Home
မြန်မာသတင်း
မိုးညှင်းမြို့မဈေးက ဈေးသည်အမျိုးသမီး ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ 
DVB
·
September 29, 2020
ကချင်ပြည်နယ်က ကိုဗစ်-၁၉ ပိုးတွေ့ လူနာသစ် ၄ ယောက်ထဲမှာ မိုးညှင်းမြို့မဈေးထဲမှာ ဈေးရောင်းသူ အမျိုးသမီးတယောက်ပါဝင်ပြီး  ခရီးသွားရာဇဝင်မရှိသလို ပိုးတွေ့လူနာနဲ့ အနီးကပ်ထိတွေ့တဲ့ ရာဇဝင် မရှိသူဖြစ်ပါတယ်။ စက်တင်ဘာ ၂၈ ရက်ညနေ ၅ နာရီမှာ တိုင်းနဲ့ ပြည်နယ်အလိုက် အတည်ပြုလူနာတွေ စာရင်းကို ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့ရာမှာ ဖားကန့်က  ၃ ယောက်နဲ့ မိုးညှင်းက ၁ ယောက် ပါဝင်တာ ဖြစ်ပါတယ်။ မိုးညှင်းမြို့နယ်က ပိုးတွေ့လူနာအမှတ် ၁၀၄၁၁ ဟာ မိုးညှင်းမြို့မဈေးမှာ ဈေးရောင်းတဲ့ အမျိုးသမီးဖြစ်ပြီး ဖျားတာ၊ ချောင်းဆိုး၊ လည်ချောင်းနာတာနဲ့ အနံ့မရတာကြောင့် သံသယရှိ စောင့်ကြည့်လူနာအဖြစ် စက်တင်ဘာ ၂၀ ရက်ကစပြီး မိုးညှင်း ခုတင် ၁၀၀ ဆံ့ ဆေးရုံကြီးမှာ သီးသန့်ထားကုသနေတာ ဖြစ်ပါတယ်။ ဖားကန့်မြို့နယ်က လူနာ ၂ ယောက်ကတော့ အရင် ပိုးတွေ့လူနာ ၉ ယောက် နေထိုင်တဲ့ တောင်ပြိုရွာက ဖြစ်ပြီး လူနာအမှတ် ၁၀၄၁၃ ဟာ ပိုးတွေ့လူနာ ၄၅၁၆ နဲ့ ထိတွေ့ခဲ့သူ ဖြစ်ပါတယ်။ လူနာအမှတ် ၁၀၃၆၁ ကတော့ ဖျားတာ၊ မောတာနဲ့ ရင်ဘတ်အောင့်တာကြောင့် စက်တင်ဘာ ၂၄ ရက်ကစလို့ ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံကြီးမှာ သံသယရှိ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထား ကုသမှုခံယူနေသူ ဖြစ်ပါတယ်။ နောက်လူနာတယောက်ဖြစ်တဲ့ လူနာအမှတ် ၁၀၄၁၂ ကတော့ အနံ့မရတာ၊ ချောင်းဆိုး၊ မအီမသာဖြစ်တာ၊ မောပန်းတာကြောင့် သံသယရှိ စောင့်ကြည့်လူနာအဖြစ် စက်တင်ဘာ ၁၉ ရက်ကစလို့ လုံးခင်းတိုက်နယ်ဆေးရုံမှာ သီးသန့်ထား ကုသနေသူဖြစ်ပါတယ်။ သူကတော့ ခရီးသွားရာဇဝင်နဲ့  ပိုးတွေ့လူနာနဲ့ အနီးကပ်ထိတွေ့တဲ့ ရာဇဝင် မရှိပေမယ့် ပိုးတွေ့လူနာတွေရှိတဲ့ တောင်ပြိုရွာကို အသွားအလာကန့်သတ်တာ မလုပ်ခင်က သွားရောက်ခဲ့ဖူးပါတယ်။ သူတို့ကို ဆေးရုံတက်တဲ့နေ့ကစပြီး မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးက Gene Xpert စက်နဲ့ စစ်ဆေးကတည်းက ပိုးတွေ့ပေမယ့် ရန်ကုန်မြို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (NHL) ကို အတည်ပြုချက်ယူဖို့ ထပ်ပို့ခဲ့တာလို့ ဆိုပါတယ်။ အခု လူနာ ၄ ယောက်ဟာ ရောဂါလက္ခဏာတွေပြပြီး ၂ ယောက်မှာတော့ အနံ့မရတာဖြစ်ခဲ့လို့ ပြည်သူတွေအနေနဲ့ ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာဖြစ်ဖြစ် ဖျားတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ နှာစေးတာ၊ အသက်ရှူကြပ်တာ၊ အနံ့၊ အရသာပျောက်တာ စတဲ့ လက္ခဏာတွေ တွေ့ရင် နီးစပ်ရာကျန်းမာရေးဌာနတွေဆီ အမြန်ဆုံးဆက်သွယ်သတင်းပို့ပြီး ကုသခံကြဖို့ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024