Home
မြန်မာသတင်း
ဦးခွန်ထွန်းဦး  SNLD ပါတီဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်မည့်ကိစ္စ ပါတီတွင်း မဆုံးဖြတ်ရသေး 
နန်းမြနဒီ
·
September 29, 2020
e5cecf529da8f09a63b96472a35c25c9_1
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီခေါင်းဆောင်  ဦးခွန်ထွန်းဦး ပါတီဥက္ကဋ္ဌ တာဝန်ကနေ   နုတ်ထွက်မယ့်ကိစ္စ ပါတီအမှုဆောင်တွေမဆုံးဖြတ်ရသေးဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က  ဒီဗွီဘီကို ပြောပါတယ်။ ဝါရင့်နိုင်ငံရေးသမားကြီး ဦးခွန်ထွန်းဦးဟာ SNLD ပါတီ တည်ထောင်သူ၊ နိုင်ငံရေးခံယူချက် ယုံကြည်ချက်ကြောင့် ထောင်ကျခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ပြီး  ပါတီ အတွက် အရေးကြီးတဲ့ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်ကာလမှာ သူ ဥက္ကဋ္ဌ ရာထူးက  နုတ်ထွက်တယ်ဆိုပြီး  သတင်းတွေ ထွက်ပေါ်လာနေတာပါ။  ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါတီပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က တော့ ဥက္ကဋ္ဌကြီး  ရာထူးကနေ နုတ်ထွက်မယ်လို့ ပြောဆိုခဲ့တာ ကြာပြီဖြစ်ကြောင်း၊ အဓိက ကျန်းမာရေးမကောင်းတာ၊ မျိုးဆက်သစ်လူငယ်တွေကို လက်ဆင့်ကမ်းတာဝန်ပေးလိုတာနဲ့ မိသား စု ဆိုင်ရာကိစ္စတွေ ဖြစ်ပြီး ပါတီအလုပ်အမှုဆောင်အဖွဲ့အနေနဲ့တော့ ဒီကိစ္စကို ဘာမှဆွေးနွေးဆုံးဖြတ်တာ မရှိသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။  “ဥက္ကဋ္ဌကြီးအနေနဲ့  ပါတီဥက္ကဋ္ဌအဖြစ်ကနေ အနားယူမယ့်အကြောင်း အရင်ကလည်း မကြာ မကြာပြောဖူးပါတယ်။ စာလည်းပို့ထားပါတယ် ဧပြီလလောက်ကတည်းက၊ ပါတီကနေ နုတ်ထွက်တာ မဟုတ်ပါဘူး၊ ဥက္ကဋ္ဌအဖြစ်က နုတ်ထွက်လိုတာပါ၊ အဓိကကတော့ အသက်ကြီးတော့ ကျန်းမာရေးသိပ်မကောင်းဘူးပေါ့နော်။ ပြီးတော့ ပါတီထဲမှာ အရည်အချင်းရှိ မျိုးဆက်သစ်တွေ ပေါ်ပေါက်လာတဲ့အပေါ်စိတ်ချပြီး မျိုးဆက်သစ်လူငယ်တွေကို လက်ဆင့်ကမ်းတာဝန်ပေး ချင်တာလည်းပါတယ်။ မိသားစုတွင်း ဆောင်ရွက်ပေးစရာတွေလည်းရှိတယ်ပေါ့နော်၊ ဥက္ကဋ္ဌကြီးက အဲသလို နုတ်ထွက်မယ်ပြောတိုင်း ကျနော်တို့ လူစုံတက်စုံဆွေးနွေးဆုံးဖြတ်တာမရှိသေးပေမယ့် လက်လှမ်းမှီ သလောက်မေးကြည့်တဲ့ခါ အားလုံးက သူ့ကိုဥက္ကဋ္ဌ အဖြစ်ဆက်လက်ထမ်းဆောင်ပေးဖို့၊ ကျနော်တို့ကို အရိပ်ပေးဖို့၊ ဆက်ပြီးဦးဆောင်သွားဖို့ ဒီတိုင်းဘဲ အားလုံးကဆန္ဒရှိထားကြပါ တယ်ခင်ဗျ။  ဥက္ကဋ္ဌကြီးနုတ်ထွက်စာတင်တဲ့အပေါ်မှာတော့ ပါတီမူဝါဒ ပါတီစည်းမျည်း စည်းကမ်းအရ ဗဟိုကော်မတီအစည်းအဝေး၊ ဥက္ကဋ္ဌကြီးအပါအဝင် လူတစ်ရာနဲ့ တစ်ယောက်တွေ့ဆုံတဲ့ အစည်းအဝေးကို မကျင်းပသေးဘဲနဲ့ ဒီကိစ္စကိုဆုံးဖြတ်လို့ မရသေးပါဘူးခင်ဗျာ ” ဦးခွန်ထွန်းဦးကတော့ ပါတီဥက္ကဋ္ဌ အဖြစ်မှ နုတ်ထွက်တဲ့စာကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ စာပို့ထားသလို မိတ္တူကိုပါတီထံပေးပို့ခဲ့ကြောင်း၊ ကော်မရှင်ကလည်း ပါတီကို ဆက်သွယ်မေးမြန်းခဲ့ကြောင်း၊  ပါတီက ရွေးကောက်ပွဲကိစ္စတွေနဲ့မို့ အစည်းအဝေးမလုပ်ရသေး၊ မဆုံးဖြတ်ရသေးဘူးလို့ပဲ အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။  ရွေးကောက်ပွဲအတွက်မဲဆွယ်စဉ်ကာလတွင်း ပါတီဥက္ကဋ္ဌ နုတ်ထွက်မယ့် သတင်းထွက်ပေါ်လာပေမယ့် ပါတီစည်းရုံးရေးလုပ်ငန်းတွေအပေါ်  တစုံတရာ သက်ရောက်မှုမရှိဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။ နုတ်ထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ ဦးခွန်ထွန်းဦးကို ထာဝရခေါင်းဆောင်အဖြစ် အားလုံးက နားလည်လက်ခံ မှတ်ယူထားပြီးဖြစ်လို့ ရွေးကောက်ပွဲဝင်မယ့် ၄၅ မြို့နယ်လုံးက ပါတီဝင်တွေဟာ စည်းလုံးရေးလုပ်ငန်းတွေကို မပျက်မကွက်ဆက်လက်ဆောင်ရွက်နေတယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024