မူးယစ်ဆေးဖမ်းဆီးရာတွင် ပြန်ခုခံသဖြင့် လားရှိုးမူးယစ်တပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီး၊ ၁ ဦးသေဆုံး

ဓာတ်ပုံ-Ministry of Home Affairs, Myanmar
ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းအရ မူးယစ်ဆေးဝါး ဖမ်းဆီးရာမှာ ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ဖမ်းဆီးရပြီး ၁ ဦးသေဆုံးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာလ ၂ ရက် နေ့လယ်ပိုင်းက သတင်းအရ လားရှိုးမြို့၊ အမှတ် ၅ ရပ်ကွက်၊ နယ်မြေ ၂၊ ခိုင်ရွှေဝါလမ်း၊ အမှတ် (င/၂/၁၂၈) နေ နော်အောင်(ခ)လမုန်နော်အောင် (၅၃) နှစ်ရဲ့ နေအိမ်အား ဝင်ရောက်ရှာဖွေစဉ် ပြန်လည်ခံခုတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဝင်ရောက်ရှာဖွေစဉ် နေအိမ်ဧည့်ခန်းမှာ အိမ်ရှင်နဲ့အတူ စိုင်းနော်(ခ)ဒီလာ(၃၀)နှစ် နဲ့ ခွန်ဖုန်း (၄၆)နှစ်တို့အား တွေ့ရှိပြီး ငြိမ်နေဖို့နဲ့ အိမ်ရှာဖွေစစ်ဆေးမယ်လို့ ပြောကြားနေစဉ် အိမ်ရှင်နော်အောင်က အရိုးအသွား ၂၆ လက်မခန့်ရှိ ဓားဦးချွန်နဲ့ ဦးဆောင် ဖမ်းဆီးသူ ရဲအရာရှိအား ဝင်ခုတ်ခဲ့တာလို့ ဆိုပါတယ်။ လုံခြုံရေးအဖွဲ့က ပထမတစ်ချက် သတိပေး ပစ်ခတ်ခဲ့ပေမဲ့ ဆက်လက်ရန်ပြုတိုက်ခိုက်ပြီး ရဲအရာရှိရဲ့ ပစ္စတိုသေနတ်အား လုယူဖို့ ကြိုးစားလာခဲ့တာကြောင့် တစ်ချက်ထပ်မံ ပစ်ခတ်ခဲ့ရာ ဝဲဘက်ရင်ညွန့် ကျည်ထိမှန် ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီနေအိမ်ကနေ ဘိန်းဖြူ ၈၀.၉ ဂရမ် (တန်ဖိုးငွေကျပ် ၁၂.၁၃၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၃,၀၀၀ ပြား (တန်ဖိုးငွေကျပ် ၃၀ သိန်း) တို့ကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up