Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကြောင့် မန္တလေး မျက်ပါးရွှေဆိုင်းလုပ်ငန်းများ ရပ်ဆိုင်း
DVB
·
October 1, 2020
မြန်မာနိုင်ငံရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုတွေထဲက တစ်ခုဖြစ်တဲ့ မန္တလေး (လက်ရွှေဆိုင်း) မျက်ပါး ရွှေဆိုင်းလုပ်ငန်းတွေအနေနဲ့ လက်ရှိ ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းကာလမှာ  လုပ်ငန်းလုပ်ကိုင်သူ ၃ပုံ ၂ ပုံလောက်အထိ လျော့ကျလာတယ်လို့ ရှင်သန်ဆဲဒြပ်မဲ့မျက်ပါးရွှေဆိုင်းအသင်းက သိရပါတယ်။ ကိုဗစ်မတိုင်ခင်ကာလက မန္တလေးမှာ မျက်ပါးရွှေဆိုင်းလုပ်ငန်းရှင် ၂၀၀ လောက်အထိ ရှိခဲ့ပေမယ့် ခုချိန်မှာတော့ ၇၀ လောက်သာ လုပ်ကိုင်သူ ကျန်ရှိတော့တယ်လို့ ရှင်သန်ဆဲ ဒြပ်မဲ့ မျက်ပါးရွှေဆိုင်းအသင်း ဥက္ကဋ္ဌ  ဦးဇော်မင်းအောင်က ပြောပါတယ်။ “ကျနော်တို့ လုပ်ငန်းရှင်တွေအနေနဲ့ ဟိုအရင်ကတော့ ၂၀၀ လောက်ရှိတယ်ပေါ့။ ဒီနောက်ပိုင်းမှာ မဟာမုနိက ကိုဗစ်ကာလအစလေးမှာပဲ ကျနော်တို့ ဒါ ၂ လက်မ ဆိုင်းတွေ ဝယ်တဲ့အချိန်မှာ ကျနော်တို့ ၁၂၁ ဦးပဲ အများဆုံးရှိတော့တယ်။ ကျနော်တို့ စက်ရွှေနဲ့ဖြစ်တဲ့အပေါ်မှာ လုပ်ငန်းတွေ ရပ်တည်နိုင်မှုမရှိတော့တဲ့ဟာပေါ့လေ။ ၂၀၀ လောက်ကနေ အဲ့လောက်ထိ လျော့သွားတယ်။ အခု နောက်ပိုင်းကျတော့ ကိုဗစ်ကာလမှပြန်ပြီးတော့ ကြည့်တဲ့အခါကျတော့ လုပ်ငန်းအမှန်တကယ် လုပ်ကိုင်တဲ့သူ ၁၂၁ ဦးကနေပြီးတော့မှ အခုဟာက ဦး ၇၀ လောက်ပဲ ကျနော်တို့ ရပ်တည်နိုင်ဖို့ ရှိတော့မယ်။ ကျန်တဲ့လူတွေက ရပ်နားထားရတာကြာ ပြီဆိုတဲ့အခါကျတော့ ပြန်ပြီးတော့ လုပ်မယ်ဆိုရင်လည်း လုပ်ငန်းလုပ်မယ့်အရင်းနှီးတွေ ခက်ခဲနေတာပေါ့လေ။” ကိုဗစ်ကာလအတွင်းမှာ ဘုရားစေတီပုထိုးတွေ ပိတ်ထားတာကြောင့် ရွှေဆိုင်း လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်အကိုင် နည်းပါးလာပြီး ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ မျက်ပါးရွှေဆိုင်းလုပ်ငန်းရှင်တွေက ဆိုပါတယ်။ စေတီပုထိုးတွေ အကုန်ပိတ်ထားတဲ့ အချိန်ကာလ ကြာရှည်လာတာနဲ့အမျှ ရွှေဆိုင်းလုပ်ငန်း တွေလည်း ပိတ်သိမ်းရတာတွေအထိ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ရွှေဆိုင်းအလုပ်သမားတွေ အနေနဲ့လည်း လုပ်ငန်းတွေ ပိတ်သိမ်းလိုက်ရတဲ့အတွက် လုပ်ငန်းပြောင်းလဲလုပ်ကိုင်လာ ကြတာကြောင့် အလုပ်သမားရှားပါးမှုတွေလည်းဖြစ်ပေါ်နိုင်တယ်လို့ ဆိုကြပါတယ်။ ရှင်သန်ဆဲ ဒြပ်မဲ့ မျက်ပါးရွှေဆိုင်းအသင်းရဲ့ ဥက္ကဋ္ဌ ဦးဇော်မင်းအောင်က “ကျနော်တို့ ကိုဗစ်ကာလမှာပေါ့လေ ကိုဗစ် ကပ်ရောဂါ ကာလအတွင်းမှာ မြန်မာ့ရိုးရာလက်မှုပညာ မျက်ပါး ရွှေဆိုင်းလုပ်ငန်းရှင်နဲ့အလုပ်သမားတွေပေါ့ အလုပ်အကိုင်တွေက ရပ်နားထားရတာ ကြာလာတာ နဲ့အမျှ ရှင်သန်ရပ်တည်ဖို့ ခက်ခဲလာကြတယ်။ စားဝတ်နေရေးခက်ခဲလာကြတာပေါ့လေ။ အထူးသဖြင့်တော့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ လူစုလူဝေး မဖြစ်ရဘူးဆိုတဲ့ဟာနဲ့ ပတ်သက်ပြီး ဘုရားစေတီ ပုထိုးတွေမှာ ယာယီပိတ်သိမ်းထားခဲ့တာတွေက ကြာခဲ့ပြီဆိုတော့ ကျနော်တို့ ဘုရားစေတီပုထိုးတွေနဲ့ပတ်သက်ပြီးတော့ အဓိက သက်ဆိုင်တဲ့ မျက်ပါးရွှေဆိုင်း လုပ်ငန်းရှင်တွေပေါ့လေ။ နောက် ဒီလုပ်ငန်းတွေရဲ့ ဆက်စပ်နေတဲ့ အလုပ်သမားတွေပေါ့ အလုပ်သမားတွေရဲ့ စားဝတ်နေရေးအခက်အခဲတွေနဲ့ လုပ်ငန်းရှင်တွေ ရပ်တည်နေနိုင်ဖို့ရယ်၊ နောက်ပြီးတော့ မြန်မာ့ရိုးရာ လက်မှုပညာ မျက်ပါးရွှေဆိုင်းလုပ်ငန်းကြီး ရပ်တည်နိုင်ဖို့ရယ်က အတော်ခက်ခဲသွားတာ”လို့ ပြောပါတယ်။ လက်ရှိကာလမှာ ရွှေဆိုင်းလုပ်ငန်းရှင်တွေအနေနဲ့ စားဝတ်နေရေးကို ချေးငှါးပြီး ဖြေရှင်းနေရတယ်လို့လည်း မျက်ပါးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ အောင်သရဖူ မျက်ပါး ရွှေဆိုင်းလုပ်ငန်းရှင် ဦးမောင်စုက “စားဝတ်နေရေးကတော့ ကျနော်တို့ကတော့ အရှင်းဆုံးပြောမယ်ဆိုရင် လုံးဝ ဇီးရိုးဖြစ်သွားပြီအားလုံးကတော့ ဟိုလူလှည့် ဒီလူလှည့် ဟို ဟာပေါင်း ဒီဟာရောင်းနဲ့ စားနေကြရတာပဲ ကျနော်ကတော့ အဲ့ဒီလို မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်လာတဲ့ လကလည်းကြာသွားပြီလေ ၆ လ ၇ လလောက် တစ်ခါမှလည်း ဒီလိုက မဖြစ်ဖူးဘူး။ ကျနော်တို့က လွန်ခဲ့တဲ့ ၆ လလောက်ကတည်းကလည်း အလုပ်တွေက ရပ်ဆိုင်းထားရတာ၊ နောက်ထပ်လည်းဘယ် နှစ်လလောက်အထိ ရပ်ဆိုင်းမယ်ဆိုတာမသိရဘူး။ မသိရတဲ့ အခါကျတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့လည်းကိုက်ညီအောင် ရွှေဆိုင်းလုပ်ငန်းရဲ့ နောက်မှာ ရွှေခတ်တဲ့ အလုပ်သမားတွေရှိတယ်။ ရွှေဆိုင်းရဲ့နောက်မှာကိုက အလုပ်သမားတွေ အများကြီးပဲ မိသားစုဝင်တွေကလည်းအများကြီးပဲ ဒီရောဂါပျောက်တဲ့အထိ စောင့်ရမယ်ဆိုရင် ကျနော်တို့က ပိုပြီးတော့ ဆိုးရွားသွားမှာ”လို့ ပြောပါတယ်။ မန္တလေး (လက်ရွှေဆိုင်း) မျက်ပါးရပ်မှာရှိတဲ့ ရွှေဆိုင်းလုပ်ငန်းတွေ ရေရှည်ရပ်တည်နိုင်ရေးနဲ့ အခက်အခဲတွေကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ရှေ့လဆန်းလောက်မှာ တင်ပြသွားမယ်လို့ သိရပါတယ်။ သတင်း - ခင်ပြည့်စုံဝင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024