DVB Logo
Home
အာရှဒေသ
အိန္ဒိယ ရေကာတာစီမံကိန်း ဆန့်ကျင်ရေး ရေရှည်တိုက်ပွဲ
DVB
·
July 12, 2013
အိန္ဒိယ ရေကာတာစီမံကိန်း ဆန့်ကျင်ရေး ရေရှည်တိုက်ပွဲ
Donate to DVB

ထောင်နဲ့ချီတဲ့ လူတွေဟာ အိန္ဒိယနိုင်ငံ မက်ဒရာပရဒက်ရှ်ပြည်နယ် နာမဒါ မြစ်ကမ်းတလျှောက်က ရေကာတာစီမံကိန်းကြောင့် အတင်းအကျပ် နှင်ထုတ်ခံခဲ့ကြရပါတယ်။ သူတို့တွေဟာ ရေကာတာတွေ တည်ဆောက်နေတာကို ဆန့်ကျင်ကန့်ကွက်ဖို့ ဒီအပတ်မှာ ၅ ရက်ကြာ ဆန္ဒပြခဲ့ကြပါတယ်။

အဲဒါဟာ နာမဒါမြစ်ကမ်းတလျှောက်မှာ နေထိုင်ကြတဲ့ ထောင်နဲ့ ချီနေတဲ့ မိသားစုတွေအတွက် ကာလရှည်ကြာ ဆင်နွှဲနေရတဲ့ တိုက်ပွဲတပွဲပါ။
ရေကာတာတွေက အဲဒီဒေသက ထောင်နဲ့ ချီတဲ့လူတွေအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးသလို ရေရရှိရေးကိုလည်း ဆောင်ရွက်ပေးပါလိမ့်မယ်။ ဒါပေမယ့် ဒေသခံပြည်သူ တွေကတော့ စီမံကိန်းအတွက် သူတို့ရဲ့နေအိမ်တွေနဲ့ မြေတွေ ဆုံးရှုံးကြရပါတယ်။

ရှုရီယာ နီယာဇီ မက်ဒရာ ပရဒက်ရှ်က သတင်းပေးပို့ချက်အရ အတော်များများဟာ မျှတတဲ့ လျော်ကြေးငွေ ရမှာမဟုတ်ကြောင်း ထင်နေကြတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၉ ရက်နေ့မှာတော့ ရေကာတာ စီမံကိန်းကြောင့် အတင်းအကျပ် နေရာရွှေ့ပြောင်းခိုင်းတာ ခံကြရတဲ့သူတွေက နောက်ထပ် ကန့်ကွက်ဆန့်ကျင်မှုတွေ ဆက်တိုက်လုပ်နေကြပါပြီ။ အဓိက ကန့်ကွက်ဆန့်ကျင်သူတွေကတော့ စီမံကိန်းကြောင့် ထိခိုက်ခံကြရတဲ့ နေရာတွေက အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။

အွန်ကာရက်ရ်ဝါ ရေကာတာတည်ဆောက်ရေးအတွက် ရွှေပြောင်းခံခဲ့ရတဲ့ အသက် ၅၈ နှစ် အရွယ် ဆတ်ကူဘိုင်က “လုပ်ငန်းတည်နေတဲ့နေရာက အခြေအနေတော်တော်ဆိုးပါတယ်ရှင်။ ကျမတို့ ပြုစုကုသမှု ခံယူဖို့ ဆေးရုံတွေနဲ့ ကလေးတွေအတွက် ကျောင်းတွေ ဒါမှမဟုတ် တခြားဘာမှမရှိပါဘူးရှင်။ ကျမတို့အိမ်တွေနဲ့မြေတွေဟာ နစ်မြုပ်လုဆဲဆဲ ဖြစ်နေပါပြီ။ ကျမတို့ ပြသနာတွေအများကြီးနဲ့ ရင်ဆိုင်နေရပြီး ပူပင်ပေးမယ့်သူ ဘယ်သူမှ မရှိပါဘူး။”

နာမဒါမြစ်ဟာ အိန္ဒိယနိုင်ငံရဲ့ ပဉ္စမ အကြီးဆုံး မြစ်ဖြစ်ပြီး ဒေသရဲ့ အဓိက စိုက်ပျိုးရေးနဲ့ စီးပွားရေးရင်းမြစ် နေရာတခုပါ။

အစိုးရက အိမ်ခြေ ငါးသိန်းကျော်အတွက် လျှပ်စစ်ဓာတ်အား၊ ဆည်မြောင်းရေနဲ့ သောက် ရေ ပေးဝေဖို့ မြစ်ပေါ်မှာ ရေကာတာ ၅ ခု ဆောက်လုပ်နေပါတယ်။     ဒါပေမယ့် အဲဒီအတွက် ထောင်နဲ့ချီတဲ့ ပြည်သူတွေက သူတို့ရဲ့မြေတွေနဲ့အိမ်တွေ ဆုံးရှုံးနေရပါတယ်။

တခြားသူတွေလိုပဲ ဆတ်ကူဘိုင်ဟာ မျှတတဲ့ လျော်ကြေးရမှာမဟုတ်ဘူးလို့ ထင်နေပါတယ်။ “ကျမတို့က ကျမတို့ ဆုံးရှုံးခဲ့ရတဲ့ အနည်းဆုံး ၅ ဧကရှိတဲ့မြေတွေအတွက် အစိုးရက ကျမတို့ကို မြေယာတွေ ပေးစေချင်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ကျမတို့က ဒီနေရာက ရွှေ့မပေးနိုင်သလို အိမ်တွေကိုလည်း ဖျက်မပေးနိုင်ပါဘူးရှင်။ ကျမတို့ ကိုယ့်ဘာသာပဲကိုယ် ရေမြုပ်ခံလိုက်မှာပါ။ ကျမတို့က အစိုးရကို မြေယာတွေအတွက် လျော်ကြေးအဖြစ် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ သောင်းပေးစေချင်ပါတယ်။ အဲဒီလိုမရရင် ကျမတို့ ဘယ်လို အသက်ရှင် ရပ်တည်နိုင်မှလဲ။”

ရေကာတာစီမံကိန်းတွေကို ဒီလိုဆန့်ကျင်ကန့်ကွက်တာဟာ ဒါပထမဆုံးတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်က ရွာတချို့မှာ ရေကာတာအတွက် ကန့်ကွက်ဆန့်ကျင်ပွဲတခုကို ၂ ပတ်ကြာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ သူတို့က လည်ပင်းအထိ နစ်မြုပ်တဲ့ရေထဲမှာ တနေ့ကို နာရီ ၂၀ ကြာ နေခဲ့ကြပါတယ်။

တက်ကြွလှုပ်ရှားသူတွေကတော့ ရေကာတာထဲကရေဟာ လူ ၅ သောင်းလောက်ရဲ့ အိမ်တွေနဲ့ အသက်မွေးနေထိုင်မှုတွေကို မျောပါသွားနိုင်လောက်တဲ့ ၂ မီတာလောက် အထိ ရှိပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က တရားရုံးချုပ်က မက်ဒရာ ပရဒက်ရှ်ပြည်နယ်အစိုးရကို ရေကာတာ စီမံကိန်းတွေကြောင့် ထိခိုက်ခံခဲ့ရသူတွေကို ပြန်လည်နေရာချထားပေးဖို့ အမိန့်ပေးခဲ့ပါတယ်။

နာမဒါ ကယ်တင်ရေးလှုပ်ရှားမှု ဆောင်ရွက်နေတဲ့ဒေသ အန်ဂျီအိုက အလော့ အာဂရာဝေါလ် ကတော့ အမိန့်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ အစိုးရကို သူတို့ ဖိအားပေးနေတယ်လို့ ပြောပါတယ်။

“ပြန်လည်နေရာချထားပေးရေးမူဝါဒက သိပ်ရှင်းလင်းပါတယ်။ အတင်းအကျပ် နှင်ထုတ် ခံရသူတွေကို  မြေယာအတွက် မြေယာပြန်ပေးသင့်ပြီးသူတို့ကို ပြန်လည်အခြေချနေထိုင်နိုင်ဖို့ တခြားအရာတွေလည်း ပေးသင့်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ တရားရုံးချုပ်ကလည်း ပြန်လည် နေရာချထားရေးမူဝါဒကို အဲဒီဒေသမှာ အကောင်အထည်ဖော်ဆောင်ရွက်မှု မရှိသေးဘဲ ၉၀ ရာခိုင်နှုန်းနီးပါးရှိတဲ့လူတွေဟာ သင့်လျှော်မှန်ကန်တဲ့ လျော်ကြေးနဲ့ ပြန်လည်နေရာချထားမှုတွေ ရရှိဖို့ ငြင်းဆန်ခံနေဆဲ ဖြစ်တယ်ဆိုတာကို လက်ခံခဲ့ပါတယ်။”

အမိန့်ထုတ်ပြီးတဲ့နောက် ပြည်နယ်အစိုးရက မကြာခင်ကပဲ ရွာသားတွေ သိပ်မကြာခင် ထွက်သွားပေးကြမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၄၅၀၀ လျော်ကြေးငွေ ပေးမယ်လို့ ကြေညာ လိုက်ပါတယ်။

လယ်သမားတွေဟာ ၁ ဧက ကို အမေရိကန်ဒေါ်လာ ၄၀၀၀ နီးပါး လျော်ကြေးငွေ ရရှိကြမှာ ဖြစ်ပါတယ်။ တချို့ ရွာသားတွေကတော့ ငွေရရှိပြီးကြပေမယ့် အတော်များများကတော့ ငွေရဲ့ တစိတ်တပိုင်းပဲ ရကြသေးပြီး တချို့က လုံးဝ မရကြသေးတာတောင် ရှိပါတယ်။

ဂိုဂေါလ် ကျေးရွာက ကာလဘိုင်ကတော့ “အစိုးရက ၁ ဧကမှာ အမေရိကန် ဒေါ်လာ ၃၆၀၀ ပဲ ပေးချင်တာပါ။ အဲဒါက အခု ရှိနေတဲ့ ဈေးကွက်နှုန်းထက် နိမ့်ကျနေတယ်ရှင့်။ ကျမတို့က ရေကာတာစီမံကိန်းကို ရပ်လိုက်ပြီး ကျမတို့မြေတွေကို ပြန်ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။

ဘာဗာလီ ကျေးရွာက ဂျက်ဒစ်ရှ်ဆင်းကတော့ သူတို့တွေဟာ အစိုးရရဲ့  အတင်းလက်မှတ်ထိုးခိုင်းတာကို ခံခဲ့ရတယ်လို့ ပြောပါတယ်။ “ဒေသအုပ်ချုပ်ရေးက ကျနော်တို့ကို ကျနော်တို့တရားရုံးကို သွားပြီး အစိုးရဆီက လျော်ကြေးမတောင်းပါဘူးလို့ ရေးထားတဲ့ ပုံစံတခုကို ဖြည့်ဖို့ ပြောပါတယ်။ အဲဒါက ကျနော်တို့ အတင်းနှင်ထုတ်ခံရသူတွေက လျော်ကြေးငွေကို ကျေနပ်ကြတယ်ဆိုတဲ့ သဘောတူ လက်ခံစာ မျိုးပါပဲဗျာ။ လူအတော်များများကတော့ အဲဒါကို အုပ်ချုပ်ရေးက ဖိအားပေးလို့ လက်မှတ်ထိုးလိုက် ကြပါတယ်။ သူတို့ရဲ့ အိမ်တွေနဲ့ မြေယာတွေ ရေနက်ထဲကို နစ်မြုပ်သွားပြီးတာတောင် လျော်ကြေးမရကြသူတွေ အများကြီးရှိပါသေးတယ်။ ကျနော်တို့ ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်နေရတာပေါ့ဗျာ။”

ရွာသူကြီးဟောင်း ဆူးဗတ်စ်ပေတယ်လ်က ကလေးတွေကိုလည်း ထိခိုက်မှု ရှိပါတယ်လို့ ပြောပါတယ်။ “ရေကာတာတွေ မဆောက်ခင်တုံးက ကျောင်းက ကျနော်တို့နေရာနဲ့ ၃ ကီလိုမီတာပဲ ဝေးပါတယ်။ ဒါပေမယ့် အခုတော့ သိပ်ကိုဝေးလွန်းနေပါပြီ။ အနည်းဆုံး ကီလိုမီတာ ၄၀ လောက်ဝေးပါတယ်။ ကျနော်တို့က ပိုက်ဆံမရှိတော့ ကျနော်တို့ရဲ့ ကလေးတွေကို မြို့ကို ပို့ပြီးလည်း စာသင်မခိုင်းနိုင်ဘူးလေဗျာ။ အစိုးရက ကျနော်တို့ကို လှည့်စားခဲ့တာပါပဲ။ ကျနော်တို့မှာ ဘာမှမကျန်တော့ပါဘူးဗျာ။”

ကန့်ကွက်ဆန္ဒပြမှုတွေက မက်ဒရာ ပရဒက်ရှ့်ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲတွေ မကျင်းပခင် လပိုင်းအလိုမှာ ကပ်ပြီး ထွက်ပေါ်လာခဲ့တာပါ။

ရွာသားတွေကတော့ အဲဒါက အစိုးရကို သူတို့ပေးထားတဲ့ကတိ တည်အောင်လို့ တွန်းအားပေးနိုင်မယ်လို့ မျှော်လင့်နေကြတယ်လို့ အလော့ အာဂရာဝေါလ်က ပြောပါတယ်။

"ကျနော်တို့ ခါးသီးတဲ့ နိဂုံးအထိ တိုက်ခိုက်ဖို့ အဆင်သင့်ပါပဲ။ တောင်းဆိုမှုကို အစိုးရက လက်ခံသင့်ပါတယ်။ ဒါမှမဟုတ် ရွေးကောက်ပွဲအရှုံးကို ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ထားရပါလိမ့်မယ်။ ရွေးကောက်ပွဲမှာ ထောင်နဲ့ချီတဲ့ နှင်ထုတ်ခံရသူတွေက အစိုးရကို ကန်ကွက်မဲ ပေးကြမှာပေါ့ဗျာ။”

ရှုရီယာ နီယာဇီ (Shuriah Niazi) က အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် အိန္ဒိယနိုင်ငံ မက်ဒရာ ပရဒက်ရှ့်ကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013