မို့မို့မြင့်အောင်၏ မိခင် အသက် ၉၉ နှစ်အရွယ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်
DVB
·
October 1, 2020
ဝါရင့်အကယ်ဒမီများရှင် သရုပ်ဆောင်မင်းသမီး မို့မို့မြင့်အောင်ရဲ့ မိခင် ဒေါ်သန်းရင်ဟာ စက်တင်ဘာ ၃၀ ရက် နေ့လယ်က ရန်ကုန်မြို့နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
အကယ်ဒမီ မို့မို့မြင့်အောင်အမည်နဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ ခုလိုရေးသားပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။
“မို့ ကြေကွဲစွာခံစားနေရပါတယ် မို့ မိခင်ကြီး၊ အသက် ၉၉ နှစ် ၃၀-၉-၂၀၂၀ နေ့လယ် ၁:၀၅ မိနစ်မှာ လူကြီးရောဂါဖြင့် ကွယ်လွန်သွားပါပြီ။ မို့ ခံစားနေရသလို သဲသဲတုန်လေးတွေလည်း ခံစားနေရမယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါပေမဲ့ မနက်ဖြန် ဖွားမာမီရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ကြပါနဲ့ မို့ အများကြီးနားလည်မှုရှိပါတယ်။ Covid နှင့် Lockdown ကြောင့်မို့ပါ။ မို့ စာအများကြီးမရေးနိုင်တာ ခွင့်လွှတ်ပါ။”
ဒေါ်သန်းရင်ဟာ ကွယ်လွန်သူရုပ်ရှင်မင်းသားကြီး ဦးမြင့်အောင်ရဲ့ ဇနီးဖြစ်ပြီး တချိန်က ရုပ်ရှင်အနုပညာလောကသားတွေကြားမှာလည်း လူသိများပါတယ်။
သရုပ်ဆောင်မင်းသား ရန်အောင်ကလည်း နာရေးသတင်းနဲ့ ပတ်သက်ပြီး ဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း၊ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ ခုလိုရေးသားဖော်ပြထားခဲ့ပြီး အဲဒီပို့စ်အောက်မှာ အနုပညာရှင်တွေကလည်း မှတ်ချက်တွေ ရေးသားခဲ့ကြတာကို တွေ့ရပါတယ်။
“ချစ်ရတဲ့အစ်မ မမို့(မို့မို့မြင့်အောင်)ရဲ့မွေးမိခင်ကြီး ယနေ့ နေ့လယ် ၁ နာရီ ၅ မိနစ်မှာ လူကြီးရောဂါနှင့် ဆုံးပါးသွားတဲ့အတွက် 🥀🥀🥀 မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါ တယ်..😭😭😭 ကျနော့်ကို ချစ်တဲ့၊ ကျနော်က ချစ်တဲ့ မာမီ့ရဲ့ နောက်ဆုံးခရီးကို လိုက်မပို့ရ, မျက်နှာလေးကိုမကြည့်လိုက်ရလို့ ပိုပြီး ခံစားကြေကွဲရပါတယ်မာမီရေ...😢😢😢 ကျနော့် အိမ်နဲ့ နီးပါတယ် လမ်းထိပ်တင်၊ ဒါပေမယ့် Covid ကြောင့် ဘယ်မှမသွား/မလာရတော့ ဝတ္တရားမကြေသလိုခံစားရပြန်တယ်..😥😥😥 အသက်၉၉နှစ် ရှိပြီဖြစ်တဲ့မာမီရေ… ဒီ ၉၉ နှစ် လုံး သုံးလာတဲ့ ခန္ဓာကိုယ် အဟောင်းကိုစွန့်ပြီး ကောင်းရာဘုံဘဝသစ်မှာ ခန္ဓာသစ်နဲ့ သုခ ချမ်းသာပြည့်စုံရရှိပါစေခင်ဗျာ”
ပိုမိုမြင့်အောင်ကတော့ အဖွားဖြစ်သူရဲ့ နာရေးဖိတ်စာနဲ့အတူ အားပေးနှစ်သိမ့်ကြသူတွေကို ကျေးဇူးတင်ကြောင်းနဲ့ ကိုဗစ်ကာလဖြစ်တာမို့ နာရေးလိုက်မပို့နိုင်ကြတာကိုလည်း နားလည်ကြောင်း ဖေ့စ်ဘွတ်ခ်ပေါ်ကတဆင့် ရေးသားထားပါတယ်။
နာရေးကိုတော့ ဒီကနေ့ မွန်းလွဲ ၃ နာရီမှာ ရန်ကုန်မြို့၊ ရေဝေးသုဿန်ကို ပို့ဆောင် မီးသင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။