Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၁၃ ဦး၊ သေဆုံးသူ ၈ ဦး အထိရှိလာ 
DVB
·
October 8, 2020
မွန်ပြည်နယ်မှာ အောက်တိုဘာ ၇ ရက် ညနေပိုင်းအထိ မြို့နယ် ၁၀ မြို့နယ် စလုံးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူတွေရှိနေပြီး  ရောဂါပိုးတွေ့ရှိသူအနေနဲ့ အတည်ပြုလူနာ ၃၁၃ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။ ရောဂါဖြစ်ပွားမှုအရ မော်လမြိုင်မြို့နယ်နဲ့ ဘီးလင်းမြို့နယ်ဟာ ရောဂါ အများဆုံး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။  လက်ရှိမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၁၃ ဦးမှာ သေဆုံးသူ ၈ ဦးအထိ ရှိလာတဲ့အတွက်ကြောင့် အတည်ပြုလူနာ ၁၀၀ လျှင် လူ ၂ ယောက်ခွဲနှုန်း သေဆုံးနေတာ ဖြစ်ပါတယ်။ အတည်ပြုလူနာ သေဆုံးမှုအနေနဲ့ တစ်နိုင်ငံလုံး အတိုင်းအအတာအရ မွန်ပြည်နယ်ဟာ ရန်ကုန်တိုင်းပြီးရင် ဒုတိယအများဆုံး သေဆုံးနေတာ ဖြစ်ပါတယ်။  သေဆုံးသူတွေထဲမှာတော့ အသက် ၇၀ နဲ့ ၈၀ ကျော် အရွယ် သက်ကြီးရွယ်အိုတွေ အများစု ပါဝင်နေပြီး ထူးခြားမှုအနေနဲ့ ၁၅ နှစ်အရွယ် လူငယ် တစ်ဦးလည်း ပါဝင်နေတာပါ။ သေဆုံးသူထဲမှာတော့ အများစုဟာ ပြင်းထန်တဲ့ ပင်ကိုယ်ရောဂါအခံ ရှိသူတွေ ပါဝင်နေတယ်လို့ မော်လမြိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မြင့်က ပြောပါတယ်။ ဒါအပြင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသွားတဲ့သူတချို့ဟာ ဆေးရုံကို အချိန်မီ မရောက်တာကြောင့် အမောဖောက်ပြီး သေဆုံးတာတွေလည်း ရှိနေတာပါ။ မွန်ပြည်နယ်မှာတော့ အောက်တိုဘာ ၇ ရက် ညနေပိုင်းအထိ အတည်ပြုလူနာ ၃၁၃ ဦးမှာ ၂၀၄ ဦးအထိ ဆေးရုံဆင်းခွင့် ရရှိသွားပြီး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျန်ရှိတဲ့ အတည်ပြုလူနာတွေကို မော်လမြိုင်ပြည်သူ့ဆေးရုံပဲ အဓိကထားပြီး စောင့်ကြည့်ကုသပေးနေပါတယ်။   သတင်း- ဇော်လွင်ထွဋ်    
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024