ရခိုင်ပြည်နယ်အစိုးရက ကိုဗစ်-၁၉ လူနာများနှင့် ကွာရန်တင်းဝင်နေသူများကို ထောက်ပံ့နေ

ရခိုင်ပြည်နယ်ရှိ ကိုဗစ်-၁၉ လူနာတွေနဲ့  အသွားကန့်သတ်စောင့်ကြည့်ခံရသူတွေ စားသောက်ဖို့အတွက် ပြည်နယ်အစိုးရက တစ်နေ့ကို လူ ၁ ဦးလျှင် ကျပ် ၃၀၀၀ မှ ၅၀၀၀ ထိ ထောက်ပံ့ပေးထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။ “ထောက်ပံ့မှုကတော့ ကျနော်တို့ကနေပြီးတော့ ကွာရန်တင်းထားတဲ့သူတွေကိုလည်း စားရေးရိက္ခာအတွက် ထောက်ပံ့မှုတွေပေးထားတယ်။ နောက်ပြီးတော့ သူတို့ရဲ့အ သုံးအဆောင်ပစ္စည်း တန်ဖိုးတွေလည်း ပေးထားတယ်။ ကျနော်တို့ဘက်က ယာယီထောက်ပံ့ပေးထားဖို့ရှိတယ်။ နောက်ပြီးတော့  Positive ဝင်သွားတယ်။ ဆေးရုံကို ရောက်သွားတဲ့သူတွေအတွက်ဆိုရင်လည်း စားရေးရိက္ခာတွေ အကုန်လုံး စီစဉ်ပေးထားတယ်။”လို့ ပြောပါတယ်။ ကိုဗစ်ကာလအတွင်း ကွာရန်တင်းစင်တာတွေမှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံ ထားရသူတွေနဲ့ ကိုဗစ် ကူးစက်ခံရသူတွေကို အစိုးရအနေနဲ့ထောက်ပံ့ပေးတာမရှိဘူးလို့ ပြောဆိုနေတာတွေဟာ မဟုတ်မှန်ကြောင်းလည်း စည်ပင်ဝန်ကြီးက ပြောပါတယ်။ ကျေးရွာတွေမှာ သက်ဆိုင်ရာဌာနတွေကိုအသိမပေးပဲ လုပ်ဆောင်ထားတဲ့ ကွာရန်တင်းစင်တာတွေကိုတော့ စာရင်းဇယားမသိရတဲ့အတွက် ထောက်ပံ့ပေးနိုင်မှုမရှိဘူးလို့ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။ “ကျနော်တို့က ဥပမာ ကျပ် ၄၀၀၀ ပေးတယ်ဆိုပါစို့၊ ပိုပြီးကောင်းမွန် စေချင်တဲ့အတွက် သူတို့က ကျပ် ၁၀၀၀ - ၁၅၀၀ စိုက်ပြီးတော့ ပိုပြီးကောင်းကောင်းမွန်မွန်ကျွေးနိုင်အောင်လုပ်တယ်။ ဒီလိုမျိုးဟာတွေတော့ ရှိကောင်းရှိတယ်။ လုံးဝကြီးမထောက်ပံ့ဆိုတာတော့ မဟုတ်ပါဘူး။ ကျနော်တို့ အခုဆိုရင် ကွာရန်တင်းစင်တာတွေမှာ နေတဲ့သူတိုင်းကို ကျပ်  ၅၀၀၀ စီ ထောက်ပံ့ပေးထားတယ်။ တချို့ကွာရန်တင်းစင်တာ တွေကျတော့ မြို့နယ်တချို့ ကျေးရွာတွေမှာဆိုရင် မြို့နယ်နဲ့ချိတ်ဆက်ပြီးတော့ စာရင်းဇယားမပေးဖြစ်တာတွေ၊ ဒါမျိုးတွေ ကိုယ့်ဟာကို ကျိတ်ခံနေတယ်။ ကျနော်တို့ဆီကို စာရင်းဇယားရောက်လာတဲ့ သူတိုင်းကိုတော့ ပေးတယ်။ စာရင်းဇယားရောက်ဖို့တော့ လိုအပ်တယ်၊၊ ကိုယ့်ဟာနဲ့ကိုယ် ရွာတွေမှာကျိတ်ပြီးတော့လုပ်တာတွေ ဒါမျိုးတွေမဟုတ်ပဲနဲ့ စာရင်းဇယားကို ရောက်အောင် ပို့ပေး၊ ဒီကနေ ကျနော်တို့က ထုတ်ပေးနေတာပဲ” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ သြဂုတ် ၁၆ ရက်ကစတင်ပြီး စက်တင်ဘာ ၃၀ ရက်အထိ ကိုဗစ်-၁၉ အတည်ပြု လူနာ ၁၅၀၀ ကျော်ထိရှိပြီး ကျန်းမာရေးကောင်းမွန် ပြန်လည်သက်သွားတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရသူ ၁၀၀၀ ကျော်ရှိကာ သေဆုံးသူ ၃ ဦးရှိတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက  သိရပါတယ်။ သတင်း- နောင်နောင်  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up