Home
မေးမြန်းခန်း
တယ်လီနော် ကုမ္ပဏီနှင့် တွေ့ဆုံမေးမြန်းချက်
DVB
·
July 11, 2013
မြန်မာ့ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းလုပ်ခွင့်ကို နော်ဝေအခြေစိုက် တယ်လီနော်ကုမ္ပဏီနဲ့ ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီတို့ကို ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့က ရွေးချယ်လိုက်လိုက်ပါတယ်။ အဲဒီနှစ်ခုထဲက တယ်လီနော်ကုမ္ပဏီဟာ ဥရောပ မြောက်ပိုင်း၊ အရှေ့နဲ့ အလယ်ပိုင်းအပါအ၀င် အာရှဒေသ ဆက်သွယ်ရေး ဈေးကွက်ကြီး ၅ ခုမှာ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးနေတာပါ။ လုပ်ငန်းလိုင်စင်ရပြီးနောက်  မြန်မာနိုင်ငံမှာ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်း  အကောင် အထည်ဖော် လုပ်ဆောင်နေမှုတွေနဲ့ ပြိုင်ဘက်တွေထက်သာအောင် ဘယ်လိုဝန်ဆောင်မှုတွေ ပေးသွားဖို့ရှိမလဲ၊ နောက် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ဘယ်လို ကျော်လွှားဖို့ ပြင်ဆင်ထားသလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး တယ်လီနော် ကုမ္ပဏီ ဒုဥက္ကဋ္ဌ မစ္စတာ ပေါလ် ကဗလ်ဟင်မ် (Pal Kvalheim) ကို ဒီဗွီဘီသတင်းဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက   သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။ အရင်တုန်းက မြန်မာနိုင်ငံမှာ နိုင်ငံခြား ကုမ္ပဏီတွေကို စီးပွားရေးလုပ်ကိုင်ခွင့်ပေးတဲ့ ကိစ္စဟာ အင်မတန်ကို အငြင်းပွားစရာဖြစ်တဲ့ကိစ္စပါ။ အခု မြန်မာနိုင်ငံမှာ တယ်လီနော်က လုပ်ပိုင်ခွင့်ရတာနဲ့ပတ်သက်လို့ စိတ်ဝင်စားနေတဲ့သူတချို့တော့ရှိပါတယ်။ သူတို့စိတ်ဝင်စားတဲ့ကိစ္စက နော်ဝေးအစိုးရနဲ့ မြန်မာအစိုးရက ဆက်ဆံရေး ပြေလည်လို့ တယ်လီနော်က စီးပွားရေးလုပ်ကိုင်ခွင့် ရသွားသလားဆိုတဲ့ဟာမျိုး ဝေဖန်တဲ့ဟာမျိုးရှိပါတယ်။  ဒီကိစ္စနဲ့ပတ်သက်လို့ တယ်လီနော်က ဘယ်လို ရှင်းပြချင်ပါသလဲ။ “လုပ်ငန်းလုပ်ခွင့် ရွေးချယ်တဲ့ဖြစ်စဉ်ကို ကျနော်တို့ သဘောကျတယ်။ ဖြစ်စဉ်ဟာ ပွင်းလင်း မြင်သာမှုရှိသလို မျှတမှုလည်းရှိတယ်။ ဒီအတွက် ဂုဏ်ယူသင့်တယ်။ အဲဒီလုပ်ငန်းစဉ်မှာ ပါဝင်ပြီးမှ အရွေးခံရတော့ ပိုပြီးဂုဏ်ယူမိတယ်။ တယ်လီနော်အနေနဲ့ အခက်အခဲရှိတဲ့ နေရာတွေမှာ အလုပ်လုပ်ဖူးပါတယ်။ လာဘ်စားတာနဲ့ ပတ်သက်လို့ ကျနော်တို့ လုံးဝအားမပေးပါဘူး။ မြန်မာနိုင်ငံမှာလည်း ကျနော်တို့ ဒီလမ်းစဉ်အတိုင်းပဲ ကျင့်သုံးမှာပါ။” တယ်လီနော်ရဲ့ သတင်းထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတာက ၀န်ဆောင်မှုအားလုံးကို လာမည့် ၅ နှစ်တောအတွင်းမှာ အပြီးပေးနိုင်မယ်လို့ ပြောထားတာ ရှိပါတယ်။  ဒါပေမယ့် တယ်လီဖုန်းနဲ့ SMS လုပ်ငန်းတွေကိုတော့ လာမယ့်နှစ်မှာ စပေးမယ်လို့ ပြောထားတာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ တယ်လီနော်က နည်းနည်းရှင်းပြပေးပါလာ။ “ပထမဆုံးကတော့ ကျနော်တို့ လိုင်စင်ကိစ္စ အသေချာ ပြောကြရဦးမှာပါ။ သုံးလအတွင်း တော့ လိုင်စင်ရမယ်ထင်ပါတယ်။ တပြိုင်နက်ထည်းမှာ မြန်မာပြည်တွင်းမှာ ပြင်ဆင်မှုတွေ လုပ်သွားမှာပါ။ ပြည်တွင်းမှာ အလုပ်သမားတွေ ခန့်အပ်သလို တယ်လီနော် ဒေသအတွင်း နဲ့ ဌာနချုပ်က ကျွမ်းကျင်ဝန်ထမ်းတွေလည်း ခေါ်လာမယ်။ ဒီကနေ လုပ်ငန်းတွေ ချဲ့ထွင်သွားမယ်။ ဒါဆိုရင် တယ်လီဖုန်း၊ SMS နဲ့ အင်တာနက်တွေ အမြန်ဆုံး  အသုံးပြုနိုင်မယ်။” တယ်လီနော်က မြန်မာနိုင်ငံထဲမှာ လုပ်မယ့် ၀န်ဆောင်မှုလုပ်ငန်းတွေ အားလုံးနဲ့ ပတ်သက်ပြီးတော့ မိုဘိုင်းတယ်လီဖုန်းတင်လား ဒါမှမဟုတ် အင်တာနက်၊ အီးမေးလ်အပါအ၀င် အင်တာနက်နဲ့ ဆက်စပ်နေတဲ့ ၀န်ဆောင်မှု လုပ်ငန်းတွေရော ပါလာပြီးတော့ အသုံးပြုမယ့် နည်းပညာပေါ့လေ။ အဲဒါကတော့ အများပြောနေကြတဲ့ 4G တို့ပါ စပြီးတော့ လုပ်ဆောင်ဖို့ ရှိပါသလား။ “အရေးကြီးဆုံးက အခြေခံကျတဲ့ ၀န်ဆောင်မှုနဲ့ စတင်ဖို့ကိစ္စပါ။ တယ်လီဖုန်း အသံနဲ့ SMS လုပ်ငန်းတွေနဲ့ စမှာပါ။ ပြီးရင် အင်တာနက် လုပ်မယ်။ 3G လား၊ 4G လားဆိုတာ သိပ်စိုးရိမ်စရာ မလိုသေးပါဘူး။ လူတိုင်း ဈေးနှုန်းသက်သာစွာနဲ့ အင်တာနက်သုံးနိုင်ဖို့လိုတယ်။ ဒါတွေဟာ ပထမ လုပ်ငန်းစဉ်ဖြစ်သလို့ ၀န်ဆောင်မှုက ကောင်းရမယ်။ အားလုံး သုံးနိုင်ရမယ်။ ဒါတွေရအောင် ကျနော်တို့ လုပ်မယ်။ နည်းပညာအရတော့ 4G အဆင့်သင့်ဖြစ်တဲ့ နည်းပညာပါ။ ဒါပေမယ့် 4G နဲ့ စမယ်ဆိုတာမျိုးတော့ မဆိုလိုပါ။” [caption id="attachment_41483" align="alignright" width="300" caption="ဦးခင်မောင်ဝင်း နှင့် မစ္စတာ ပေါလ် ကဗလ်ဟင်မ် "][/caption] တယ်လီနော်က ပြည်တွင်းမှာ ပူးတွဲဆောင်ရွက်မယ့် အဖွဲ့အစည်းတွေ ရှိနေပြီလား။ ဘာကြောင့်လဲဆိုတော့ တချို့နိုင်ငံတွေမှာ ဒီတယ်လီကွန်မြူနီကေးရှင်းက ၀န်ဆောင်မှုကို ပေးတယ်။အဲဒါနဲ့ ပေါင်းပြီးတော့မှ ဥပမာဆိုကြပါစို့ ရာသီဥတုသတင်း ပေးတာမျိုးတို့၊ သတင်းအချက်အလက်တွေကို မိုဘိုင်းဖုန်းကနေ ပေးနေတာရှိပါတယ်။ အဲဒီလို အစီအစဉ်တွေရော တယ်လီနော်မှာ လုပ်ဖို့ အစီအစဉ်တွေ ရှိပါသလား။ “အဲဒါဟာ ကျနော်တို့ ၀န်ဆောင်မှုလုပ်ငန်းရဲ့ အားသာချက်ပါ။ တယ်လီဖုန်း SMS ၀န်ဆောင်မှုနဲ့ စမယ်။ အင်တာနက်ဝန်ဆောင်မှုပေးလိုက်တဲ့အချိန်မှာ လူ့အဖွဲ့အစည်းတခုလုံး အကျိုးရှိသွားမှာပါ။ ခင်ဗျားတို့လို မီဒီယာတွေက ပေးနိုင်တဲ့ သတင်းအချက်အလက်တွေကို လူထုက အလွယ်တကူ ရရှိသွားမှာပေါ့။” အခု မြန်မာနိုင်ငံ တယ်လီကွန်မြူနီကေးရှင်းကဏ္ဍမှာ စီးပွားရေးလုပ်ကိုင်ခွင့်ရတာက တယ်လီနော် တခုတည်းမဟုတ်ပါဘူး။ ပြည်တွင်းကုမ္ပဏီ ၂ ခုလည်းရှိတယ်။ နောက် ကာတာ အခြေစိုက် အော်ရီဒူးကုမ္ပဏီလည်း ရှိပါတယ်။ အဲတော့ တယ်လီနော်အနေနဲ့ ယှဉ်ပြိုင်ရမယ့် သူတွေ ရှိတာပေါ့။ ဆိုတော့ အော်ရီဒူးက ဘာပြောထားလဲဆိုတော့ မြန်မာနိုင်ငံမှာ ရင်နှီးမြှုပ်နှံမှုကို ၁၅ ဘီလီယံအထိ ထည့်မယ်။ ၂ နှစ်တာအတွင်းမှာ မြန်မာလူဦးရေ ၉၀ ရာခိုင်နှုန်းလောက်အထိကို ဒီဝန်ဆောင်မှုတွေ ပေးနိုင်လိမ့်မယ်လို့ ပြောထားတာရှိပါတယ်။ အခုနက မစ္စတာ ပေါလ် ကဗလ်ဟင်မ် ပြောတာ နားထောင်ကြည့်တော့ ဒီတယ်လီနော် လုပ်မယ့် အစီအစဉ်က နှေးနေသလားလို့ ထင်နေရတယ်။ ဆိုတော့ အဲလိုမျိုး အခြေအနေအောက်မှာ ကိုယ့်ပြိုင်ဘက် ကုမ္ပဏီကြီးတွေနဲ့ ပြိုင်နိုင်ပါ့မလား။ “လိုအပ်တဲ့ ၀န်ဆောင်မှုလုပ်ငန်းကို ကောင်းကောင်းမွန်မွန်ပေးနိုင်အောင် ကျနော်တို့ လို အပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သွားမယ်ဆိုတာ ကျနော် အာမခံပြောကြားလိုပါတယ်။ ဈေးကွက်ထဲက အခြားဝန်ဆောင်မှုပေးနေသူတွေနဲ့ ကျနော်တို့ ယှဉ်နိုင်ပါတယ်။ ဒီနည်းနဲ့ ၀န်ဆောင်မှု ကောင်းလာမယ်၊ ဈေးကျလာမယ်၊ လူထုအများသုံးနိုင်မယ်။ ကျနော်တို့က အားလုံးနဲ့ ယှဉ်နိုင်မှာဖြစ်သလို ၀န်ဆောင်မှုလည်း ကောင်းမယ်ဆိုတာ အာမခံရဲပါတယ်။” အခုမယ့် မေးမယ့်မေးခွန်းက ဈေးနှုန်းနဲ့ ပတ်သက်ပါတယ်။ မြန်မာနိုင်ငံမှာ သိတဲ့အတိုင်းပဲ အခု ဆင်းကတ်တခုကို ဒေါ်လာ ၂၀၀ လောက် ပေးနေရဆဲပဲပေါ့လေ။ ဒါတောင် အရင်တုန်းက ဒေါ်လာ ၂၀၀၀ ကျော်တယ်။ သူများနိုင်ငံမှာကျတော့ အလကားနီးပါး ပေးနေကြတယ်။ အဲတော့ တယ်လီနော်က မြန်မာနိုင်ငံထဲ ၀င်ခြင်းအားဖြင့် ဈေးနှုန်းတွေ လျှော့ချရောင်းဖို့ အစီအစဉ်များ ရှိသလား။ “အခုအချိန်မှာ ဈေးနှုန်းကိစ္စ ကျနော် အတိအကျ မပြောနိုင်ပါဘူး။ ကျနော်တို့ အာရှ အိမ် နီးချင်းနိုင်ငံတွေမှာ ပေးနေတဲ့ ၀န်ဆောင်မှုကို လေ့လာကြည့်ပါ။ အိန္ဒိယမှာဆိုရင် ကျနော်တို့ ၀န်ဆောင်မှုဟာ ဈေးအပေါဆုံးဖြစ်သလို တနိုင်ငံလုံးမှာလည်း ပျံ့နှံနေပါတယ်။ ဒါကြောင့် လူထုကြီးတရပ်လုံး ဈေးသက်သာစွာ သုံးစွဲနိုင်တယ်။ မြန်မာနိုင်ငံမှာလည်း ဒီအတိုင်း လုပ်မှာပါ။ ဒါမှ လူထုတရပ်လုံး အကျိုးရှိမှာပါ။ အခုအချိန်မှာ လူအနည်းငယ်ပဲ မိုဘိုင်းဖုန်းသုံးနိုင်တယ်။ ဆိုကြပါစို့။ နောက် ၁၀ နှစ်ဆိုရင် လူတိုင်း မိုဘိုင်းဖုန်း ကိုယ်စီရှိလာကြမှာပါ။” မြန်မာနိုင်ငံမှာ ဆင်ဆာလုပ်တာနဲ့ ပတ်သက်လို့ကတော့ နာမည်ဆိုးနဲ့ ကျော်ကြားတယ်လို့ ပြောရမှာပေါ့။ သတင်းမီဒီယာ လောကတခုလုံးကို အစိုးရက ဆင်ဆာလုပ်တယ်။ အဲဒါအပြင်ကို လေထဲမှာလည်း လေကြောင်းက သွားတဲ့အသံလိုင်းတွေကိုလည်း ဆင်ဆာလုပ်တယ်ဆိုတဲ့ဟာ ကျနော်တို့ ကြားရပါတယ်။ ဆိုတော့ တယ်လီနော်က နေပြီး အထဲမှာဝင်ပြီး စီးပွားရေးလုပ်မယ်။ လေလိုင်းကနေ လုပ်ဆောင်တဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ ပေးမယ်ဆိုတဲ့နေရာမှာ အစိုးရကနေပြီး တချို့အသံလိုင်းတွေကို ထိန်းချုပ်ထားတာမျိုးတို့၊ ဒါမှမဟုတ် တယ်လီနော် ၀န်ဆောင်မှုလုပ်ငန်းကို သုံးပြီးတော့ ပြောဆို ဆက်သွယ်ဆက်ဆံနေကြတဲ့အပေါ်မှာ ထိန်းချုပ်မှု ရှိလာလိမ့်မယ်လို့ စိုးရိမ်စိတ်များ ရှိခဲ့ဖူးသလား။ “ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ သတိရှိပါတယ်။ ကျနော်တို့ လုပ်ကိုင်နေတဲ့ နိုင်ငံတိုင်းမှာ အစိုးရအနေနဲ့ တယ်လီကွန်မြူနီကေးရှင်း ၀န်ဆောင်မှုတွေကို အစိုးရက အတိုင်းအတာတခုအထိ ၀င်ပါနေတာ ရှိပါတယ်။ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုပဲ အားထားရမှာပါ။ ဒီမိုကရေစီ အပြည့်အ၀ရဖို့ဆိုရင် လူ့အဖွဲ့အစည်းထဲမှာ ဆင်ဆာဖြတ်တောက်မှုတွေ နည်းနိုင်သမျှ နည်းဖို့လိုတယ်။ မြန်မာလူထုအနေနဲ့ အဲဒီပန်းတိုင်ရောက်တဲ့အထိ ချီတက်ကြလိမ့်မယ်လို့ ကျနော်ယုံကြည်တယ်။ အဲဒီအခါကျရင် ပွင့်လင်းမြင်သာတဲ့ မိုဘိုင်းဝန်ဆောင်မှုလုပ်ငန်းတွေ မြန်မာပြည်မှာ ရှိလာမှာပါ။” အရင်တုန်းက မြန်မာနိုင်ငံမှာ နိုင်ငံခြားက ၀င်လာတဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေဟာ ပြည်တွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ ပါဝင်ပတ်သက်တယ်ဆိုတဲ့ဟာမျိုးတွေကို ပြောဆိုနေကြတာ ကြားရပါတယ်။ အထူးသဖြင့် လယ်သိမ်းမြေသိမ်းကိစ္စမျိုးတို့၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတာမျိုးတို့၊ တချို့စီမံကိန်းကြီးမှာဆိုရင် လူ့အခွင့်အရေးကို သိသိသာသာချိုးဖောက် တာမျိုးတို့ ပြောဆိုခံနေရတာ ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ တယ်လီနော်ကလည်း သတိပြုလိမ့်မယ်လို့ ယူဆပါတယ်။ ဒီကိစ္စတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းဖို့ စဉ်းစားချက်ရှိပါသလဲ။ “အဲဒီပြဿနာတွေအားလုံးကို ကျနော်တို့ သိပါတယ်။ ဒါတွေကို ကျော်နိုင်ရမှာပေါ့။ ဒါတွေကို ပွင့်လင်းမြင်သာတဲ့နည်းတွေနဲ့ ဆောင်ရွက်ဖို့ ကျနော်တို့မှာ ဆုံးဖြတ်လျက်ရှိပါတယ်။ ဥပမာ မိုဘိုင်း ထပ်ဆင့်လွှင့်တာဝါတွေ ဆောက်လုပ်ရာမှာ မြေယာပိုင်ဆိုင်မှုကိစ္စတွေ ပတ်သက်နိုင်တာ ကျနော်တို့ သဘောပေါက်တယ်။ လူထုပိုင်ဆိုင်မှုတွေ ချိုးဖောက်ရာ မရောက်အောင် ကျနော်တို့ သတိနဲ့ ဆောင်ရွက်မယ်။ ဒါကို ကျနော်တို့ ကျော်လွှားနိုင်တာကတော့ သေချာပါတယ်။ တယ်လီကွန်မြူနီကေးရှင်းလုပ်ငန်းဟာ အကျိုးရှိစေမယ့် လုပ်ငန်း ဖြစ်တယ်ဆိုတာ ကျနော် ထောက်ပြချင်ပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်းအတွက် လိုအပ်တဲ့ လမ်းတွေ၊ သင်္ဘော ဆိပ်တွေလိုပါပဲ။ လူထုကို အင်တာနက် အသုံးပြုခွင့်ရအောင် လုပ်ပေးတာဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ကူညီရာရောက်ပါတယ်။ လူထု ၁၀ ရာခိုင်နှုန်းလောက် မိုဘိုင်းနဲ့ အင်တာနက်သုံးစွဲခွင့်ရရင် တတိုင်းပြည်လုံး စီးပွားရေး ၁ ဒဿမ ၂ ရာခိုင်နှုန်း တိုးတက်စေတယ်လို့ ကျနော်တို့ သုတေသီတွေ တွေ့ရှိထားပါတယ်။ ဒါကြောင့် ကျနော်တို့ ၀န်ဆောင်မှုဟာ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအတွက် ကောင်းကျိုးဖြစ်စေမှာပါ။ လူထုအလုပ်အကိုင်ရရှိရေးကို အထောက်အကူဖြစ်စေတယ်။ တပြိုင်နက်တည်းမှာ ကျနော်တို့ ၀န်ဆောင်မှုစီးပွားရေးမှာ ပွင့်လင်းမြင်သာ နည်းလမ်းမှန်စွာနဲ့ လုပ်သွားမှာပါ။” တယ်လီနော်ရဲ့ ရင်နှီးမြှုပ်နှံမှုက မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ လူထုတွေ အလုပ်ရရှိအောင် ဖန်းတီးပေးနိုင်မယ်ဆိုပြီးတော့ ပြောသွားတာရှိပါတယ်။ ဒီတယ်လီနော် ရင်းနှီး မြှုပ်နှံမှုကနေပြီး တိုက်ရိုက် အလုပ်ခန့်ထားနိုင်တဲ့ဟာမျိုးရှိသလို သွယ်ဝှက်သောနည်းအားဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီးတော့ အလုပ်ရရှိတဲ့ဟာလည်းဖြစ်နိုင်ပါတယ်။  တယ်လီနော် ရင်းနှီးမြှုပ်နှံမှုတခုတည်းကနေပြီး တိုက်ရိုက်အလုပ်သမား ဘယ်နှယောက်လောက်ကိုများ အလုပ်ခန့်နိုင်လိမ့်မယ်ဆိုတာ ရှင်းပြလို့ရမလား။ “လူဘယ်နှယောက်ကို အလုပ်ခန့်နိုင်လိမ့်မယ်လို့တော့ ကျနော် အတိအကျ မပြောနိုင် သေးပါဘူး။ အလုပ်ခန့်ထားနိုင်စွမ်း ကြီးမားတဲ့ကုမ္ပဏီဆိုတာတော့ ပြောနိုင်တယ်။ ဒေသခံ မြန်မာအတော်များများ အလုပ်ရရှိကြမှာပါ။ အရှေ့တောင်အာရှနိုင်ငံတွေမှာလည်း ကျနော်တို့ဟာ အလုပ်အများကြီး ခန့်ထားနိုင်တဲ့ကုမ္ပဏီပါ။ သွယ်ဝိုက်သောနည်းဖြင့်လည်းပဲ ကျနော်တို့ ၀န်ဆောင်မှုကနေ စီးပွားရေး တိုးတက်မှုရစေမယ်၊ ဒီတော့ လူထုတွေ အလုပ်ရရှိရေးကို အထောက်အကူ ပြုပါတယ်။” နော်ဝေးနိုင်ငံဟာ လူ့အခွင့်အရေးစံချိန်စံညွန်းရော အလုပ်သမား စံချိန်စံညွန်းရော အင်မတန်မြင့်မားတဲ့နိုင်ငံဆိုတာ တကမ္ဘာလုံးက သိထားကြပါတယ်။ ဒါကြောင့် တယ်လီနော်ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်တော့မယ်ဆိုလို့ရှိရင် ဘယ်လိုမျိုး လူ့အခွင့်အရေး စံချိန်စံညွှန်းတွေ၊ အလုပ်သမား စံချိန်စံညွှန်းတွေ လုပ်ငန်းခွင်စံတွေကို သယ်သွားမှာလဲ။ “ကျနော်တို့နဲ့အတူ တယ်လီနော်လုပ်ထုံးလုပ်ဟန်တွေကို ခေါ်ဆောင်သွားမှာပါ။ ဆိုလိုတာကတော့ ကျနော်တို့ရဲ့ စီးပွားရေးလုပ်ကိုင်နည်းပါ။ အဲဒါကတော့ ပွင့်လင်းမြင်သာတယ်။ ခေတ်မီတိုးတက်တယ်။ ကျင့်ဝတ်တွေကို လေးစားလိုက်နာတယ်။ ခေတ်မီပြီး ကောင်းမွန်တဲ့ အလုပ်ရှင်ကုမ္ပဏီဖြစ်အောင် လုပ်ဆောင်တယ်။ ဒါတွေဟာ ကျနော်တို့ မြန်မာပြည်ကို ယူသွားမယ့် အလေ့အကျင့်တွေ ဖြစ်ပါတယ်။ ကျနော်တို့ဟာ တာဝန်ခံမှုအပြည့်ရှိမဲ့ အလုပ်ရှင်ဖြစ်မှာပါ။ ဒါ့အပြင် ကျနော်တို့ကို ပစ္စည်းပေးသွင်းမယ့် ပြည်တွင်းလုပ်ငန်းရှင်တွေလည်း ဒါတွေ လိုက်နာအောင် ဆောင်ရွက်မှာပါ။” နောက်ဘာတွေများ ဖြည့်စွက် ပြောချင်ပါသေးလဲ။ “မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ စတင်ဖို့ ကျနော်တို့ တကယ်ကိုစိတ်အားထက်သန်နေပါတယ်။ ကျနော်တို့ဟာ မြန်မာလူထုနဲ့အတူ ဒီခရီးကို ချီတက်ဖို့ အသင့်ရှိပါတယ်။ မြန်မာလူထု အားလုံး အကျိုးရှိမယ့် မိုဘိုင်းနဲ့ တယ်လီကွန်မြူနီကေးရှင်း ၀န်ဆောင်မှုတွေကို ပေးဆောင်ဖို့ အသင့်ရှိနေပါပြီ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024