Home
မေးမြန်းခန်း
လယ်သမားထက် လုပ်ငန်းရှင်အကျိုးကို ဦးစားပေးတဲ့ ဥပဒေကြမ်းဖြစ်တယ် – ဦးထွန်းမြင့်အောင်
ရွှေအောင်
·
July 11, 2013
ဇူလိုင် ၉ ရက်က ပြည်သူ့လွှတ်တော်မှာ တင်သွင်းလိုက်တဲ့ “တောင်သူလယ်သမားများ၏ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်း” ဟာ လယ်သမားအကျိုးထက် လုပ်ငန်းရှင်အကျိုးကို ဦးစားပေး ရေးဆွဲထားတဲ့ ဥပဒေကြမ်းဖြစ်တယ်လို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ လယ်ယာစီးပွားနဲ့ တောင်သူလယ်သမားရေးတာဝန်ခံ ဦးထွန်းမြင့်အောင်က ဝေဖန် ပြောကြား လိုက်ပါတယ်။ သူတို့အဖွဲ့အနေနဲ့  တနိုင်ငံလုံးမှာရှိတဲ့ လယ်သမားတွေရဲ့ ဆန္ဒအသံတွေကို လွှတ်တော်ထဲ ရောက်အောင်ပို့ဖို့ ကြိုးပမ်းနေတယ်လို့လဲ ဆိုပါတယ်။ အခုအချိန်မှာ အမှန်တကယ် လိုအပ်နေ တာက တောင်သူလယ်သမားတွေကို အကာအကွယ်ပေးတဲ့ ဥပဒေဖြစ်တယ်လို့လည်း ဦးထွန်းမြင့် အောင်က မှတ်ချက်ပေး ပြောပါတယ်။ တောင်သူ လယ်သမားများ၏ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းမှာ အခန်း ၈ ခန်း ပါဝင်ပြီး၊ ပုဒ်မ ၂၈ ခုနဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ ဦးထွန်းမြင့်အောင်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းတဲ့အခါ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ သူတို့တွေ့ရှိထားတာကို အခုလို ပြောပါတယ်။ “ဒီဥပဒေကြမ်းဟာ ကျနော်တို့လေ့လာလိုက်တဲ့အခါ လယ်သမားတွေရဲ့ အကျိုးစီးပွားဆိုတာထက် လုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားကို ပိုပြီး စောင်းပေးနေတာကို ကျနော်တို့ တွေ့ရတယ်။ အဲဒီတော့ လယ်သမားတွေရဲ့ အကျိုးစီးပွားကို မြှင့်တင်လိုက်ဖို့ဆိုရင် လယ်သမားတွေမှာ အခွင့်အရေး အပြည့်အ၀ရှိဖို့လိုတယ်။ အဲဒီအတွက် လယ်သမားတွေရဲ့ အတွက် ကာကွယ်ဖို့ ဥပဒေကို အမြန်ဆုံး ပြဋ္ဌာန်းပေးဖို့ အတွက် ကျနော်တို့က တိုက်တွန်းနေတာပါ။” ဘယ်လိုအချက်အလက်တွေ ပါနေလို့ ဒီဥပဒေကြမ်းက လုပ်ငန်းရှင် တွေရဲ့ အကျိုးစီးပွားကို ပိုပြီး စောင်းပေးတာလို့ ပြောတာလဲ။ “အခုဆိုလို့ရှိရင် စိုက်ပျိုးရေးချေးငွေကိစ္စတွေ ရည်ရွယ်ချက် ၃ ချက်ပါတယ်။  စိုက်ပျိုရေး ချေးငွေကိစ္စရယ်၊ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို ကူးပြောင်းနိုင်ဖို့ဆိုတဲ့ကိစ္စရယ် နောက် ဈေးနှုန်းနဲ့ ဈေးကွက်ကိစ္စရယ် ဒီ ၃ ချက်ပဲ ပါတယ်။ ၃ ချက်ဆိုတာက ဘဏ်လုပ်ငန်းရှင် တွေ၊ စက်မှုလုပ်ငန်းရှင်တွေ၊ ကုန်သည်ကြီးတွေနဲ့ ပတ်သက်တယ်။ လယ်သမားတွေနဲ့ တိုက်ရိုက်ပတ်သက်တဲ့ လယ်ယာမြေ မတရားသိမ်းဆည်းမှုကိစ္စတွေကို ဘယ်လိုဖြေရှင်းပေးမယ် ဆိုတာ မပါဘူး။ နောက်တခုက ၁၉၆၃ ခုနှစ် တောင်သူလယ်သမားအခွင့်အရေးကာကွယ်တဲ့ ဥပဒေမှာ လယ်ယာမြေတွေ မတရား သိမ်းဆည်းမှု မခံရတောင် အကာအကွယ်ပေးထားတဲ့ ဥပဒေတွေ ရှိတယ်။ ဒါမျိုး ဥပဒေတွေ မပါဘူး၊ မပါဘဲနဲ့ ခုနက လုပ်ငန်းရှင်တွေနဲ့ ဆက်နွှယ်နေတဲ့ အချက်တွေ ပါလာတယ်။ နောက်တခုက  လယ်သမားဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာလည်း ဒီလိုပဲ ရွှံ့ထဲ၊ မိုးထဲမှာ နွားနဲ့ ရုန်းနေတဲ့ လယ်သမားတွေကို ဘယ်သူတွေနဲ့ ရောထားလဲဆိုတော့ ငွေပုံပေါ်မှာ ထိုင်ပြီးတော့ တယ်လီဖုန်းနဲ့ လယ်ယာမြေကိစ္စ လုပ်နေတဲ့ လူမှာလည်း အလိုလို လယ်သမားဖြစ်နေတယ်။ “ဆိုတော့ လယ်သမား အကျိုစီးပွားကို မြှင့်တင်တာဟာ  စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အကျိုးစီးပွားနဲ့ ရောထွေးနေတာကြောင့် အင်မတန်မှကို အကျိုးစီးပွားအရ မရှင်းလင်းဘူး၊ ရှုပ်ထွေးပါတယ်။ နောက်တချက်က ဒါဟာ စပါးတွေကို ၀ယ်မယ်၊ စပါးကို ၀ယ်မယ့်လုပ်ငန်းရှင်တွေ တကယ်လို့ ရှုံးမယ်ဆိုလို့ရှိရင်လည်း အစိုးရကနေပြီးတော့ နိုင်ငံတော်ဘဏ်- ထဲကနေ အရှုံးကို ကာမိအောင် စိုက်ပေးမယ်ဆိုတော့ ဒါဟာ လယ်သမားတွေရဲ့ အကျိုးစီးပွားထက် လုပ်ငန်းရှင်တွေရဲ့ အကျိုးအတွက်ပဲ အကာအကွယ်ပေးတာ ကျနော်တို့ တွေ့နေရပါတယ်။ ဒါကြောင့် ဒီဟာနဲ့ ပတ်သက်ပြီးတော့ လယ်သမားအခွင့်အရေး ကာကွယ်တဲ့ဥပဒေကို  အရင်ဆုံး ပြဋ္ဌာန်းပါ၊ ပြီးလို့ရှိရင် လယ်သမား အကျိုးစီးပွားတွေကို မြှင့်တင်ချင်တယ်ဆိုရင် လယ်သမားစစ်စစ် ကိုယ်စားလှယ်တွေကို ခေါ်ပါ။ အဲဒီလို မဟုတ်ဘဲနဲ့ ဟိုအရင်တုန်းက စီးပွားရေး လုပ်ငန်းရှင်တွေကနေပြီးတော့ပဲ လယ်သမားအသင်းအဖွဲ့ ယောင်ယောင် လုပ်ထားတဲ့ ပုံစံမျိုးကတော့  ကျနော်တို့ လက်မခံနိုင်ပါဘူး။“ ဒီဥပဒေကြမ်းကို စပြီးတော့ ဆွေးနွေးတုန်းက တောင်သူ လယ်သမား ကာကွယ်ရေးဥပဒေဆိုပြီးတော့ ဆွေးနွေးရာကနေ အခုလိုအကျိုးစီးပွားရေး မြှင့်တင်ရေးဥပဒေကြမ်းလို့ ပြောင်းလိုက်တာကလည်း အကြောင်းရှိတယ်လို့ ကြားတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်သိထားလဲ။ “ဟုတ်ပါတယ်။ ကျနော်တို့ ၈၈ က ကိုမျိုးအောင်ဆိုတာ သွားတက်ပါတယ်။ အစည်းအဝေး ၂ ကြိမ်တက်ပါတယ်။ ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှာ လုပ်တဲ့ ပွဲတပွဲ၊ နောက်တခါ နေပြည်တော်မှာ လုပ်တဲ့ ပွဲတပွဲရယ် သွားတက်ပါတယ်။ UMFCCI မှာ လုပ်တဲ့ပွဲဆိုလို့ရှိရင် စဆွေးနွေးတုန်းက တောင်သူလယ်သမား အခွင့်အရေးကာကွယ်တဲ့ဥပဒေ ရေးဆွဲဖို့ပါပဲ။ ဒါပေမယ့် အဲဒီမှာ လုပ်ငန်းရှင်တွေကပဲ ထပြီးတော့ ဘာဆွေးနွေးသလဲဆိုတော့ အခွင့်အရေးဆိုတာထက် လယ်သမားတွေကို ပံ့ပိုးရေး ကူညီရေး ဒါမျိုးတွေ စဉ်းစားတာ ကောင်းပါတယ် ဆိုပြီးတော့။ တကယ်တော့ ဒါက လယ်သမားတွေအပေါ် ကယ်တင်ရှင်၊ ကျေးဇူရှင် တက်လုပ်ချင်တဲ့ မမှန်တဲ့ စေတနာတွေ ကျနော် ဒီလိုပဲ ပြောချင်တယ်။ တကယ်လို့ လယ်သမားတွေကိုသာ သူတို့ အခွင့်အရေး အပြည့်အ၀ပေးမယ်၊ နိုင်ငံတော်အစိုးရက တာဝန်ကျေပွန်မယ်ဆိုလို့ရှိရင်  လယ်သမားတွေအပေါ်မှာ ဘယ်သူမှ ကယ်တင်ရှင် လုပ်နေစရာ အကြောင်းမရှိပါဘူး။ အခုတော့ ကယ်တင်ရှင်လိုလိုထက် ပံ့ပိုးရေးတို့ ကူညီရေးတို့ဆိုတဲ့ အထာလေးတွေနဲ့ ဆွေးနွေးတယ်ဆိုတာ လည်း ကျနော်တို့ သိထားတယ်။ အဲဒီအချိန်တုန်းက ကျနော်တို့ သဘောမတူတာပါ။ နောက်ဆုံး ထွက်လာတဲ့ အခါကျတော့ အကျိုးစီးပွားမြှင့်တင်ရေး ဆိုပြီးတော့ နေပြည်တော်မှာ မူကြမ်းအတွက် ဆုံးဖြတ်တယ်။ အဲဒီအချိန်မှာ ကျနော်တို့ ၈၈ က ကိုမျိုးအောင်က စပြီးတော့ ဆွေးနွေးပါတယ်။ သူရဦးရွှေမန်းတို့လည်း ပါပါတယ်။ အကျိုးစီးပွား မြှင့်တင်ရေးထက် အခွင့်အရေး ကာကွယ်တဲ့ဥပဒေ အရင်လိုအပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၇ လယ်ယာ ဥပဒေကြောင့် တောင်သူလယ်သမားအခွင့်အရေး ဥပဒေက ဖျက်သိမ်းပြီသား ဖြစ်နေတယ်လေ။ အဲဒီ ဥပဒေနဲ့ လစ်ဟာနေတယ်။ ဒီနေရာမှာ ရေးဆွဲဖို့ ကျနော်တို့က အကြံပြုတာပါ။“ အခု ကိုထွန်းမြင့်အောင်တို့ လယ်သမားတွေရဲ့ဆန္ဒကို လိုက်မေးနေတယ် ဆိုတာက တပြည်လုံး လုပ်ပြီးပြီလား၊ ဘယ်လောက် အတိုင်းအတာအထိ ဘယ်လိုဆောင်ရွက်ပြီးပြီလဲ။ “ဒီဥပဒေကြမ်းပေါ်မှာ ထွေထွေထူးထူးတော့ ကျနော် လိုက်မေးစရာ မလိုပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ထွက်တဲ့ ခရီးစဉ်မှာလည်း လယ်သမားတွေနဲ့ တွေ့ပါတယ်။ နောက်ပြီးတော့ သီးခြားလည်း ကျနော်တို့ ရွာတွေအထိ ရောက်အောင် တောင်သူလယ်သမား ရေးရာကဏ္ဍကနေပြီးတော့ ရွာတွေအထိ ရောက်အောင်သွားပါတယ်။ အဲဒီမှာ အချက်အလက်တွေ စုဆောင်းထားတာ ရှိပါတယ်။ အဲဒီဟာတွေ အားလုံးကို ကျနော်တို့က လွှတ်တော် ကိုယ်စားလှယ်တွေဆီကို ပေးပို့သွားမှာပါ။ ထုတ်ပြန်ထားတဲ့ ကျနော်တို့ရဲ့ သဘောထား အကြံပြုချက်ကိုလည်း လွှတ်တော်ကိုလည်း ပို့ပြီးပါပြီ။ ပြည်သူလူထုရဲ့ အသံ၊ ပြည်သူရဲ့ ခံစားချက်၊ အကြံပြုချက်တွေကို တောင်းပြီးတော့ ပြည်သူလူထုရဲ့ အသံတွေကို လေးလေးစားစားနဲ့ နားထောင်ခြင်း ရှိမရှိ လူထုကို ကိုယ်စားပြုတဲ့ လွှတ်တော် ဟုတ်မဟုတ် ဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရဦးမှာပေါ့။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024