဖြစ်လို့လည်း သမိုင်းမှာ ထင်ရှားခဲ့ပါတယ်။ ကလောမြို့ဟာ တချိန်က အလွန်လှတဲ့ တောင်လှေခါးမြို့အဖြစ် ထင်ရှားခဲ့တယ်။ ဒေသခံတွေက ကတ်လော့လို့ ခေါ်ကြတယ်။ ကတ်ဆိုတာဈေး၊ လော့ဆိုတာလှည်း။ နွားလှည်းတွေနဲ့ လာရောင်းတဲ့ဈေးပေါ့။ အခုထိ ရှမ်းတွေက ကလောကို ကတ်လော့လို့ ခေါ်နေကြဆဲပါ။ တချိန်က ဗမာဘုရင်တွေ ရှမ်းပြည်လာရင် နားခိုရာအရပ်လည်း ဖြစ်ခဲ့တယ်။ ပင်လုံကိုတော့ ရှမ်းလို ပန်လုံလို့အသံထွက်တယ်။ လွင်ပြင်ကျယ်ရှိရာ ဒေသပေါ့။ ၁၉၄၇ ခုနှစ်၊ ပင်လုံညီလာခံ ကျင်းပရာက ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ စော်ဘွား ၇ ဦး၊ လူထုကိုယ်စားလှယ် ၇ ဦးပါတဲ့ ရှမ်းပြည်နယ်ကောင်စီကို ဖွဲ့စည်းနိုင်ခဲ့တာကြောင့် အဲဒီနေ့ကို ရှမ်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့တယ်။ နောက်တော့ ရှမ်းပြည်နယ်နေ့ရယ်လို့ ပြောင်းလဲ သတ်မှတ်ခဲ့တာ။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပင်လုံစာချုပ်ကို လက်မှတ်ထိုးနိုင်ခဲ့တာကြောင့် ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ကြတယ်။ ပင်လုံညီလာခံ ကျင်းပရာဒေသတစ်ခု ဖြစ်ခဲ့လို့လည်း သမိုင်းဝင်မြို့လည်း ဖြစ်ခဲ့ရတာပေါ့။ ရှမ်းအရှေ့မှာပါတဲ့ ကျိုင်းတုံမြို့ကို ခေမာရဋ္ဌ တုံကပူရီလို့ ခေါ်တယ်။ တချိန်က ဂုဏ်ရှမ်းတို့ရဲ့မြို့တော်ပေါ့။ နောင်တုံကန်ကို အမှီပြုပြီး နောင်တုံလို့ခေါ်ရာက ကျိုင်းတုံဖြစ်လာခဲ့တာ။ ကျိုင်းတုံကို မြန်မာပဒေသရာဇ်တို့ အစဉ်အဆက်က အဝေးကင်းစခန်းမြို့အဖြစ် သတ်မှတ်ခဲ့ကြတယ်။ လှပပြီး ခမ်းနားထည်ဝါမှုမှာ ကျော်ကြားခဲ့တဲ့ ကျိုင်းတုံဟော်ကိုတော့ ၁၉၀၅ ခုနှစ် အိန္ဒိယ မဟာရာဂျာတို့ရဲ့ နန်းတော်အတိုင်းတည်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ၁၉၉၁ ခုနှစ်မှာတော့ စစ်ရုံးအမိန့်နဲ့ ဖြိုဖျက်ခြင်း ခံခဲ့ရတာဟာ သမိုင်းအမွေအနှစ်တစ်ခု ဆုံးရှုံးလိုက်ရတာပဲလို့ ဒေသခံတွေကြားမှာ ပြောစမှတ်တစ်ခုအဖြစ် ကျန်ခဲ့လေရဲ့။ ကျိုင်းတုံဟော်မှာ စော်ဘွား ၄၉ ပါး နန်းစိုက်ခဲ့ရုံမက စော်ဘွားတွေထဲမှာ တစ်ဦးတည်းသော မိန်းမစော်ဘွား စဝ်နန်းတစ်ထီလာဒေဝီ အုပ်ချုပ်ခဲ့ရာဒေသပေါ့။ အမျိုးသမီးဆိုပေမယ့် အလွန်ထက်မြက်သူ၊ သူရသတ္တိအပြည့်ရှိသူလို့ ဆိုကြတယ်။ မြန်မာ့သမိုင်းတလျှောက်မှာ ဗြိတိန်ဘုရင်မကြီး ဖိတ်ကြားခြင်း ခံရတဲ့ အမျိုးသမီးနှစ်ဦးထဲမှာ စဝ်နန်းတစ်ထီလာဒေဝီတစ်ယောက် အပါအဝင်ဖြစ်တယ်။ ဘောလုံးအားကစားကို မြန်မာနိုင်ငံထဲ သယ်ဆောင်လာခဲ့တဲ့ အင်္ဂလိပ်တပ်ဗိုလ် ဂျော့ချ်စကော့ (ရွှေရိုး) နဲ့ သူ့ရဲ့ စစ်တပ်ကို ဝိုင်းဝန်းပိတ်ဆို့ လုပ်ကြံခံရမယ့် အရေးကနေ ကယ်တင်ပေးခဲ့သူအဖြစ် အင်္ဂလိပ်ကိုလိုနီသမိုင်းမှာ မှတ်တမ်းတင်ခြင်း ခံရသူလည်း ဖြစ်တယ်။ ကိုယ်တိုင်တွေ့ဆုံခွင့်ရခဲ့သူ ကမ္ဘာကျော်စာရေးဆရာကြီး မောရစ်ကောလစ်က စဝ်နန်းတစ်ထီလာဒေဝီဟာ စိတ်အားထက်သန်ပြီး သွက်လက်တယ်၊ အားမာန်အပြည့်ရှိတယ်၊ အသက်ကြီးပေမယ့်လည်း စိတ်ဓာတ် ခိုင်ကြည်လွန်းတယ်၊ အရောင်တလက်လက် တောက်ပနေတဲ့ မျက်ဝန်းနဲ့ ရှုံ့တွဝင်းပနေတဲ့ မျက်နှာကို တွေ့လိုက်ရတော့ ပြင်သစ်ဒဿနပညာရှင် ဗော်လ်တဲယားရဲ့ ရုပ်ကို သတိရမိလိုက်တယ်။ မက်ခီယာဗယ်လီရဲ့ The Prince နဲ့ စဝ်နန်းတစ်ထီလာဒေဝီရဲ့ အယူအဆတို့ တူညီနေတာကို တွေ့ရတော့ အံ့သြခဲ့မိသေးတယ်။ အုပ်ချုပ်ရေးကျွမ်းကျင်သူ၊ သူ့ခေတ်မှာသူဟာ ပြိုင်ဘက်မရှိ ခြင်္သေ့လိုရဲရင့်သူ၊ သူ့ပြည်အတွင်းမှာတော့ သြဇာကြီးတဲ့ မုဆိုးမ မဟာဒေဝီတစ်ပါးပါပဲလို့ မောရစ်ကောလစ်က သူ့ရဲ့ Lords of The Sunset မှာ ရေးသားမှတ်တမ်းတင်ခဲ့ပါတယ်။ ဒီနေ့အစီအစဉ်မှာ ပါဝင်ဖြေကြားပေးဖို့ ဖိတ်ကြားထားသူတွေကတော့ ဓနုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီရဲ့ ပါတီဗဟိုဥက္ကဋ္ဌ ဦးခင်မောင်ချို ၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပ.အ.မ.ဖ) ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ခွန်စိုးမြင့်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ၁ စိုင်းကျော်ညွန့် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင် ကိုယ်စားလှယ် ဒေါ်ဝင်းဝင်းနွယ်တို့ ဖြစ်ပါတယ်။ ကျမတို့အစီအစဉ်မှာ ပါဝင်မေးမြန်းချင်တဲ့ လူငယ်တွေကို ကြိုတင်ရယူထားတဲ့ ဗီဒီယိုဖိုင်တွေလည်း ရှိပါတယ်။ ပထမဦးဆုံး ဗီဒီယိုဖိုင်ကတော့ ချစ်စံဝင်းပါ။ သူဘာတွေမေးထားလဲ ကြည့်လိုက်ရအောင်ပါရှင်။ မေး။     ။ မင်္ဂလာပါဗျာ၊ ကျနော့်နာမည်ကတော့ မောင်ချစ်စံဝင်းဖြစ်ပါတယ်။ အသက်ကတော့ ၂၁ ထဲ ဝင်နေပါပြီ။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ နေထိုင်ပါတယ်ခင်ဗျာ။ အခု ပထမဆုံးမဲပေးမယ့် လူတစ်ယောက်ပါခင်ဗျာ။ NLD ပါတီကို တစ်ခုလောက် မေးချင်ပါတယ်ခင်ဗျာ။ အခု လူငယ်တွေရဲ့ အလုပ်အကိုင်၊ စီးပွားရေး၊ ပညာရေးတွေကို ဘယ်လိုလုပ်ပေးချင်လဲဗျာ။ တကယ်လို့ NLD ပါတီ ရမယ်ဆိုရင်တော့ ရှမ်းပြည်နယ်မှာရှိတဲ့ လူတွေအားလုံး အလုပ်အကိုင်၊ စီးပွားရေး၊ ကလေးတွေအတွက် ပညာရေးတွေကို ဘယ်လိုများလုပ်ပေးချင်ပါသလဲခင်ဗျာ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါ။ သူကတော့ NLD ပါတီကို မေးထားတဲ့အတွက် ပြန်လည်ဖြေကြားပေးပါဦးရှင့်။ ဖြေ။     ။ ဒီအလုပ်အကိုင်အခွင့်အလမ်းကလေ၊ ရှမ်းပြည်နယ်မှာ ဒီကလေးမေးသလိုမျိုးပဲ တကယ်လည်း အရမ်းကိုလိုအပ်နေတဲ့ အရာတစ်ခုပါ။ ကျမတို့ဒီရှမ်းပြည်နယ်လေးက နယ်စပ်မြို့တွေတအားများတဲ့ အတွက်၊ ထွက်ပေါက်တွေများတဲ့အတွက် ဝင်ငွေနဲ့ ထွက်ငွေနဲ့ မမျှဘူး၊ နောက်ပြီး လုပ်အားခရရှိမှု နည်းပါးတဲ့အတွက် သူတို့ဟာ ယိုးဒယားဘက်တွေ၊ မြဝတီတွေဘက်ကို သွားပြီးတော့ လုပ်ကိုင်ကြရပါတယ်။ ဒီအထဲမှာ မြေယာလုပ်ငန်းပိုင်းတွေမှာလည်း သူတို့က မိရိုးဖလာ လုပ်ငန်းတွေမှာလည်း မြေပြဿနာဘက်မှာ ရင်ဆိုင်အခက်အခဲတွေ တွေ့ရပြီးတော့ ဘယ်လိုမှ သူတို့က ဒီစိုက်ပျိုးရေးလုပ်ငန်းတွေကိုလည်း လုပ်ကိုင်ခွင့်တွေက အခွင့်အလမ်းတွေ အရမ်း နည်းပါးလာပါတယ်။ ဒီလိုမျိုး စိုက်ပျိုးရေး ထုတ်ကုန်တွေ နည်းပါးလာတဲ့အခါမှာ လူငယ်တွေဟာ လုပ်ငန်းတွေလုပ်ဖို့ အခွင့်အလမ်းတွေ အရမ်းနည်းပါးလာတယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျမတို့က အသက်မွေးပညာအနေနဲ့ ပေါ့နော်၊ ဥပမာ - ဆိုင်ကယ်ပြင်တဲ့သင်တန်းလေးတွေ အခမဲ့ သင်ကြားပေးခြင်းတွေ၊ နောက်တစ်ခါ အခု နိုင်ငံတော်အစိုးရကနေ ချမှတ်နေတဲ့ လက်ဖက်ရည်ဆိုင်လည်း လက်ဖက်ရည်ဆိုင်အလျောက်၊ ဆိုင်ကယ်ပြင်ဆိုင်လည်း ဆိုင်ကယ်ပြင်ဆိုင်အလျောက် အတတ်ပညာ တစ်ခုရှိတဲ့အခါမှာ ဒီအတတ်ပညာကို ပံ့ပိုးတဲ့အနေနဲ့ အစိုးရကနေပြီးတော့မှ တရားဝင် အတိုးနှုန်း သက်သာစွာနဲ့ ငွေတွေကို ချေးပေးနေတယ်။ ဒီ့အပြင် တခြားအတတ်ပညာတွေကို သူတို့အနေနဲ့ တတ်ချင်ပါသေးတယ်။ ကျမတို့ နိုင်ငံတော် မူဝါဒဘောင်ထဲကနေ ချမှတ်ထားတဲ့ ပညာပိုင်းတွေ ရှိပါတယ်။ မကြာခဏလည်း စက်မှုဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့မှ အိမ်တွင်းမှုလုပ်ငန်းတွေ၊ နောက်တစ်ခါ ဆိုင်ကယ်ပြင်တဲ့ သင်တန်းတွေ၊ နောက်တစ်ခါ ချက်ပြုတ်မှုကိစ္စတွေ၊ နောက် အလှပန်းထိုးပညာတွေ၊ ကျမတို့ဒီလိုမျိုး အလျဉ်းသင့်သလိုပေါ့နော်၊ ဒီပညာရပ်တွေကို သင်ကြားပေးနေပါတယ်။ ဟုတ်ကဲ့ပါရှင့်။ နောက်ထပ် ဗီဒီယိုဖိုင်တစ်ခုလည်း ရှိပါသေးတယ်။ သူကတော့ ခန့်လင်းထက်ပါ။ အဲဒီတော့ သူဘာတွေမေးထားလဲ ကျမတို့ ထပ်ပြီးတော့ ကြည့်လိုက်ရအောင်ပါရှင်။ မေး။     ။ မင်္ဂလာပါ။ ကျနော့်နာမည်ကတော့ ခန့်လင်းထက်ပါ။ အသက်ကတော့ ၂၂ ထဲမှာပါ။ ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ ကျနော်ကတော့ ပထမဆုံးအကြိမ် မဲပေးခွင့်ရခဲ့တာပေါ့။ ဒီပါတီတွေကို ကျနော့်အနေနဲ့ တကယ်လို့များ မေးခွန်းထုတ်ခွင့်ရခဲ့မယ်ဆိုရင် ကျားခေါင်းပါတီကို မေးခွန်းထုတ်ချင်ပါတယ်။ ဒီလိုမျိုး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာတွေကို အကုန်လုံးကို ချက်ချင်းမလုပ်နိုင်ရင်တောင်မှ အကုန်လုံးနီးပါးကို ပြုပြင်ပေးနိုင်မလားပေါ့။ နောက်ပြီးတော့ ပြည်သူတွေရဲ့ ဆန္ဒနဲ့ တထပ်တည်းကျအောင် လုပ်ပေးနိုင်မလား။ အဲဒါကိုတော့ မေးချင်ပါတယ်၊ အဓိကထားပြီးတော့။ ဟုတ်ကဲ့ပါ။ သူကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကို မေးထားတဲ့အတွက် ပြန်လည်ဖြေကြားပေးပါဦးရှင့်။ ဖြေ။     ။ ကျနော်တို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရများဖြစ်ခဲ့ရင်ပေါ့ဗျာ၊ ကျနော်တို့ကတော့ အားလုံးလည်းသိပါတယ်၊ ဒီ လမ်းပန်းဆက်သွယ်ရေးဆိုတာ တကယ့် ဒေသတစ်ခု၊ ပြည်နယ်တစ်ခု၊ တိုင်းပြည်တစ်ခုရဲ့ အသက်ပဲဖြစ်တယ်။ ဆိုတော့ကာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှပဲ ကျနော်တို့ တောင်ပေါ်ဒေသတွေမှာ ကျနော်တို့ရဲ့ ရှမ်းပြည်မှာရှိတဲ့ ရှမ်းကုန်းပြင်မြင့်တွေ၊ ရှမ်းလွင်ပြင်တွေမှာ စိုက်ပျိုးနေတဲ့ လယ်ယာတွေရှိတယ်၊ တောင်ယာတွေရှိတယ်၊ သီးနှံမျိုးစုံရှိတယ်။ အဲဒါတွေကို ဈေးကွက်ထဲကို လျင်လျင်မြန်မြန်နဲ့ သွားနိုင်မှာ ဖြစ်ပါတယ်။ ဆိုတော့ကာ၊ ကျနော်တို့အနေနဲ့ကတော့ အစိုးရဖြစ်ခဲ့တယ်ဆိုရင် ပြည်ထောင်စုအစိုးရမှာကော၊ ရှမ်းပြည်နယ် အစိုးရမှာကော ကျနော်တို့ပါဝင်ခဲ့ရမယ်ဆိုရင်၊ ဒါမှမဟုတ် ဦးဆောင်ခဲ့ရမယ်ဆိုရင် ကျနော်တို့ကတော့ ဒီလမ်းပန်းဆက်သွယ်ရေးဟာ အင်မတန်အရေးကြီးတဲ့ အပိုင်းတစ်ခုအနေနဲ့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဟုတ်ကဲ့ပါရှင်။ အခုလိုမျိုး ပြန်လည်ဖြေကြားပေးသွားတဲ့ ပါတီကကိုယ်စားလှယ်တွေကိုရော၊ ဗီဒီယိုကနေ မေးမြန်းပေးတဲ့ မောင်လေးတွေ၊ ညီမလေးတွေကိုရော အားလုံး ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ မင်္ဂလာပါ။ မိုင်ဆွန်ခ။ ကျနော်ကတော့ ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ရဲ့ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ဖြစ်ပါတယ်။ ကျနော်တို့ လူငယ်တွေကို မေတ္တာရပ်ခံပန်ကြားလိုတာကတော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အသက် ၁၈ နှစ်ပြည့်တဲ့ လူငယ်တွေက လာရောက်ပြီးတော့ မဲပေးဖို့ ကျနော် မေတ္တာရပ်ခံချင်ပါတယ်။ အခု ကျနော်တို့ ကြားနေရတာက No Vote, No Vote ဆိုပြီးတော့ ကျနော်တို့ ကြားနေရပါတယ်။ ဒါပေမယ့် ကျနော် မေတ္တာရပ်ခံချင်တာကတော့ Go Vote, Go Vote ပဲ ကျနော်တို့က မေတ္တာရပ်ခံချင်ပါတယ်။ ဒါ ကျနော်တို့ လူငယ်ဆိုတာ လာမယ့်အနာဂတ်ရဲ့ ခေါင်းဆောင်ပဲဖြစ်ပါတယ်။ အဲဒီတော့ကာ အခုမှ ကျနော်တို့ ဒီမိုကရေစီစနစ်ဆိုတာ ပြန်လည်ဖွံ့ဖြိုးလာတာ ၁၀ နှစ်ကျော်ကျော်လေးပဲ ရှိပါသေးတယ်။ အဲဒီတော့ လူငယ်တွေဟာ ကိုယ်ရရှိတဲ့အခွင့်အရေး၊ အသက် ၁၈ နှစ်ပြည့် မဲပေးရမယ့် အခွင့်အရေးဟာ လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာဖြစ်ပါတယ်။ အဲဒီတော့ကာ၊ လူငယ်များအားလုံး၊ အမျိုးသမီး၊ အမျိုးသား လူငယ်များအားလုံး အဲဒီနေ့အဲဒီရက်မှာ ထွက်လာပြီးတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ ပါတီကို လွတ်လွတ်လပ်လပ် လာမဲပေးကြပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒီရွေးကောက်ပွဲဆိုတာက အစိုးရအသစ်ကို ရှာဖွေခြင်းပဲ ဖြစ်ပါတယ်။ အစိုးရသစ် ဖြစ်ပေါ်လာဖို့က လူငယ်တွေရဲ့ အခန်းကဏ္ဍက အင်မတန်မှ အရေးကြီးပါတယ်။ လူငယ်များအားလုံး သူများပြောတဲ့၊ ဘေးကပြောတဲ့ စကားတွေကို နားမယောင်ဘဲနဲ့ ထွက်လာပြီးတော့ မဲပေးကြပါ။ အဲဒါမှသာလျှင် ကျနော်တို့က ကိုယ်ကြိုက်နှစ်သက်တဲ့ ပါတီ၊ ကိုယ်လိုလားတဲ့အစိုးရ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က မဲမပေးမိဘူးဆိုလို့ရှိရင် အများကြီး ကျနော်တို့ ကိုယ့်ရဲ့အခွင့်အရေး နစ်နာဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ကာ ကျနော်တို့ မေတ္တာရပ်ခံချင်တာက လာမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့ကျလို့ရှိရင် လူငယ်များအားလုံး တွေဝေမှုမရှိဘဲနဲ့ ထွက်လာပြီးတော့ ကျနော်တို့ ကြိုက်နှစ်သက်တဲ့ ပါတီကို လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် မဲပေးကြပါလို့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။ အားလုံးကျန်းမာချမ်းသာကြပါစေ၊ လိုအင်ဆန္ဒပြည့်ဝကြပါစေ၊ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါ။ အခု အားလုံးပဲ ကြားခဲ့လိုက်ရတာကတော့ ရှမ်းအမျိုးသားများ ဒီမိုကရက်တစ်ပါတီရဲ့ ပါတီ မိတ်ဆက်စကားပဲ ဖြစ်ပါတယ်။ ကျမတို့ ဒီနေ့အစီအစဉ်ကတော့ အားလုံး သိကြတဲ့အတိုင်းပဲပေါ့နော်။ First Time voters လူငယ်တွေရဲ့ မဲပေးမယ့် အခြေအနေတွေ ပါတီတွေကို မေးမြန်းတဲ့အကြောင်းအရာဆိုတော့ ကျမတို့ ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာပေါ့နော် First Time voters တွေရဲ့ အချက်အလက်နဲ့ ပတ်သက်ပြီးတော့ ဘာတွေ ရှိလဲပေါ့။ အဲဒါ မနွယ်နီဆီမှာကော ဘာတွေရှိလဲ။ လူငယ်တွေနဲ့ ပတ်သက်တဲ့ အချက်အလက်။ ဟုတ်ကဲ့ပါရှင်။ ကျမတို့ခုနက ရုပ်သံမှတ်တမ်း ပြောပြသွားသလိုပဲ ရှမ်းပြည်နယ်က တိုင်းနဲ့ပြည်နယ် အားလုံးထဲမှာ နယ်နိမိတ်အကျယ်ဆုံး နေရာတစ်ခုပေါ့နော်။ အဲဒီတော့ ခရီးသွားလာလို့ ကောင်းတဲ့ နေရာတစ်ခုပေါ့။ ညောင်ရွှေတို့၊ အင်းလေးတို့ဘာတို့လည်း ရှိတယ်ဆိုတော့။ လူဦးရေကလည်း ၆ သန်းကျော် ရှိပါတယ်ရှင့်။ ၂၀၂၀ ရွေးကောက်ပွဲ အချက်အလက်တွေကို ကျမ ပြောပြပေးချင်ပါတယ်။ ပထမဦးဆုံးကတော့ ရှမ်းပြည်နယ်မှာဆိုရင် မဲပေးခွင့်ရှိတဲ့သူက ၃၅ သိန်းရှိတယ်။ ပထမဦးဆုံးအကြိမ် မဲပေးမယ့်သူကတော့ ၅ သိန်းခန့်ရှိတယ်။ မသန်စွမ်းမဲဆန္ဒရှင်ကတော့ ၅၀၀၀ ခန့်ရှိတယ်။ ရှမ်းပြည်နယ်မှာဆိုရင် မဲရုံပေါင်းက ၃၆၀၀ ရှိပါတယ်။ ဟုတ်ကဲ့ပါ။ ကျမတို့ဒီ Any Questions? ကနေပြီးတော့ စစ်တမ်းကောက်ခဲ့တာ ရှိတယ်။ ဒီစစ်တမ်းတွေကတော့ အွန်လိုင်းကနေပဲ ဖြေဆိုထားကြတဲ့ စစ်တမ်းတွေပါ။ စစ်တမ်းကောက်တဲ့အထဲမှာ ဆိုရင် အမျိုးသားက ၄၉ ရာခိုင်နှုန်း ဖြေဆိုထားတာကိုတွေ့ရတယ်။ အမျိုးသမီးကတော့ ၄၄ ရာခိုင်နှုန်း ဖြေဆိုထားတယ်။ လိင်မဖော်ပြတဲ့သူကတော့ ၇ ရာခိုင်နှုန်း ဖြေဆိုထားတာကို တွေ့ရပါတယ်။ ကျမတို့ အသက်အုပ်စုကြည့်မယ်ဆိုရင် အသက် ၁၆ ကနေ ၂၅ နှစ်အတွင်းက ၉၃ ရာခိုင်နှုန်း ဖြေဆိုထားတာကို တွေ့ရတယ်။ ၂၅ နှစ်ကနေ ၃၅ နှစ်အတွင်းကတော့ ၇ ရာခိုင်နှုန်း ဖြေဆိုထားတာကို တွေ့ရပါတယ်။ ဒီထဲမှာ ပထမဦးဆုံးအကြိမ် မဲပေးမယ့် လူငယ်တွေ ဘယ်လောက်ဖြေဆိုထားလဲ ကျမတို့ ကြည့်လိုက်ရအောင်ပါ။ ၉၆ ရာခိုင်နှုန်းဖြေဆိုထားတာကို တွေ့ရပါတယ်။ နောက်ပြီးတော့ မသန်စွမ်းပါဝင်ဖြေဆိုမှုပေါ့နော်။ မသန်စွမ်းကတော့ အွန်လိုင်းကနေ ဖြေဆိုးထားတဲ့လူငယ်တွေရဲ့ ၉ ရာခိုင်နှုန်းက မသန်စွမ်း ဖြေဆိုထားကြ တာပေါ့နော်။ အဲဒီမသန်စွမ်းထဲမှာမှ ခန္ဒာကို မသန်စွမ်းက ၅၀ ရာခိုင်နှုန်း၊ အကြားအာရုံမသန်စွမ်းက ၂၅ ရာခိုင်နှုန်း၊ အမြင်အာရုံမသန်စွမ်းက ၂၅ ရာခိုင်နှုန်း ဖြေဆိုထားကြပါတယ်။ နောက်ပြီးတော့ ရှမ်းပြည်နယ်မှာဆိုရင် ကျမတို့ လူမျိုးအုပ်စုတွေ အများကြီးရှိတယ်။ ပအိုဝ်းတို့၊ ဓနုတို့ပေါ့။ ဒါကျတော့ ရှမ်းလူမျိုးဆိုတာကတော့ ပအိုဝ်းတို့ ဓနုတိ့ကို ပေါင်းထားတာပါ။ သူတို့ဖြေဆိုထားတာကတော့ ၈၇ ရာခိုင်နှုန်း ဖြေဆိုထားကြတယ်။ ဗမာလူမျိုးကတော့ ၁၁ ရာခိုင်နှုန်း ဖြေဆိုထားတယ်၊ ကချင်လူမျိုးကတော့ ၂ ရာခိုင်နှုန်း ဖြေဆိုထားတာကို တွေ့ရပါတယ်။ ဒါကတော့ ရှမ်းပြည်နယ်နဲ့ ပတ်သက်ပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲ အချက်အလက်တွေကို ပြောပြပေးသွားတာ ဖြစ်ပါတယ် မနေရီရီ။ ဟုတ်ကဲ့ မနွယ်နီရေ၊ ကျေးဇူးပါနော်။ ဒါကတော့ ၂၀၂၀ မှာ မဲပေးကြမယ့် လူငယ်တွေ၊ ပြီးတော့ ကျမတို့ရဲ့ အစီအစဉ်မှာ စစ်တမ်းလာဖြေကြတဲ့ လူငယ်တွေရဲ့ အခြေအနေကို အချက်အလက် ယူထားတာပေါ့နော်။ အခု ဆက်လက်ပြီးတော့ စစ်တမ်းဖြေဆိုသူတွေထဲကပဲ မေးခွန်းမေးဖို့အတွက် အွန်လိုင်းပေါ်မှာ ရောက်နေကြတဲ့ လူငယ်တွေလည်း ရှိတယ်ပေါ့။ အဲဒီတော့ ညီမလေး ဝင်းလဲ့လဲ့လွန်းကို မေးခွန်းမေးဖို့ ဖိတ်ချင်ပါတယ်။ မေး။     ။ (ဝင်းလဲ့လဲ့လွန်းပါရှင်။ တောင်ကြီးကပါ)။ ဟုတ်ကဲ့ ကျမကတော့ ဝင်းလဲ့လဲ့လွန်းရဲ့ မိခင် ဒေါ်နန်းစန္ဒာအေးပါရှင်။ သမီးရဲ့ စကားပြောစွမ်းရည် အခက်အခဲလေးကြောင့်မို့လို့ ကျမ သမီးအစား မေးခွန်းလေးတစ်ခု မေးချင်ပါတယ်။ မေးခွန်းလေးကတော့ သမီးတို့လို မသန်စွမ်း ကလေးတွေအတွက် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ဘယ်လိုဟာတွေ အကောင်အထည် ဖော်ပေးဖို့အတွက် ရေးဆွဲထားတဲ့အချက်ကလေးတွေများ ရှိသလားလို့ သိချင်တာပါ။ ဥပမာ - သမီးတို့က မသန်စွမ်းလေးတွေဆိုရင်၊ ရန်ကုန်မှာဆိုရင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း ဆိုတာမျိုးလေး ရှိပါတယ်။ ရှမ်းပြည်နယ်မှာဆိုရင် တောင်ကြီးမြို့ပေါ်မှာတောင် အစိုးရက လုပ်ပေးထားတဲ့ ကျောင်းမရှိပါဘူး။ ပုဂ္ဂလိကကျောင်းတွေပဲ ရှိပါတယ်။ သမီးငယ်ငယ်တုန်းကဆိုရင် ကျမတို့ အရမ်းအခက်အခဲဖြစ်ခဲ့တယ်။ အခုကတော့ နည်းနည်းကြီးသွားပြီဆိုတော့ ကျမဘာသာ သူ့ကို အသက်မွေး ပညာလေးတွေ သင်ပေးနေပါတယ်။ အဲဒီလိုကျောင်းမျိုး မရှိတဲ့အတွက်ကြောင့်မို့လို့ ဒီပါတီတွေ အနေနဲ့ မသန်စွမ်းကလေးတွေအတွက် ဘယ်လိုဟာလေးတွေ လုပ်ပေးမယ်၊ ဘယ်လိုအခွင့်အရေးလေးတွေ လုပ်ပေးမယ်၊ ကျောင်းလေးတွေပေါ့၊ ဒါမျိုးလေးတွေ လုပ်ဖို့အတွက် ရေးဆွဲထားတဲ့ စီမံကိန်းတွေများ ရှိသလား ဆိုတာကို ကျမက သိချင်ပါတယ်။ ဟုတ်ကဲ့ပါအန်တီ။ အန်တီ့အနေနဲ့ ဘယ်ပါတီကို မေးချင်တာမျိုးရှိလဲရှင့်။ မေး။     ။ ကျမကတော့ ဖြစ်နိုင်မယ်ဆိုရင် အကုန်လုံးကို ဖြေစေချင်ပါတယ်။ အချိန်အခက်အခဲလေး ရှိတယ်ဆိုရင်တော့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖြေစေချင်ပါတယ်ရှင့်။ ဟုတ်ကဲ့ပါ။ ကျေးဇူးပါ။ ဆရာစိုင်းကျော်ညွန့် ကြားလားရှင့်။ ဖြေ။     ။ ဟုတ်ကဲ့။ မသန်စွမ်းပေါ့ဗျာ။ တကယ်တမ်းကျတော့ ကျနော်တို့ ဘယ်လိုခေါ်လဲဆိုတော့ အခြားနည်းနဲ့သန်စွမ်းတယ်လို့ ကျနော်တို့က သုံးပါတယ်။ အဲဒီတော့ ဒီ အခြားနည်းနဲ့ သန်စွမ်းတဲ့ လူတွေအတွက်ကတော့ ကျနော်တို့ ရေးဆွဲတဲ့ ပေါ်လစီထဲမှာတော့ ပါပါတယ်ဗျ။ တကယ်လို့ သူ့မှာတော့ မိစုံ ဖစုံတယ်၊ ပံ့ပိုးနိုင်တဲ့မိဘတွေ ရှိတယ်ဆိုရင်တော့ ဒါက ပုံစံတစ်မျိုးပေါ့။ ပံ့ပိုးပေးမယ့်သူ မရှိဘူးဆိုရင် တမျိုးစဉ်းစားပေးရမှာပေါ့။ သဘောအားဖြင့် အခြေခံ လိုအပ်ချက်ဆိုတာ ရှိပါတယ်။ အစားအစာက အင်မတန် အခြေခံကျတဲ့ အပိုင်းပေါ့လေ။ မရှိမဖြစ်။ နောက်ပြီးတော့ သောက်သုံးရေကိစ္စတွေ ရှိမယ်။ နောက်ဆုံး အနည်းဆုံးတော့ အခြေခံတာ နေထိုင်ရမယ့် အိမ်တွေရှိမယ်။ သင့်တင့်လျှောက်ပတ်တဲ့ အဝတ်အထည်တွေ၊ မရှိမဖြစ်တဲ့ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုတွေ၊ သန့်ရှင်းတဲ့ရေပါအဝင်ပေါ့ဗျာ။ အဲဒီလိုမျိုး အခြေခံတွေကို ဖြည့်ဆည်းပေးရမယ့်အပြင်၊ နောက်ပြီးတော့ ကျန်းမာရေးအပိုင်းပါမယ်။ နောက် ပညာရေးပေါ့ဗျာ။ ပညာရေးဆိုတဲ့နေရာမှာလည်း မကြားတဲ့သူဆိုရင် ဘယ်လိုပုံစံနဲ့ သင်မလဲပေါ့။ ကြားတဲ့သူတွေ ဆိုရင်တော့ဖြင့်၊ အမြင်အာရုံအားနည်းတဲ့သူတွေ ဆိုရင် ဘယ်လိုပုံစံလုပ်မယ်ဆိုတဲ့ ဟာကအစ ကျနော်တို့ စဉ်းစားတဲ့ စဉ်းစားချက်တွေတော့ ရှိပါတယ်။ တကယ်လို့ ကျနော်တို့ အစိုးရအတွင်းမှာ ပါဝင်ခွင့်ရှိခဲ့မယ်ဆိုရင်တော့ ကျနော်တို့ ဦးစားပေးပြီးတော့ လုပ်ဆောင်သွားမယ့်အပိုင်းပဲ ဖြစ်ပါတယ်။ ဟုတ်ကဲ့ပါရှင့်။ ကျေးဇူးတင်ပါတယ်။ အခု မေးပေးသွားတဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်။ ဆရာတို့ကိုလည်း ကျေးဇူးတင်တယ်ပေါ့နော်။ အခု နောက်တစ်ယောက် မေးဖို့လည်း ရှိပါတယ်။ သူကတော့ နန်းခမ်းမွန်ပါ။ မေး။     ။ မင်္ဂလာပါ။ ကျမအနေနဲ့ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကို မေးချင်တဲ့ မေးခွန်းကတော့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင် ဦးဆောင်မှုအခန်းကဏ္ဍနဲ့ အရေးကြီးသော ဆုံးဖြတ်ချက်တွေမှာ အမျိုးသမီးတွေ ပါဝင်မှုမရှိသလောက် နည်းပါးနေတဲ့အပေါ်မှာ ဘယ်လိုဆောင်ရွက်ပေးသွားမလဲ ဆိုတာကို သိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ သူကတော့ ပြည်ထောင်စု ပအိုဝ်းပါတီကို မေးထားတယ်ပေါ့။ ဆရာ၊ ဖြေပေးပါဦး။ ဖြေ။     ။ ဟုတ်ကဲ့ပါ။ ကျနော်တို့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့မှ ကြိုတင်ပြင်ဆင်ထားတဲ့ ပလန်တွေ ရှိတယ်ပေါ့လေ။ ကျနော်တို့ ရှမ်းပြည်နယ်လွှတ်တော်မှာ ရောက်သွားမယ်ဆိုရင်တော့ ကျနော်တို့ ဦးတည်ထားတာက ရှမ်းပြည်နယ်လွှတ်တော်မှာ ကနေ့အရေးကြီးတာက လူငယ်စင်တာလိုမျိုးပေါ့။ ရှမ်းပြည်နယ်လွှတ်တော်မှာ လူငယ်နဲ့ လွှတ်တော်ကို တိုက်ရိုက်ဆက်ဆံနိုင်တဲ့ ချယ်နယ်လေးတစ်ခု လိုအပ်နေတယ်။ နောက်တစ်ခုက ရှမ်းပြည်နယ် လွှတ်တော်မှာက အမျိုးသမီးနဲ့ လွှတ်တော် တိုက်ရိုက်ဆက်သွယ်နိုင်မယ့် ချယ်နယ်လေးတစ်ခုကို တရားဝင်ဆောင်ရွက်သွားဖို့ လိုအပ်တယ်ပေါ့လေ။ အကယ်၍ ကျနော်တို့ ၂၀၂၀ မှာ နိုင်မယ်ဆိုရင်တော့ ခုနပြောတဲ့ ကိစ္စရပ်နှစ်ခုကိုတော့ ဦးတည်ဆောင်ရွက်သွားဖို့ရှိတယ်ပေါ့။ နောက်တစ်ခုက အဓိက အမျိုးသမီးတွေက နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ များများ ပါလာနိုင်ဖို့ဆိုလို့ရှိရင် ကျနော်တိုက်တွန်းအားပေးချင်တာကတော့ ဒေသတွင်းမှာ ဦးစီးဦးဆောင်ပြုနေတဲ့ စီအက်စ်အိုတွေ၊ အန်ဂျီအိုတွေရဲ့ အခန်းကဏ္ဍက တော်တော်လေး အရေးကြီးတယ်။ အဲဒီတော့ အမျိုးသမီးတွေ ဦးဆောင်မှု စွမ်းရည်တွေ တက်လာဖို့အတွက် ဆိုရင် သူတို့ရဲ့ Capacity Building လို့ ခေါ်တဲ့ စွမ်းဆောင်ရည်တည်ဆောက်မှုအပိုင်းက ကျနော်တို့ ကြည့်လိုက်မယ်ဆိုရင် ပြီးခဲ့တဲ့အတိတ်ကာလကို ကြည့်လိုက်မယ်ဆိုရင် အစိုးရအနေနဲ့ကော၊ ပြည်နယ်အစိုးရ အနေနဲ့ကော၊ ပြည်ထောင်စု အစိုးရအနေနဲ့ကော ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်တာ သိပ်မရှိဘူး။ အဓိက ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်တယ် ဆိုလို့ရှိရင် ဒေသတွင်း အန်ဂျီအိုတွေနဲ့ စီအက်စ်အိုတွေပဲ ဖြစ်တယ်။ အဲဒီတော့ အနာဂတ်မှာဆိုရင် ဒီစီအက်စ်အိုတွေ၊ အန်ဂျီအိုတွေရဲ့ အခန်းကဏ္ဍက တော်တော်လေးကို ကျနော်တို့ တိုင်းပြည်တည်ဆောက်ရေးမှာ အရေးကြီးတဲ့ မဏ္ဍိုင်ကြီး တစ်ခုလိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ ၂၀၂၀ အလွန်မှာက ရှမ်းပြည်နယ်လွှတ်တော်မှာ ခုနကပြောတဲ့ လူငယ်တွေပဲ ဖြစ်ဖြစ်၊ အမျိုးသမီးတွေပဲဖြစ်ဖြစ် ရှမ်းပြည်နယ်လွှတ်တော်အတွင်း တိုက်ရိုက် ပူးတွဲ ဆက်ဆံလို့ရတဲ့ ချယ်နယ်တွေ၊ ပြီးတော့မှ ရှမ်းပြည်နယ်အစိုးရတွေနဲ့ ပူးတွဲဆောင်ရွက်လို့ ရနိုင်တဲ့ လုပ်ငန်းမျိုးတွေကို ကျနော်တို့ စီစဉ်ဆောင်ရွက်ဖို့ လိုအပ်တယ်။ ဒါကြောင့်မို့လို့ ၂၀၂၀ မှာ ကျနော်တို့က ရှမ်းပြည်နယ်လွှတ်တော်မှာ ဘယ်နှနေရာပဲနိုင်နိုင် ဒီကိစ္စကတော့ အင်မတန်မှအရေးကြီးတဲ့ အတွက်ကြောင့်မို့လို့ ဆောင်ရွက်ရမယ့် ဦးစားပေးလုပ်ငန်းထဲမှာ ကျနော်တို့ ထည့်ထားပါတယ် ဆိုတဲ့ဟာကို ဖြေကြားချင်ပါတယ်။ ဟုတ်ကဲ့ပါရှင့်။ ကျေးဇူးတင်ပါတယ်။ အဲဒီတော့ ခုနက မေးခွန်းမေးပေးသွားတဲ့ ညီမလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အထူးသဖြင့်ကတော့ ညီမလေး ဝင်းလဲ့လဲ့လွန်းရဲ့ မိခင်ပေါ့နော်၊ အန်တီဒေါ်နန်းစန္ဒာအေးကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို အခြေအနေတွေမှာ ဒီလို မသန်စွမ်းတဲ့သူတွေကလည်း ဒီလိုမဲပေးခွင့်ရှိတယ်၊ တခြားသူတွေကိုလည်း အသိပညာရစေတယ်၊ ပြီးတော့ ဒီဘက်က ပါတီဘက်ကလူတွေကိုလည်း ဒီလိုလူမျိုးတွေ ရှိနေပါသေးတယ်၊ မဲပေးဖို့ သူတို့မှာ အခက်အခဲတွေ ရှိနေသေးတယ်ဆိုတာကိုလည်း သိရအောင် ပြောပေးတဲ့အတွက်၊ ပူးပေါင်းပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။ ဟုတ်ကဲ့၊ ဒီဘက်ကဆရာတို့ကိုလည်း ကျေးဇူးတင်ပါတယ်နော်။ ကျမတို့ နောက်တစ်ယောက်ကတော့ မြတ်သုခကျော်၊ ညီမလေး။ ဟုတ်ကဲ့ ညီမလေး မိုက်လေးဖွင့်ပြီး မေးပေးပါနော်။ မေး။  ။ တိုင်းရင်းသား လယ်ယာစိုက်ပျိုးရေးကဏ္ဍကို ဘယ်လိုပံ့ပိုးကူညီမှုတွေများ ရှိမလဲပေါ့။ အများအားဖြင့်တော့ အရှုံးများတာပဲ ကြားရပါတယ်ရှင့်။ အဲဒါလေးပါ။ ဓနုတိုင်းရင်းသားပါတီကို မေးချင်ပါတယ်။ ဟုတ်ကဲ့ပါ။ အဲဒီတော့ လယ်ယာမြေမှာ အရှုံးတွေများနေတဲ့ကိစ္စကို ညီမလေးကတော့ ဓနုတိုင်းရင်းသားပါတီကို မေးထားတယ်ရှင့်။ ဆရာ ဖြေပေးပါဦးနော်။ ဖြေ။     ။ မေးခွန်းကတော့ တောင်သူတွေ စိုက်ပျိုးရေးကဏ္ဍမှာ အရှုံးများနေတယ်ဆိုတဲ့ မေးခွန်းထင်ပါတယ်ဗျ။ ဟုတ်ပါတယ်၊ ဒါလည်းပဲ ကျနော် စဉ်းစားနေတဲ့အချက်ပါ။ ကျနော်ဆိုရင် လောလောဆယ်ကတော့ ကျူရှင်ဆရာပေါ့။ ကျူရှင်ဆရာလုပ်ရင်းနဲ့ တောင်သူလယ်လုပ်ပါတယ်။ ခရမ်းချဉ်စိုက်တယ်၊ မုန်ညှင်းတွေစိုက်တယ်ပေါ့။ ထောပတ်တွေလည်း စိုက်ကြတာပေါ့။ သို့သော် မြတ်အောင်လုပ်လို့ ရသော်လည်းပဲ၊ ဈေးကွက်အနေအထားအရ ပျက်သွားတဲ့အခါမှာ ကျနော်တို့ တောင်သူတွေမှာ ဆုံးရှုံးမှုတွေ အများကြီးရှိပါတယ်။ အဲဒီတော့ ဘယ်လိုလုပ်မလဲဆိုတဲ့ အဖြေကတော့ ကျနော်ကိုယ်တိုင် ဖြေဖို့တောင်မှ နည်းနည်းခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်ဖြေဖို့ဆိုတာထက် ကျနော်ဖြစ်စေချင်တာလေးပဲ ကျနော်ပြောချင်ပါတယ်။ အဲဒီတော့ ကျနော်တို့ တောင်သူတွေသည် စိုက်ပျိုးရေးလုပ်တဲ့အခါမှာ ဓာတ်မြေသြဇာတွေ သုံးရတယ်၊ ပိုးသတ်ဆေးတွေသုံးရတယ်။ အဲဒီတော့ ဓာတ်မြေသြဇာက ဈေးကြီးတဲ့ဒဏ်တွေ၊ ပိုးသတ်ဆေး ဈေးကြီးတဲ့ဒဏ်တွေ။ ပိုးသတ်ဆေးကြောင့်ရတဲ့ ကျန်းမာရေးထိခိုက်မှု။ ဒါတွေက ကျနော်တို့မြို့နယ်၊ ကျနော်တို့ဒေသတွေမှာ အများကြီး ကြုံတွေ့နေရပါတယ်ဗျ။ အဲဒီတော့ ကျနော့်အနေနဲ့ စဉ်းစားမိတာကတော့ ဓာတ်မြေသြဇာဈေးကြီးတဲ့ဒဏ်တွေလည်း လွတ်မြောက်အောင်၊ လူတွေရဲ့ ကျန်းမာရေး အတွက်ရော၊ စိုက်ပျိုးတဲ့သူတွေရဲ့ ကျန်းမာရေးအတွက်ရော၊ စားသုံးတဲ့သူတွေရဲ့ ကျန်းမာရေးအတွက်ရော Organic Farming ပုံစံမျိုး ကျနော်ကိုယ်တိုင်လည်း လုပ်မယ်ဆိုတဲ့ဟာလည်း စဉ်းစားချက်ရှိပါတယ်။ အဲဒီတော့ ကျနော်တို့အနေနဲ့ လွှတ်တော်ထဲရောက်သွားရင်လည်း အစိုးရအနေနဲ့ စိုက်ပျိုးရေးကို အကောင်းဆုံးအကောင်အထည်ဖော်နိုင်တဲ့ ပုံစံမျိုးဖြစ်အောင် ကျနော်တို့ တိုက်တွန်းဖို့ ရှိသလို၊ လွှတ်တော်ထဲရောက်သွားရင်လည်း ဒါအဆိုတင်သွင်းနိုင်ဖို့ ကျနော်တို့ ကြိုးစားရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ဆီကဆိုရင် စိုက်ပျိုးရေးလုပ်ရင်းနဲ့ ဘဝပျက်သွားတဲ့သူတွေလည်း ရှိပါတယ်။ တစ်နှစ်လာလည်းရှုံး၊ သုံးလေးနှစ်လောက် ဆက်ရှုံးတဲ့အခါကျတော့ ကျနော်တို့ တောင်သူတွေဟာ အလုပ်လုပ်သော်လည်းပဲ မအောင်မြင်တဲ့အနေအထားမျိုးတွေ အများကြီး ရှိပါတယ်။ အဲဒီတော့ မအောင်မြင်တဲ့အပြင်ကို ကြွေးတွေပိပြီးတော့ ဘဝပျက်သွားတဲ့ အနေအထားမျိုးပါ။ အဲဒီတော့ ကျနော်ကိုယ်တိုင်က ဘယ်လိုလုပ်ပေးမလဲဆိုတာထက် လက်ရှိအစိုးရကော၊ နောက်လာမယ့် ၂၀၂၀ နောက်ပိုင်းမှာ ဖြစ်လာမယ့် အစိုးရကော ကျနော်တို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့အတွက် စိုက်ပျိုးရေးကို သေချာ ဂရုတစိုက်လုပ်ပြီးတော့ စဉ်းစားပြီးတော့မှ လုပ်ဆောင်ပေးသင့်တယ်။ အဲဒီတော့ ကျနော်တို့ စိုက်ပျိုးရေးကဏ္ဍမှာ တိုးတက်လာအောင် မလုပ်ပေးနိုင်ဘူးဆိုရင်တော့ ကျနော်တို့ နိုင်ငံသည် ရှေ့ဆက်လက်ပြီးတော့ တိုးတက်ဖို့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံသည် စိုက်ပျိုးရေးကို အားပြုနေတဲ့ နိုင်ငံဖြစ်ပါတယ်။ အဲဒီတော့ ကျနော်ကိုယ်တိုင်လည်း ဒါကို စဉ်းစားနေပါတယ်။ ပြည်သူတစ်ယောက်အနေနဲ့ စဉ်းစားနေတာပါ။ အဲဒီတော့ လွှတ်တော်ထဲများ ရောက်သွားရင်တော့ ဒါတွေကို ဥပဒေပြုနိုင်ဖို့၊ စီမံချက်တွေချနိုင်ဖို့ တိုက်တွန်းရမှာ ဖြစ်သလို၊ ပြောလည်း ပြောရမှာဖြစ်ပါတယ်ဗျ။ ကျနော့်အနေနဲ့ ဒီလောက်ပဲ ဖြေလို့ရပါတယ်။ ကျေးဇူးပါ။ ဟုတ်ကဲ့ပါ။ ကျေးဇူးပါ။ အဲဒီတော့အခု မေးခွန်းတွေ မေးပေးကြတဲ့ ညီမလေးတွေကိုရော၊ ဖြေပေးကြတဲ့ ဆရာတို့ကိုရော အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျမတို့အစီအစဉ်ကို ပါဝင်ပေးကြတဲ့ ပါတီကကိုယ်စားလှယ် အားလုံးကိုရော၊ မောင်လေးညီမလေးတွေ ကိုရော အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ နောက်ပြီးတော့ ကျမတို့ Any Questions? အစီအစဉ် ဖြစ်မြောက်ရေးအတွက် အဖက်ဖက်က ကူညီပေးကြတဲ့သူတွေ အားလုံးနဲ့ ဒီမိုကရက်တစ် မြန်မာ့အသံကို ကြည့်ရှုအားပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။ တင်ဆက်- နေရီရီ/ နွယ်နီတင်မောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024