Homeမြန်မာသတင်း
နှင်းဆီရင်ခွင်ဖောင်ဒေးရှင်းက ကွာရန်တင်းစင်တာ ၃ ခုသို့ အောက်ဆီဂျင် အသက်ရှူစက် ၁၅ လုံး လှူဒါန်း
နှင်းဆီရင်ခွင်ဖောင်ဒေးရှင်းက ကွာရန်တင်းစင်တာ ၃ ခုသို့ အောက်ဆီဂျင် အသက်ရှူစက် ၁၅ လုံး လှူဒါန်း
DVB
·
October 2, 2020
ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသား နေတိုးနဲ့ အနုပညာရှင်တွေ ပါဝင်ကြတဲ့ နှင်းဆီရင်ခွင်ဖောင်ဒေးရှင်းက ရန်ကုန်မြို့ ကွာရန်တင်းစင်တာ ၃ ခုကို အောက်ဆီဂျင် အသက်ရှူစက် ၁၅ လုံး အောက်တိုဘာလ ၁ ရက်နေ့က လှူဒါန်းခဲ့ပါတယ်။
နှင်းဆီရင်ခွင်ဖောင်ဒေးရှင်းအနေနဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ တတပ်တအား လှူဒါန်းမှုတွေကို အခါအားလျော်စွာ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ခုလတ်တလော လှူဒါန်းမှာတော့ နှင်းဆီရင်ခွင်ဖောင်ဒေးရှင်းက အောင်မြင့်မိုရ် အိမ်ရာစခန်းကွာရန်တင်းစင်တာ၊ Yangon Convention Center(YCC) မှာ အသစ်ဖွင့်လှစ် ထားတဲ့ ကွာရန်တင်းစင်တာ၊ Fortune Plaza မှာ ဖွင့်လှစ်ထားတဲ့ ကွာရန်တင်းစင်တာ ၃ ခုအတွက် စင်တာတခုကို အောက်ဆီဂျင် အသက်ရှူစက် ၅ လုံးစီနဲ့ စုစုပေါင်း ၁၅ လုံး လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) စီစဉ်ပြီး နာမည်ကြီး သရုပ်ဆောင် မင်းသား မင်းသမီးတွေ ပါဝင်တင်ဆက်တဲ့ နှင်းဆီအငြိမ့်အဖွဲ့ကို ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အခုနှစ်မှာတော့ ၁၄ နှစ်ပြည့် ဆင်စွယ်ရတုမြောက်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီအဖွဲ့ထဲမှာတော့ သရုပ်ဆောင်မင်းသား နေတိုး အပါအဝင် နာမည်ကြီး သရုပ် ဆောင် မင်းသားတွေ ဖြစ်ကြတဲ့ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေးတို့ နှင်းဆီအဖွဲ့သားတွေနဲ့ သရုပ်ဆောင်မင်းသမီးတွေ ဖြစ်ကြတဲ့ ဖူးစုံ၊ မိုးယုစံ၊ မေကဗျာနဲ့ မိုးပြည့်ပြည့်မောင်တို့က အငြိမ့်မင်းသမီးတွေအနေနဲ့ ကပြဖျော်ဖြေမှုတွေနဲ့ ပရိသတ်တွေကို ဆယ်စုနှစ်ချီ ဖမ်းစားထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုနှစ်မှာတော့ ကိုဗစ်-၁၉ ကြောင့် ပြင်ပဖျော်ဖြေပွဲတွေ မလုပ်နိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က Unplugged ဖျော်ဖြေပွဲတခုကို အွန်လိုင်းပေါ်ကတဆင့် ပြုလုပ်ခဲ့ကာ လိုက်ဖ်သီဆိုဖျော်ဖြေမှုတွေနဲ့ တင်ဆက်ခဲ့ကြတာပါ။
အဲဒီဖျော်ဖြေပွဲမှာတော့ နေတိုးနဲ့အတူ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲ လေးတို့က အတူဖျော်ဖြေခဲ့ကြတာဖြစ်ပြီး မင်းသမီးတွေတော့ မပါဝင်ခဲ့ပါဘူး။
လက်ရှိမှာတော့ နှင်းဆီအဖွဲ့သားတွေက ဒီအလှူနဲ့ ပတ်သက်ပြီး ဝိုင်းဝန်းကူညီခဲ့သူတွေနဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ ကုသိုလ်အမျှပေးဝေထားပါတယ်။