တောင်တွင်းကြီးတွင် ရန်ကုန်မှပြန်လာသည့် အမျိုးသမီး ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
September 30, 2020
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ အုန်းတော ၁ ရပ်ကွက်နေ အသက် ၅၀ အရွယ် အမျိုးသမီး ၁ ဦး စက်တင်ဘာ ၂၉ ရက် ညပိုင်းက ကိုဗစ်-၁၉ ကူးစက်ခံရတယ်လို့ တိုင်းဒေသကြီးကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက သိရပါတယ်။
အဆိုပါ ပိုးတွေသူဟာ ငါးဒိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး ရန်ကုန်မြို့ ကြည့်မြင်တိုင် ငါးဈေးသို့ ငါးဝယ်သွားရာက စက်တင်ဘာလ ၁၅ ရက်က တောင်တွင်းကြီးမြို့ကို ပြန်လည်ရောက်ရှိလာကာ စက်တင်ဘာ ၁၆ ရက် ညပိုင်းမှာ အ.ထ.က (၁) Quarantine စင်တာသို့ ပို့ဆောင် ဆေးစစ်ထားခဲ့တာဖြစ်ပါတယ်။
သူ့မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တဲ့အတွက် စက်တင်ဘာလ ၂၉ ရက်ညနေပိုင်းမှာတော့ ကွာရန်တင်းစင်တာမှ တောင်တွင်းကြီး ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင်ခဲ့ပြီး စောင့်ကြပ်ကြည့်ရှုသွားမယ်လို့ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ သိရပါတယ်။
တောင်တွင်းကြီးမြို့နယ်မှာ ကိုဗစ်-၁၉ လူနာ ၃ ဦးရှိပြီး ပထမလှိုင်းတုန်းက ပိုးတွေ့ခဲ့တဲ့ အမျိုးသား ၁ ဦးကတော့ ဆေးရုံမှ ဆင်းခွင့်ရသွားပြီဖြစ်ပါတယ်။
ဒုတိယလှိုင်းမှာ ပိုးတွေ့ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အခုပိုးတွေ့လူနာ အမျိုးသမီးတို့တို့ကတော့ တောင်တွင်းကြီးဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်နေတယ်လို့ မြို့နယ်ကျန်းမာရေးဦးဌာနက သိရပါတယ်။
သတင်း - သားကြီး (တောင်တွင်းကြီး)