Home
မြန်မာသတင်း
မင်းပြား၊ ရသေ့တောင်တို့တွင် တပ်မတော်နှင့်အေအေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွား
ဝဏ္ဏခွာညို
·
October 4, 2020
မင်းပြားမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တို့မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ အောက်တိုဘာ ၃ ရက်နေ့က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေက DVB ကို ပြောပါတယ်။  အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက မင်းပြားမြို့နယ် မေလွမ်းကျေးရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှာ တပ်မတော်က အဲဒီနေရာတဝိုက် တောင်တန်းတွေကို ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက် တိုက်ခိုက်ခဲ့တယ်လို့ မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က ပြောပါတယ်။ “မနေ့က ၅ နာရီကျော်လောက်က ဖြစ်တယ်။ တိုက်ပွဲဖြစ်ပွားခဲ့နေရာတွေကို တပ်မတော်က ရဟတ်ယာဉ်တွေ လာရောက်တိုက်ခဲ့တယ်။ ၁၅ မိနစ်လောက် ကြာတယ်။ တိုက်ခိုက်ခဲ့တယ်။ မေလွမ်းကျေးရွာအနားတဝိုက်ကို ပစ်ခတ်တာ၊ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိဘူး။ အဲဒီဘက်တွေက ဖုန်းလိုင်းတွေ သိပ်မကောင်းဘူး။”  ဒါ့အပြင် အောက်တိုဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ် ထီးစွဲနဲ့ အောင်သာစည်နားတဝိုက်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် အဲဒီနေ့ နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်လောက်မှာ တပ်မတော်က ရဟတ်ယာဉ်နှစ်စီး လာရောက်ဗုံးကြဲတိုက်ခဲ့တယ်လို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။ “တိုက်ပွဲကတော့ မနေ့ ၉ နာရီခွဲလောက် စတယ်။ အရင်ဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ ဖြစ်တယ်။ ဒါပေမဲ့ ဒီတစ်ခါဖြစ်တာက တော်တော်ကို ပြင်းပြင်းထန်ထန်ဖြစ်တယ်။ ဗုံးကွဲတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အပြန်အလှန်ပစ်ခတ်မှုတွေက တော်တော်ကိုဖြစ်တယ်။ ပြီးတော့ နေ့လယ်ပိုင်းမှာ ရဟတ်ယာဉ်နဲ့ ဗုံးကြဲတယ်။  ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်တယ်။” ရသေ့တောင်မြို့နယ်မှာတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေကို လေယာဉ်နဲ့ နာရီဝက်ကြာ ပစ်ခတ်မှုလုပ်ခဲ့သလို နှစ်ဘက် တိုက်ပွဲဖြစ်ပွားမှုကလည်း မနက်ကနေ့ နေ့လယ်ပိုင်းထိ ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ကျောက်တန်းတိုက်နယ် ဒေသခံအုပ်ချုပ်ရေးမှူးတွေကလည်း DVB ကို ပြောပါတယ်။  တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေကို ရသေ့တောင်မြို့ထက် တပ်မတော်တပ်စခန်းတွေနဲ့  ထီးစွဲ ရေစိုးချောင်းဗျူးဟာကုန်းကနေ တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တယ်လို့ ဦးခင်မောင်လတ်က ပြောပါတယ်။  ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင် ဒုက္ခသည် ၂၂၀၀၀၀ ကျော်ရှိလာနေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC) က ဒီရက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024