အဖွဲ့အစည်းနှင့်ပါတီများ လူစုလူဝေးမလုပ်ကြရန် ကယားကျန်းမာရေးဦးစီးမှူး မေတ္တာရပ်ခံ

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်မှုပေးနိုင်တဲ့ ပါတီရွေးချယ်တဲ့နေရာ ရွေးကောက်ပွဲဟာ အရေးကြီးပေမယ့် လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိအောင် လူစုလူဝေး လုပ်ဆောင်တာတွေကို ရှောင်ရှားစေချင်တယ်လို့ ကယားပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က ပြောပါတယ်။  “ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီပဲဖြစ်ဖြစ် လူစုလူဝေးနဲ့ လုပ်တဲ့ကိစ္စတွေ တတ်နိုင်သမျှ မဆောင်ရွက်ကြဖို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ဒီတိုင်းပဲ ကျနော်တို့ မဲဆွယ်တာ ဘယ်သူပဲဖြစ်ဖြစ် ကျနော်တို့ ရွေးကောက်ပွဲကလည်း နီးလာပြီဆိုတော့ လုပ်တာလည်း လုပ်စေချင်ပါတယ်။ ဒါပေမဲ့ ဒီရောဂါကြီးက အဓိကဆိုတဲ့ဟာကို ပြောချင်ပါတယ်။ နောက်ဆုံး ပြောချင်တာက ဒီရောဂါ ကူးစက်ပြန့်ပွားခဲ့ရင် မဲတောင်မပေးလိုက်ရဘဲနဲ့ ဒုက္ခရောက်မယ့်ဟာတွေ မဖြစ်စေချင်တာပါ။ ကျနော်တို့ နိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကို ဦးဆောင်မှုကောင်းကောင်းပေးနိုင်တဲ့ ပါတီတခုခု အစိုးရအဖွဲ့ဖွဲ့စည်းနိုင်ဖို့ ရွေးကောက်ပွဲကလည်း အရေးကြီးပါတယ်။ သို့သော် လတ်တလောဖြစ်နေတဲ့ ရောဂါကြီးနဲ့ ကူးစက်ပြန့်ပွားမှုမရှိအောင် အားလုံးလိုက်နာပေးကြပါလို့ ကျနော် ဒီနေရာကနေ တိုက်တွန်းလိုပါတယ်။ ” ၂၀၂၀ အထွေထွေရွေးကောက်ပွဲနီးလာတာနဲ့အမျှ ပါတီက မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်နေကြသလို တချို့ပါတီစည်းရုံး လှုံ့ဆော်မှုတွေမှာ လူထောင်နဲ့ချီ ပါဝင်နေတာ တွေ့ရပါတယ်။ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု တနေ့တခြား မြင့်တက်လာချိန်မှာ လူ ၉၀ ထက် ပိုမစုဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပေမယ့် ပါတီစည်းရုံးမှုတွေ လုပ်ဆောင်ရာမှာ လူထောင်ချီပါဝင်နေတာဖြစ်ပါတယ်။  ကယားပြည်နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ မတွေ့ရသေးပေမယ့် ဒီလူအစုလိုက်ထဲမှာ ပိုးပါလာခဲ့ရင် ထိန်းမနိုင်တဲ့ အခြေအနေရောက်သွားမှာကို စိုးရိမ်ကြောင်းလည်း ဒေါက်တာဌေးလွင်က ပြောပါတယ်။  “ကျနော်တို့ဆီမှ အခု ပိုးမတွေ့ဘူးဆိုတာ၊ ထိုင်းတွေ နိုင်ငံခြားပြန်တွေလည်း လာကြတယ်။ ကျနော်တို့ ပြည်တွင်းကနေလည်း လာကြတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တွေ ရှိပါတယ်။ အခုချိန်မှာ မတွေ့သေးဘူးဆိုတာ လာတဲ့ထဲမှာ အင်မတန်ကံကောင်းနေလို့ ပိုးပါတဲ့လူမရှိသေးလို့ ကံကောင်းတာ။ အကယ်၍များ ဒီထဲမှာ တယောက် နှစ်ယောက်သော်လည်းကောင်း မဲဆွယ်စည်းရုံးရင်း၊ သွားရင်းလာရင်းနဲ့ တယောက်ယောက်ကနေ ကူးစက်ခဲ့မယ်ဆိုရင် အများကြီး ကူးစက်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ ရောဂါကူးစက်ပြန့်ပွားမှု အဲဒီအချိန်ကျရင် ထိန်းသိန်းဖို့ တော်တော်ခက်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ထားတဲ့ ညွှန်ကြားချက်တွေကို စနစ်တကျ လိုက်နာစေချင်ပါတယ်။ လူစုလူဝေးနဲ့ လုပ်တဲ့ဟာတွေကို တတ်နိုင်သမျှ ရှောင်စေချင်ပါတယ်လို့ ကျနော့်အနေနဲ့ ပြောလိုပါတယ်။” ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြော မဲဆွယ် စည်းရုံးလုပ်ဆောင်ရာမှာ  လူ ၅၀ ဦးထက် မပိုစေဘဲ လုပ်ဆောင်ကြဖို့ စက်တင်ဘာ ၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up