Homeမြန်မာသတင်း
မန္တလေးတိုင်းအတွင်း ကိုဗစ်လူနာများလာပါက တိုင်းရင်းဆေးရုံနှင့် ဘောလုံးအကယ်ဒမီကျောင်း၌ ထားမည်
မန္တလေးတိုင်းအတွင်း ကိုဗစ်လူနာများလာပါက တိုင်းရင်းဆေးရုံနှင့် ဘောလုံးအကယ်ဒမီကျောင်း၌ ထားမည်
DVB
·
September 27, 2020
မန္တလေးတိုင်းမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ များလာပါက လူနာတွေကို တိုင်းရင်းဆေးရုံနဲ့ ဘောလုံးအကယ်ဒမီကျောင်းတွေမှာ ထားသွားမယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က သိရပါတယ်။
မန္တလေးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာတွေကို ကန်တော်နဒီဆေးရုံ နဲ့ ကုတင် ၃၀၀ သင်ကြားရေးဆေးရုံတွေမှာ ထားရှိပြီး လူနာတွေများလာပါက လူနာတွေကို အောင်မြေသာစံမြို့နယ်မှာရှိတဲ့ တိုင်းရင်းဆေးရုံနဲ့ ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ ဘောလုံးအကယ်ဒမီကျောင်းတွေမှာ ထားသွားမှာပါ။
တိုင်းရင်းဆေးရုံဟာ ဆေးရုံပုံစံနဲ့ အသင့်အနေအထားဖြစ်နေပြီး လိုအပ်တာတွေ ထပ်ဖြည့်ကာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာတွေ ထားသွားမှာဖြစ်ပါတယ်။
ဘောလုံးအကယ်ဒမီမှာတော့ ဆေးရုံပုံစံ ပစ္စည်းကိရိယာတွေ ပြန်လည်ပြင်ဆင်ရမှာဖြစ်ပါတယ်။
တိုင်းရင်းဆေးရုံ ကြည့်ရှုစစ်ဆေးတာတွေလုပ်ထားပြီးဖြစ်ကာ တစ်နေရာကို လူနာ ၁၀၀ နဲ့ စုစုပေါင်း လူနာ ၂၀၀ ထားနိုင်မယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ပြောပါတယ်။
ဘောလုံးအကယ်ဒမီမှာလည်း ကိုဗစ်-၁၉ ရောဂါကြောင့် ဒီနှစ်မှာ ကျောင်းသားတွေမရှိ ဖြစ်နေပြီး အခန်းတိုင်းမှာ လေအေးပေးစက်တွေရှိကာ ရေချိုးခန်းအိမ်သာကတော့ စုပေါင်းသုံးစနစ် သုံးရမှာဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာ စက်တင်ဘာ ၂၄ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၂၂၀ ကျော်ရှိ ဦးရှိပြီဖြစ်ပြီး ၁ ဦး သေဆုံးထားကာ လက်ရှိ ကန်တော်နဒီ နဲ့ ကုတင် ၃၀၀ သင်ကြားရေးဆေးရုံတွေမှာ လူနာ ၁၂၀ ကျော်ရှိပါတယ်။