Home
သတင်းဓာတ်ပုံ
မွန်ရိုးရာဓလေ့ ဆွမ်းတော် ၁၀၀၀ တင်လှူပွဲ အကျဉ်းချုံးကျင်းပ (ဓာတ်ပုံ) 
DVB
·
October 1, 2020
120572482_3487608377956215_1990790918555426665_o
120540833_3487608231289563_7744638151935892666_o
120533030_3487608441289542_4246491197718231421_o
120372312_3487608531289533_1261164591216774372_o
120284871_3487608317956221_444582491813519252_o
120244234_3487608274622892_6830444931353228831_o
နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မွန်ရိုးရာဓလေ့ ဆွမ်းတော် ၁၀၀၀ တင်လှူပူဇော်ပွဲကို ဒီကနေ့ တော်သလင်းလပြည့် (ဂရုဓမ္မာအခါတော်)နေ့မှာ မွန်ပြည်နယ် အပေါင်မြို့နယ်အတွင်းရှိ ကျေးရွာတချို့မှာ  ရိုးရာမပျောက်ပျက်အောင် အကျဉ်းချုံးသာ ကျင်းပခဲ့ကြပါတယ်။ လတ်တလောဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ‌ရောဂါကြောင့် ပေါင်မြို့နယ်ထဲက ဘုရား၊ စေတီတွေ လာရောက်ဖူးမျှော်ခွင့်ကို ကန့်သတ်ထားပေမယ့် မွန်လူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာ မပျောက်ပြယ်သွားရအောင် အခုလိုအကျဉ်းသဘောသာ ကျင်းပရတာဖြစ်တယ်လို့ သိရပါတယ်။ ပေါင်မြို့၊ အနောက်သိမ်ကျောင်းမှ ကပ္ပိယတစ်ဦးဖြစ်တဲ့ ဦးရွှေဗျည်းက “နှစ်တိုင်းက လူတွေ အများကြီးလာကြပါတယ်။ ဒီနှစ်ကတော့ ကိုဗစ်ရောဂါကိုကြောက်ကြတာရယ် လူစုလူဝေး မပြုလုပ်ရတာရယ်ကြောင့် အခုလိုမျိုး လူလာနည်းသွားတာပါ။ အဓိကကတော့ ရိုးရာပျက်သွားမှာ စိုးလို့ အကျဉ်းချုံးလေးလုပ်တဲ့သဘောပါ။ လာလှူကြတဲ့သူတွေကိုလည်း သူတို့ပါလာတဲ့ ပန်း၊ သစ်သီးတွေကို လှေပေါ်မှာ လှူပြီးတာနဲ့ ချက်ချင်းပြန်ခိုင်းပါတယ်” လို့ပြောပါတယ်။ မွန်ရာဇဝင်ဓမ္မစေတီကျမ်းအရ သီလစင်ကြယ်တဲ့ သာသနာပြုရဟန်းတော်တွေ မွေးထုတ်နိုင်ဖို့ အတွက် ကောဇာသက္ကရာဇ် ၈၃၈ခုနှစ်မှာ သီဟိုဠ်(သီရိလင်္ကာ)သို့ မွန်သံဃာတော် ၄၄ပါးအား ဓမ္မစေတီမင်းက ရာမဒူတနဲ့ စိတြဒူတ အမည်ရှိသင်္ဘော၂စီးနဲ့ စေလွှတ်တော်မူခဲ့ပြီး ၎င်းသံဃာ ၄၄ပါးတို့က ကလျာဏီသိမ်မှာ ရဟန်းသစ် ခံယူခဲ့ကြပါတယ်။ အပြန်ခရီးမှာ သင်္ဘော ၂ စီး အနက် ရာမဒူတသင်္ဘော ၁စီးသာ ပြန်ရောက်လာလို့  မင်းနှင့်တိုင်းသူပြည်သားတွေက ရတတ်မအေး ပူဆွေးခဲ့ကြရပြီး ပြန်မရောက်မလာတဲ့ စိတြဒူတသင်္ဘောပေါ်ပါ ရဟန်း သံဃာတော်တွေ ဘေးအန္တရာယ်မကျရောက်စေဖို့ သင်္ဘောပုံသဏ္ဍာန် ဖန်တီးတည်ဆောက်ပြီး တော်သလင်းလပြည့်နေ့ မနက်အာရုံချိန်မှာ သင်္ဘောပေါ်ကို လှူဖွယ်ဝတ္ထုအစုစုတို့ကို စုပေါင်းထည့်သွင်းကြပြီး အတုမရှိဗုဒ္ဓမြတ်စွာဘုရားရဲ့ ဂုဏ်တော်ကိုအာရုံပြုကာ ဆွမ်းတော်ကြီးကိုဘုရား ကပ်လှူပူဇော် သီလခံယူဆောက်တည် ဆုတောင်းခဲ့တယ်လို့  မွန်သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။ မွန်တို့ရိုးရာဆွမ်းတော် ၁၀၀၀ တင်လှူပွဲကြီးကို နှစ်စဉ်မွန်ပြည်နယ်အတွင်းရှိ မွန်လူမျိုးတွေ အများဆုံးနေထိုင်တဲ့ ရပ်ကွက်/ကျေးရွာတွေမှာ ကျင်းပလေ့ရှိပြီး စတုမဓုဆွမ်းလောင်းလှူပွဲ တွေကိုလည်း ကျင်းပလေ့ရှိပါတယ်။ သတင်း- ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024