Home
မြန်မာသတင်း
မန်းမြို့တော်ဝန်က အွန်လိုင်းပေါ်က We Love U Ye Lwin group များ ဖျက်ပေးရန် ပန်ကြား
DVB
·
September 30, 2020
လတ်တလော ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး အထင်အမြင်လွဲမှားစေနိုင်မယ့် ပို့စ်တွေနဲ့ We Love U Ye Lwin group တွေကို ဖျက်ပေးကြဖို့ မန္တလေးမြို့သူမြို့သားတွေကို မြို့တော်ဝန် ဒေါက်တာရဲလွင်က တောင်းပန်လိုက်ပါတယ်။ မြို့တော်ဝန်ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ “မြို့သူမြို့သားများကို လေးစားစွာ တောင်းပန်အပ်ပါတယ်”လို့ အစချီကာ ခုလိုရေးသားထားခဲ့တာကို တွေ့ရပါတယ်။ “ကျနော့်ကို ချစ်ရင် လေးစားရင် ချိန်းထားတဲ့ profile တွေ၊ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ကျနော့်အကြောင်း ရေးထားတဲ့ပို့စ့်တွေ၊ We Love U Ye Lwin group တွေကို ဖျက်ပေးကြပါ။ ကျနော် အနူးအညွတ်တောင်းပန်တာပါ။ ပြည်သူတွေ ကျနော့်ကို ချစ်တာ ကျေးဇူးအထူးတင်ပါတယ်။ ဒါပေမဲ့ အခုလိုပိုစ့်တွေ ပရိုဖိုင်းချိန်းတာတွေက လက်ရှိ အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေရုံမက အခြားပါတီတွေရဲ့ အသုံးချမှုကို ကောင်းကောင်းခံနေရလို့ပါ” ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း မန္တလေးမြို့အနေနဲ့ ပထမလှိုင်းကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တာက ဝန်ကြီးချုပ်ကိုယ်တိုင် ဘန်ကောက်မှာ ရေးခဲ့တဲ့ တားမြစ်မိန့်ကြောင့်ဖြစ်ကြောင်းနဲ့ ပြည်သူတွေ ကြားသိလိုကြတဲ့ လုပ်ဆောင်ချက်တွေကိုလည်း သူက ပြောပြထားပါတယ်။ “ကိုဗစ်ရောဂါ ထိန်းချုပ်ရေးနဲ့ပတ်သက်ရင် မန္တလေးမြို့က ပထမလှိုင်းကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တာဝန်ကြီးချုပ်ကိုယ်တိုင် ဘန်ကောက်မှာနေတုန်း ရေးခဲ့တဲ့ တားမြစ်မိန့်ကြောင့်ပါ။ ဆရာဝန်လည်းဖြစ်၊ အားလည်းအားနေချိန် ဘန်ကောက်နဲ့ နိုင်ငံတကာမှာ လုပ်နေတာတွေကို နေ့စဉ်သိမြင်နေလို့ စောစောကြိုတားနိုင်ခဲ့တာပါ။ တိုင်းဒေသကြီး ကိုဗစ်ရောဂါ ကာထိန်းကု ပြင်ဆင်ဖွဲ့စည်းတာ တနိုင်ငံလုံးအတွက် ဗဟိုက ချမှတ်ပေးတာပါ။ ၅ လလောက် ရှိနေပါပြီ။ ကျနော် အဖွဲ့ဝင်အနေနဲ့ အမြဲအကြံဉာဏ်တွေ ပေးနေပြီး လက်ခံပေးခဲ့တာတွေ အများကြီးပါ။ Screenshot မှာပါတဲ့ ကာထိန်းကု ဥက္ကဋ္ဌ မဟုတ်တော့လို့ပါဆိုတာ facebook posts တွေမှာ မေးထားတာတွေ အနက် ၂ ခု၊ ၃ ခု လောက်က covid အစည်းအဝေးမလုပ်ဘဲ ဖြေလို့မရလို့ ပြန်ဖြေလိုက်တာကို screenshot ကွက်လုပ်လိုက်လို့ပါ။ အခုထုတ်ပြန်တဲ့ stay at home ကန့်သတ်ချက်တွေအတွက် အစည်းအဝေးမှာလည်း ကျနော်ပါပါတယ်။ အခြား ဆန့်ကျင်ဘက်ပါတီ တွေရဲ့ အသုံးချခံ မဖြစ်ပါစေနဲ့” မြို့တော်ဝန်ရဲ့ ပို့စ်အောက်မှာတော့ မန္တလေးမြို့တော်သူ မြို့တော်သားတွေက မှတ်ချက်တွေ ဝင်ရောက်ရေးခဲ့ကြပြီး သိပ်မကြာခင်မှာပဲ အဆိုပါ We Love U Ye Lwin group ကို ဖျက်ပေးခဲ့ကြတာကို တွေ့ရပြီး ဒေါက်တာရဲလွင်က “Member တယောက်ပဲ ကျန်တဲ့အထိ တယောက်ချင်း အချိန်ပေးဖျက်ပေးတဲ့ group admin တွေကို အထူးကျေးဇူးတင်ပါတယ်။ ရင်ထဲက ပြောတဲ့ စကားပါ”လို့ မှတ်ချက်ရေးခဲ့တာကိုလည်း တွေ့ရပါ တယ်။ အသက် ၆၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင်ဟာ အဲန်အယ်လ်ဒီပါတီဝင် မဟုတ်ပေမယ့် ပါတီက ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ မန္တလေးတိုင်းဒေသကြီး မြို့တော်ဝန်အဖြစ် တာဝန်ပေးခံခဲ့ရသူ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ သူ့ကို မြို့ခံတွေက ပုဂ္ဂိုလ်ရေး အမြင်မကြည်မှုတွေ ရှိခဲ့ပေမယ့် တာဝန်ယူချိန်ကာလအတွင်းမှာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ သိသာ ထင်ရှားတဲ့ အပြောင်းအလဲတွေကြောင့် လူသိများလာခဲ့ကာ ချစ်ခင်အားပေးမှုတွေလည်း ပိုမိုရရှိလာခဲ့တာပါ။ မြို့စည်ပင်သာယာဝပြောရေးအတွက် တက်ကြွတဲ့ လုပ်ဆောင်ချက်တွေကြောင့် လက်ရှိအချိန်ထိ စမတ်စီးတီးဆု၊ ပြည်သူ့ဂုဏ်ရည်ဆု၊ အာဆီယံ အများသုံးအိမ်သာဆုစ တဲ့ ဆုတွေလည်း မန္တလေးမြို့တော်စည်ပင်အနေနဲ့ ရရှိထားတာ ဖြစ်ပါတယ်။ “ကျနော့်ကို ချစ်ရင် မန္တလေးမြို့တော်ဝန်အနေနဲ့ ပြန်ဖြစ်စေချင်ရင် ရွေးကောက်ပွဲနေ့မှာ NLD ကိုပဲ မဲပေးကြပါ။ ကျနော် မန္တလေးကို ချစ်တယ်”လို့လည်း မြို့တော်ဝန် ဒေါက်တာရဲလွင်က ရေးသားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024