Home
မေးမြန်းခန်း
“ရွေးကောက်ပွဲပြီးတဲ့အထိတော့ ကျနော် ဥက္ကဋ္ဌလုပ်ပေးမယ်” - SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦး
နန်းမြနဒီ
·
October 7, 2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲပြီးသွားတဲ့အထိ ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဒီဗွီဘီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောပါတယ်။  ဦးခွန်ထွန်းဦးဟာ နှစ်ပေါင်း ၃၀ ကျော် မြန်မာ့နိုင်ငံရေးလောကမှာ ကျင်လည်ခဲ့ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကို ဦးဆောင်ဖွဲ့စည်းတည်ထောင်ရာမှာ ပါဝင်ခဲ့သူ၊ နိုင်ငံရေးခံယူချက်ကြောင့် နှစ်ရှည်ထောင်သွင်း အကျဉ်းချခံခဲ့ရသူဖြစ်ပြီး ထောင်က ပြန်ထွက်လာပြီးတဲ့နောက် ပါတီကို ဆက်လက်ဦးဆောင်လှုပ်ရှားနေသူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလမှာတော့ သူဟာ ပါတီဥက္ကဋ္ဌ အဖြစ်ကနေ နုတ်ထွက်ပါကြောင်း ရွေးကောက်ပွဲကော်မရှင်ဆီစာတင်ခဲ့ပါတယ်။  ဒါပေမဲ့ ပါတီဝင်တွေရဲ့ တောင်းဆိုချက်ကြောင့် လက်ရှိ ပါတီ ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေပါတယ်။  ပါတီကနေ နုတ်ထွက်ရတဲ့အကြောင်းရင်း၊ လက်ရှိနိုင်ငံရေးအခြေအနေနဲ့  ရွေးကောက်ပွဲ အလားအလာတွေနဲ့ ပတ်သက်ပြီး  ဦးခွန်ထွန်းဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ မေး - ပြီးခဲ့တဲ့ စက်တင်ဘာလက ဦးခွန်ထွန်းဦးအနေနဲ့ SNLD ပါတီဥက္ကဋ္ဌအဖြစ်ကနေ နုတ်ထွက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ အဲဒါ ဘယ်ကြောင့်  နုတ်ထွက်ဖို့ဖြစ်လာရတာလဲ အကျိုးအကြောင်းလေး ပြောပြပါလား။  ဖြေ - “ဒီလိုပါ ရှင်းရှင်းပြောရရင်တော့ သူတို့ကိုလည်းပြောပြီးသား။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကျနော့်ကျန်းမာရေးအတွက်ကြောင့်ရယ် ၊ နောက်ပြီး ကျနော် New Generation ( မျိုးဆက်သစ်) တွေကို လက်ကမ်းပေးချင်တယ်။ ကျနော် အသက်လည်းကြီးပြီ ၇၈ နှစ်ရှိပြီ။  နောက်ပြီးတော့ လုပ်စရာတွေရှိတယ်လေ။”  “ကျနော်က ကျနော့်ဦးလေး သီပေါစော်ဘွားကြီး စဝ်ကြာဆိုင်ရဲ့ မဟာဒေဝီ စဝ်ဆုစန္ဒီအတွက်ပေါ့။ ကျနော် အမေရိကန်မှာ လူ့အခွင့်အရေးဆုသွားယူတုန်းက အဲဒီမှာ ကျနော့်အဒေါ် စဝ်ဆုစန္ဒီနဲ့လည်း တွေ့ခဲ့ပါတယ်။ သူက သီပေါမှာကျန်ခဲ့တဲ့ ဟော်နန်းနဲ့မြေကွက်တွေ အမွေတွေကိစ္စ သူ့ကိုယ်စားဆောင်ရွက်ပေးဖို့ ကိုယ်စားလှယ်လွှဲတယ်။ မဟာဒေဝီ မှာကြားတဲ့အတိုင်း ဆောင်ရွက်ပေးနေချိန် ကျနော့်ပါတီက လူတွေနဲ့အဆက်အသွယ်ပြတ်ခဲ့တာလည်း ရှိတယ်။ အဲတော့ သူတို့အစည်းအဝေးလုပ်တာ ကျနော့်ကို အကြောင်းမကြားဘူး။ သူတို့ ဆုံးဖြတ်ချက်တွေချတာလည်း ကျနော် ဘာမှမသိရဘူးပေါ့။ ဒါပေမဲ့ အဲဒီကိစ္စ မိုင်းရယ်အမတ်က ပါတီကိုယ်စား လာတောင်းပန်ပါတယ်။ နောက်ကို ဒီလိုမဖြစ်စေရပါဘူးပေါ့။” “နောက်ပါတီ မူဝါဒအပြောင်းအလဲကိစ္စ သူတို့လုပ်နေတာကြာပြီ။ နောက်မှ ကျနော်သိရတယ်။ လက်မှတ်ထိုးတာလည်း ဒုဥက္ကဋ္ဌ၊ အဲဒါကြောင့် ကျနော်လည်း စက်တင်ဘာ ၂၅ ရက်နေ့က ပါတီဥက္ကဋ္ဌကနေ နုတ်ထွက်ကြောင်း စာတင်လိုက်တယ်။ ပြီးတော့ သတင်းစာထဲမှာလည်း ထည့်လိုက်တယ်။ အဲဒါ သူတို့ကတွေ့တော့ ၃၁ ရက်နေ့မှာအစည်းအဝေးလုပ်တယ်။  ၁ ရက်နေ့မှာ ကျနော့်ကို ဆက်သွယ်တယ်၊ လူချင်းတော့မဆွေးနွေးရပါဘူး။ ကိုဗစ်-၁၉ ကြောင့် အိမ်ပြင်လည်း ထွက်လို့မရဘူးလေ။ ကျနော်ကတော့ ပြောတာပေါ့။ ဥက္ကဋ္ဌ ဖြစ်တယ်၊ ဘာမှလည်းမသိရဘူးပေါ့ ။ သူတို့က ကျနော့်ကို တောင်းပန်တယ်။ မှားတာလည်းမှားပြီးပြီပေါ့။ အခုအချိန်က ရှမ်းပြည်အတွက် အရေးအကြီးဆုံးအချိန်လည်း ဖြစ်တယ်။ ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းလည်း များတယ်၊ အများကလည်း ကျနော့်ကို တောင်းဆိုနေကြတယ်ပေါ့။ ထာဝရ ဥက္ကဋ္ဌ  လုပ်ပေးပါပေါ့။  ရွေးကောက်ပွဲမှာ သူတို့က တတိယနေရာ အနိုင်ရဖို့ ဆန္ဒရှိတယ်။ ကျနော်လည်း ဆန္ဒရှိတယ်။ အဲဒါကြောင့် ကျနော်က လက်ခံလိုက်တယ်။  ဒါပေမဲ့ ထာဝရဥက္ကဋ္ဌတော့  မလုပ်ပါနဲ့ဗျာ ၊  အစည်းအဝေးရှိမှ သွားလို့ရတဲ့ နာယကပဲ ပေးပါလို့ ပြောလိုက်တယ်။ သူတို့က ပြန်ပြီးတော့ကာ တိုင်ပင်မယ်တဲ့။ ရွေးကောက်ပွဲပြီးတဲ့အထိတော့ ကျနော်ဥက္ကဋ္ဌ လုပ်ပေးမယ်။ လူလူချင်းပြန်တွေ့လို့ရတဲ့အချိန်မှာ ကျနော်တို့ပြန်ဆွေးနွေးမယ် ပြေလည်မယ်လို့ထင်ပါတယ်။ ကျနော်တို့ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်  မိတ်ဖက်အဖွဲ့ ယူအန်အေကလည်း ကျနော့်ကို ပါတီနာယကအနေနဲ့ ပြန်လုပ်သင့်တယ်လို့ တိုက်တွန်းထားပါတယ်”  မေး - အန်ကယ်နှစ်ပေါင်း ၃၀ ကျော်နိုင်ငံရေးလုပ်ခဲ့တဲ့ ကာလအတောအတွင်း ကျေနပ်အားရမှုရှိခဲ့တဲ့အပိုင်းတွေ ပြောပြပါလား။  ဖြေ - “အဲဒါတော့ ကျနော် ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ ကျနော်တို့ ဘာလုပ်ခဲ့လဲဆိုတာ ခင်ဗျားတို့တွေ သိပါတယ်။ ကျနော်တို့ ဘဝမျိုးစုံ ကျင်လည်ခဲ့ရတယ်။ ကျနော့်အဖေဆို တိုင်းရုံးက ခေါ်သွားတာ ၁၂ နှစ်လောက် ကြာတယ်။ ကျနော့်ဦးလေး ( စဝ်ကြာဆိုင် ) ဆို အထိမ်းသိမ်းခံရပြီးတော့ကို ပျောက်သွားတာ။ ပြစ်ဒဏ်တွေ ချချင်သလိုချတယ်။ ကျနော်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သပိတ်မှောက်လို့ ထောင်ကျတယ်။  ၉၃ နှစ် ထောင်ဒဏ်၊ ပူတာအိုထောင်မှာ ၇ နှစ်နီးပါးနေရတယ်။ ပါတီအတွက်တော့ လုပ်လာပြီပဲ၊ များကြီးပဲ ၊ နောက်ပိုင်း မျိုးဆက်သစ်တွေလုပ်တာလည်း တော်တော်လေးကောင်းပါတယ်။  အခုအခြေအနေအရဆိုရင် သိပ်ပြီးတော့ကံကောင်းရင် ကျနော်တို့  SNLD က လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၃၁ ဦး ပြီးတော့ တိုင်းရင်းသားပေါင်းစုံက ဟိုဘက်ကနည်းနည်း ဒီဘက်ကနည်းနည်းဆိုရင် ၁၅၀ လောက်ဖြစ်သွားမယ်ထင်တယ် ၊ အဲဒီမှာ ၈၀ - ၁၀၀ လောက်နိုင်ရင်တော့ အင်အားကောင်းပြီပေါ့။” မေး - ဝါရင့်နိုင်ငံရေးသမားကြီးတယောက်အနေနဲ့ မျိုးဆက်သစ် လူငယ်နိုင်ငံရေးသမားတွေကို ဘာပြောချင်ပါသလဲ။  ဖြေ -  မျိုးဆက်သစ်လူငယ်တွေကတော့ တော်တော်မှာယူရမှာပေါ့ဗျာ။  သူတို့ခမြာလည်း ပြောနေကြတယ်၊ ဘွဲ့ရပြီးအလုပ်မရဘူးပေါ့။ အဲလိုဘဝမျိုးကရှိနေတယ်။ ဒီမိုကရေစီကလည်း တစ်ခါပဲရှိသေးတယ်။ တစ်ပတ်ပဲလည်သေးတယ်လေ။ အဲဒါနဲ့အတူ သူတို့က ဆက်ပြီးတော့ ကြိုးစားရတော့မှာပဲ။ တော်တော်လေ့လာရတော့မှာ။ ကျနော်တို့တိုင်းပြည်က ကမ္ဘာနဲ့ ယှဉ်လိုက်ရင် တော်တော်လေးကိုနောက်ကျနေပြီ။ တိုင်းပြည်မှာ စီးပွားရေးနဲ့ နိုင်ငံရေးက သဟဇာတ မမျှသေးဘူး။” မေး - ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အခြေအနေ အခင်းအကျင်းနဲ့ ပတ်သက်ပြီးတော့ ဘာပြောချင်ပါသလဲ။  ဖြေ- “နိုင်ငံရေးမှာ ဖြစ်နေတာက နိုင်ငံရေးပါတီတိုင်းက ကိုယ် ပြောမယ့်စာတမ်းကိုတောင်မှ ဆင်ဆာလုပ်တယ်ဆိုတော့ သွားပြီ။ ကိုယ့်ပါတီအတွက် နောင်လာနောက်သားတွေအတွက် သူ့မူဘောင်နဲ့သူ ရေးတာကို ဖြတ်တယ်ဆိုတော့ ရွေးကောက်ပွဲကော်မရှင်က အာဏာရအစိုးရရဲ့ အောက်မှာရှိသလို ဖြစ်နေတယ်။ လွတ်လပ်တဲ့ရွေးကောက်ပွဲ လုပ်ချင်ရင် ပညာတတ်တဲ့သူတွေ သမာသမတ်ရှိတဲ့လူတွေက ကြားကနေပြီးမှ ကိုင်ပေးမှရမယ်။  အစိုးရကနေပြီးမှ သူ့အောက်မှာ ရှိတဲ့လူတွေကို ခန့်ပြီးမှလုပ်မယ်ဆိုရင် ဒီ ဒီမိုကရေစီဟာ ကြာဦးမယ်။ နိုင်ငံရေးက အရင်လောက်တော့  မဆိုးတော့ပါဘူး။ အရင်တုန်းကလို မကြောက်ရတော့ဘူး။ ရဲရဲတင်းတင်း ပြောလိုဆိုလို့ရတယ်။ အဲဒီတော့ ပြောရမယ်။ မပြောရဲဘူးဆိုတာမျိုး မရှိရဘူး။ ဒီမိုကရေစီ ရင့်ကျက်လာလေလေ ခက်ခဲတဲ့ဟာတွေ ပပျောက်လာလေပေါ့။ နည်းပညာတွေလည်း Up to Date ဖြစ်အောင် လုပ်ရမယ်။ အခုလောလောဆယ် ဗိုင်းရပ်စ် ကပ်ရောဂါကတော့ တော်တော်ဆိုးနေတော့ ဘယ်မှထွက်လို့မရဘူး။ အဲဒီတော့ စည်းနဲ့ကမ်းနဲ့နေရမယ်။ စည်းနဲ့ကမ်းနဲ့ လုပ်ရမယ်။ အဲလိုမှမလုပ်ရင် ပြဿနာတော်တော်ကြီးလာဦးမယ်။ အဲဒါပဲ ပြောချင်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024