မွန်ပြည်နယ်က အသက် ၁၅ နှစ်အရွယ် ကိုဗစ်-၁၉ လူနာ ၁ ဦး သေဆုံး
DVB
·
September 27, 2020
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ထန်ပင်းချောင်ကျေးရွာက အသက် ၁၅ နှစ်အရွယ် ကိုဗစ်-၁၉ လူနာ ၁ ဦး စက်တင်ဘာ ၂၅ ရက်နေ့ ညပိုင်းက သေဆုံးသွားတယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံ DVB ကို ပြောပါတယ်။
သေဆုံးသွားတဲ့ အသက် ၁၅ နှစ်အရွယ် ကိုဗစ်လူနာဟာ အရေးပြား လေးဘက်နာ ရောဂါအခံရှိသူ ဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်နေ့မှာ ရောဂါပိုး တွေရှိခဲ့တာပါ။
ရောဂါပိုးတွေ့ရှိပြီးနောက် မော်လမြိုင်ပြည်သူ့ဆေးရုံမှာ ကြပ်မတ်ကုသပေးစဉ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသွားတဲ့ ကိုဗစ်လူနာဟာ ရန်ကုန်မှာ ဆေးသွားကုရာက ရောဂါပိုး ကူးစက်ခံခဲ့ရတာလို့ ဒေါက်တာဝတ်မှုံက ပြောပါတယ်။
သေဆုံးသွားတဲ့ ကိုဗစ်လူနာကို စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာန ညွှန်ကြားချက်အတိုင်း မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
မွန်ပြည်နယ်မှာတော့ စက်တင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းအထိ ကိုဗစ်လူနာ ၂၂၂ ဦးအထိ ရှိလာခဲ့ပြီး အဲဒီထဲမှာ အသက် ၁၅ နှစ်အရွယ် ကိုဗစ်လူနာ အပါအဝင် သေဆုံးသူ ၂ ဦး ရှိပါတယ်။