Home
မြန်မာသတင်း
မြစ်ကြီးနားတွင် မြစ်ရေဝင်လာသဖြင့် လူ ၂၀၀ ကျော် ဘေးလွတ်ရာရွှေ့၊ အိမ်ခြေ ၅၀ ခန့် နစ်မြုပ်
DVB
·
September 27, 2020
မိုးအဆက်မပြတ်ရွာသွန်းပြီး ဧရာဝတီမြစ်ရေ ဝင်ရောက်လာလို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်က အိမ်ခြေ ၅၀ လောက် ရေနစ်မြုပ်နေပြီး လူ ၂၀၀ ကျော် ရေလွတ်ရာ ပြောင်းရွှေ့နေရတယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းအထိ  ရေက ခါးလောက်အထိရှိပြီး အိမ်ခြေ ၅၀ လောက် ရေမြုပ်နေတယ်လို့  ဒေသခံ ကိုဖြိုးသီဟထွန်းက ပြောပါတယ်။  "နည်းနည်းချင်းရေတက်လာတယ်၊  ညကတော့ ရေပြည့်သွားတယ်။ ခုမနက်မှာတော့ လမ်းပေါ်တွေထိရေရောက်လာပြီး ခါးလောက်ထိရောက်နေပြီ  ရေတက်တာ အရမ်းမြန်တယ်။ အိမ်ခြေ ၅၀ လောက် ရေမြုပ်တယ်။"  အရင်နှစ်တွေ ဆိုးဆိုးရွားရွားမဖြစ်ပဲ ၂၀၁၉ ခုနှစ်က တစ်ကြိမ်၊ အခုနှစ်မှာ  ၂ ကြိမ် လူနေအိမ်တွေအတွင်း ရေဝင်လို့ မိသားစုအချို့ ရေဘေးလွတ်ရာသို့ ယာယီ ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့  ဒေသခံတွေက ပြောပါတယ်။  မြစ်ရေဝင်ရောက်မှုကြောင့် မြို့သစ်ကြီး ရပ်ကွက်အတွင်း နယ်မြေ ၃ ခုရှိ အိမ်ထောင်စု ၄၈ စုက လူဦးရေ ၂၁၄ ဦးတို့ အောင်ဇေရန်အောင် ဘိုးဘွားရိပ်သာအတွင်း ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။ ရေဆက်လက် မြင့်တက်နေတာကြောင့် လူတွေထပ်မံရောက်ရှိလာနိုင်တယ်လို့ မြို့သစ်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။  ရွှေ့ပြောင်းလာတဲ့ မိသားစုတွေကို ဌာနဆိုင်ရာတွေနဲ့ အထွေထွေ အုပ်ချူပ်ရေး ဦးစီးဌာနက စားနပ်ရိက္ခာ နဲ့ ကျန်းမာရေး mask တွေ ဝေငှပေးထားတယ်လို့ ပြောင်းရွှေ့လာသူတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024