ဧရာဝတီတိုင်းတွင် လူနာသစ် ၁၈ ဦးထပ်မံတွေ့ရှိ၊ လူနာဦးရေ ၄၀၀ ကျော်ထိရှိလာ
DVB
·
October 8, 2020
ဧရာဝတီတိုင်းဒေသကြီးမှာ အောက်တိုဘာလ ၈ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး အတည်ပြုလူနာဦးရေ စုစုပေါင်း ၄၁၂ ဦး ရှိလာပြီလို့ တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
အတည်ပြုလူနာသစ် ၁၈ ဦးထဲမှာ မအူပင်မြို့နယ်က ၁၇ ဦးနဲ့ပုသိမ်က ၁ ဦး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
မအူပင်က အတည်ပြုလူနာ ၁၇ ဦးကို မအူပင် ဆေးရုံနဲ့ ယာယီဆေးရုံတွေမှာ ကုသပေးနေ တယ်လို့ မအူပင်ခရိုင်ကျန်းမာရေးဌာနဦးစီးမှူး ဒေါက်တာ ခင်မာစိုးက ပြောပါတယ်။
အခုတွေ့ရှိတဲ့လူနာတွေဟာ သံသယလူနာတွေအပါအဝင် အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တာကြောင့် အသွားအလာ ကန့်သတ်ထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းအတွင်းရှိ ခရိုင် ၆ ခရိုင်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့ အတည်ပြုလူနာတွေကို ကုသပေးဖို့အတွက်နေရာ ၁၅ နေရာ စီစဉ်ထားပြီး လူနာ ၇၇၅ ဦးလောက် ကုသပေးနိုင်မယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။
ဧရာဝတီတိုင်းအတွင်းက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာထဲက အောက်တိုဘာလ ၈ ရက်နေ့အထိ လူနာ ၁၈၂ ဦး ကျန်းမာရေးကောင်းမွန်လာလို့ ဆေးရုံပြန်ဆင်းသွားပြီဖြစ်တယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)