မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၁၈ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ၊ ရန်ကုန်က အများဆုံးပါဝင်
ညီငယ်
·
September 28, 2020
နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၁၈ ယောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က ဒီဗွီဘီကို ပြောပါတယ်။
ရောဂါ ကူးစက်ခံရတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ နေပြည်တော်က ၉ ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီး ၂ ဦး ၊ မွန်ပြည်နယ်က ၃ ဦး ၊ ရခိုင်ပြည်နယ်က ၄၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီးက ၁ ဦးနဲ့ ရန်ကုန်တိုင်းဒေသကြီးက ၅၈ ဦးနဲ့ အများဆုံးပါဝင်ပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟက "ရောဂါပိုးကူးစက်ခံရတဲ့တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့မိတဲ့သူတွေကိုတော့ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်များရှိ ကျန်းမာရေးဦးစီးဌာနက သတ်မှတ်ထားတဲ့နေရာတွေမှာ ကွာရန်တင်း ဝင်ရောက်စေပါတယ်။ ပိုးတွေရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကျန်းမာရေးအခြေအနေ တည်ငြိမ်ကောင်းမွန်နေပါတယ်။"လို့ ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်မှာတော့ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ အင်းစိန်၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ မင်္ဂလာတောင်ညွှန့်စတဲ့ မြို့နယ်တွေက ရဲအရာရှိတချို့အပါအဝင် ရဲတပ်ဖွဲ့ဝင်တွေ စုစုပေါင်း ၅၈ ယောက် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရပါတယ်။
ရဲတပ်ဖွဲ့ဝင်တချို့ဒီလိုမျိုး ရောဂါကူးစက်ခံထားရပေမဲ့ တရားဥပဒစိုးမိုးရေးဆောင်ရွက်နေတဲ့ ရဲလုပ်ငန်းတွေကတော့ ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။