၂၀၂၀ ရွေးကောက်ပွဲအတွက် နောက်ဆုံးအကြိမ် မဲစာရင်းများ ကြေညာ
DVB
·
October 1, 2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ်၊ နောက်ဆုံးအနေနဲ့ မဲဆန္ဒရှင်စာရင်းတွေကို မြန်မာနိုင်ငံတဝန်းရှိ သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲတွေမှာ ထပ်မံ ကြေညာပေးနေပါတယ်။
အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ ၁၄ ရက်ကြာ ထပ်မံကြေညာကပ်ထားပေးမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထား ပါတယ်။
မဲစာရင်းတွေကို သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲတွေမှာကြည့်ရှုနိုင်သလို အင်တာနက်စာမျက်နှာ ဝက်ဆိုက်နဲ့ မိုဘိုင်းဖုန်းကနေလည်း ကြည့်ရှုနိုင်အောင် စီစဉ် ဆောင်ရွက်ပေးထားပါတယ်။
မဲစာရင်းကို အကြောင်းအမျိုးမျိုးကြောင့် လူကိုယ်တိုင် လာရောက်မကြည့်ရှုနိုင်တဲ့ သူတွေအတွက် https://findyourpollingstation.uec.gov.mm/ ဝက်ဆိုက်နဲ့ findyourpollingstation.apk ဆိုတဲ့ မိုဘိုင်း Application တို့ကနေ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးကာလ ဖြစ်တဲ့အတွက်ကြောင့် မဲစာရင်းတွေကို အွန်လိုင်းကနေ အလွယ်တကူ ကြည့်ရှုနိုင်ဖို့ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။
လက်ရှိ Stay at Home သတ်မှတ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့လည်း မဲဆန္ဒရှင် စာရင်းမှာ ပါဝင်မှုရှိ/မရှိ နဲ့ အချက်အလက်တွေကို စစ်ဆေးနိုင်ဖို့ အွန်လိုင်းကနေ https://bit.ly/yangon-voters မှာ မဲစာရင်း စစ်ဆေးနိုင်တယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ထုတ်ပြန်ထားပါတယ်။
မဲဆန္ဒရှင် စာရင်းမှာ အမည်မပါဝင်တာ အချက်အလက်ပြင်ဆင်လိုတာနဲ့ ကန့်ကွက်လိုတာရှိရင် ဆက်သွယ်လျှောက်ထား အကူအညီရယူနိုင်ဖို့ နည်းလည်းတွေကိုလည်း ထုတ်ပြန်ထားပါတယ်။
ပထမအကြိမ်မဲစာရင်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ ကြေညာထားခဲ့ပေမယ့် လာကြည့်သူဦးရေ နည်းနေသေးလို့ သြဂုတ် ၈ ရက်မှ ၁၄ ရက် အထိ ၇ ရက်ထပ်မံတိုးမြင့်ကြေညာပေးခဲ့ပါတယ်။
ပထမအကြိမ် ထုတ်ပြန်တဲ့ မဲစာရင်းမှာ မှတ်ပုံတင်နံပါတ်လွဲမှားတာ၊ မှတ်ပုံတင်နံပါတ်မပါရှိတာ၊ ဖခင်အမည် မှားယွင်းတာ၊ မဲစာရင်းမပါတာ၊ မဲစာရင်းထပ်နေတာစတဲ့ အမှားအယွင်းတွေ ရှိခဲ့လို့ ပြင်ဆင်ပေးခဲ့ရတာတွေ ရှိပါတယ်။