မွန်ပြည်နယ်က ကိုဗစ်-၁၉ လူနာသစ် ၈ ဦးတွင် ရန်ကုန်ပြန် ၆ ဦး ပါဝင်
DVB
·
October 4, 2020
မွန်ပြည်နယ်က ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၈ ဦးမှာ ရန်ကုန်ပြန် ၆ ဦးအထိ ပါဝင်ခဲ့တယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
အတည်ပြုလူနာ ၈ ဦးမှာ ၆ ဦးဟာ ရန်ကုန်က ပြန်လာသူတွေဖြစ်ပြီး ကျန် ၂ ဦးကတော့ ရောဂါပိုး ဘယ်ကကူးစက်မှန်း မသိတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
အသစ်ထပ်တွေ့ခဲ့တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေမှာတော့ မော်လမြိုင်မြို့နယ်က ၆ ဦး၊ သထုံမြို့နယ်က ၂ ဦး စုစုပေါင်း ၈ ဦး ရောဂါပိုး ထပ်မံ ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။
ရောဂါပိုး တွေ့ရှိခဲ့တဲ့ အတည်ပြုလူနာတွေကို မော်လမြိုင်ပြည်သူ့ဆေးရုံမှာ ပြောင်းရွှေ့ကုသပေးနေပြီလို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက DVB ကို ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ စက်တင်ဘာ ၃ ရက်နေ့ ညပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၃၀၂ ဦးအထိ ရှိလာခဲ့ပြီး အဲဒီထဲမှာ ၆ ဦး သေဆုံးထားတာပါ။