Home
မြန်မာသတင်း
တရုတ်နိုင်ငံ၌ ဖမ်းဆီးခံခဲ့ရသည့် အန်အယ်လ်ဒီထောက်ခံအင်အားပြသူများ ပြန်လွတ်
DVB
·
October 9, 2020
တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ  အန်အယ်လ်ဒီပါတီကို ထောက်ခံလှည့်လည်အင်အားပြခဲ့လို့ ဆီကိုင်အကျဉ်းထောင်မှာ ယာယီထိန်းသိမ်းခံရတဲ့  မြန်မာနိုင်ငံသားတွေကို ပြန်လွှတ်ပေးလိုက်ပြီလို့  ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွှန့်လွင်က ဒီဗွီဘီကို အတည်ပြုပြောပါတယ်။    ရှမ်းပြည်နယ်မြောက်ပိုင်း အစိုးရတာဝန်ရှိသူတွေနဲ့ ကောင်စစ်ဝန်ရုံးတို့ ညှိနှိုင်းမှုကနေ တဆင့် အောက်တိုဘာ ၈ ရက်ည တရုတ် စံတော်ချိန် ၁၂ နာရီလောက်မှာ  ပြန်လွှတ်ပေးလိုက်ကြောင်း ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောပါတယ်။ ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွှန့်လွင်အနေနဲ့ ယူနန်ပြည်နယ် ကောင်စစ်ဝင်ချုပ် ဦးထွန်းအောင်ကျော်၊ ရွှေလီမြို့ ပြည်ပရေးရာဌာနမှ မစ္စတာ ရန်လီလွန်းတို့နဲ့ ဆက်သွယ်ပြီး ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သူရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။ တရုတ်နိုင်ငံ ကျယ်ကောင် ရွှေလီမှာ အဖမ်းခံရသူတွေကို တရုတ်နယ်စပ်အစိုးရ အာဏာပိုင်တွေက ယာယီနေထိုင်ခွင့် လုပ်ပေးပြီး စုစုပေါင်း ၉၀၄ ယောက်ကို မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲ အချိန်မှာ လွှတ်ပေးပြီး ခေါင်းဆောင်တွေကို ၁၅ ရက် ဆက်လက် ထိန်းသိမ်းထားမှာဖြစ်ကြောင်းနဲ့ လက်ရှိ လွတ်မြောက်လာသူတွေကို ဆေးစစ်ပေးနေကြောင်း မူဆယ်ဂရုဏာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ၊ မူဆယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး နှင့် စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံ ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ တရုတ်နယ်စပ်အစိုးရအာဏာပိုင်တွေက မနေ့ညက ပြန်လွှတ်ပေးလိုက်သူ  ၉၀၄ ယောက်ထဲမှာ မနေ့က အန်အယ်လ်ဒီပါတီကို ထောက်ခံတဲ့အနေနဲ့ ဆိုင်ကယ်တွေနဲ့ ရွှေလီမြို့တွင်း  စီတန်းလှည့်လည်လို့ ဖမ်းဆီးခံရသူ အရေအတွက် ဘယ်လောက်ပါသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။  အောက်တိုဘာလ ၈ ရက်နေ့က ရွှေလီနဲ့ ကျယ်ဂေါင်မှာ  အန်အယ်လ်ဒီ ပါတီတံဆိပ်ပါ ဦးထုပ်၊ တီရှပ်အင်္ကျီများ ဝတ်ဆင်ပြီး အလံတွေနဲ့ စတေကာတွေ တပ်ဆင်ထားတဲ့ သုံးဘီး အပါအဝင် မော်တော်ဆိုင်ကယ် အစီး ၁၉၀ လောက်နဲ့ ရွှေလီ- ကျယ်ကောင် အသွားအပြန် စီတန်းလှည့်လည်ပြီး ထောက်ခံအင်အားပြခဲ့လို့ မြန်မာနိုင်ငံသားတွေ ရာနဲ့ချီ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ တရုတ်အစိုးရက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး ကာလမှာ လူစုလူ‌​​ဝေး မပြုလုပ်ဖို့ ဥပဒေ ပြဋ္ဌာန်းထားခဲ့ပြီးဖြစ်ရာ ဥပဒေကို လိုက်နာခြင်းမရှိပဲ လူစုလူဝေး ပြုလုပ်ခဲ့တဲ့အတွက် ယာယီဖမ်းဆီး ထိန်းသိမ်းထားတာဖြစ်ကြောင်း ရွှေလီမြို့ ရွှေမြန်မာ အွန်လိုင်းအရေးပေါ် ကျန်းမာရေးကူညီမှု ပရဟိတ လူငယ်အသင်းမှ ကိုချမ်းမြေ့က ဒီဗွီဘီကိုပြောပါတယ်။ လူစုလူ‌ဝေး ပြုလုပ်တာနဲ့ ပတ်သက်ပြီး အောက်တိုဘာလ ၈ ရက်နေ့မတိုင်မီ ၂ ရက် ၃ ရက်ကတည်းက Wechat နဲ့ Facebook ကနေတဆင့် လာမယ့် နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ့် မြန်မာနိုင်ငံရဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ  အန်အယ်လ်ဒီ ပါတီကို ထောက်ခံကြောင်း ကြိုတင် ဟောပြောစုရုံးခဲ့ကြတာဖြစ်ပါတယ်။ သတင်း- Pra Jaw၊ ဓာတ်ပုံ စိုင်းထွန်းကိုကို၊ ​ရွှေလီ​ရောက် မြန်မာများ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024