Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ကိုဗစ်-၁၉ လူနာသစ် ၄ ဦး ထပ်မံတွေ့ရှိ
Aung Ko Latt
·
September 26, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်နှင့် ကလေးမြို့နယ်တို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ ဦးစီ စုစုပေါင်း ၄ ဦးအသစ် ထပ်မံတွေ့ရှိရတယ်လို့ စစ်ကိုင်းတိုင်း ကိုဗစ်ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက စက်တင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။  ကလေးမြို့နယ်က ပိုးတွေ့လူနာအသစ်က အရင်ပိုးတွေ့လူနာ အမျိုးသမီးရဲ့ မိဘတွေဖြစ်သလို ကနီမြို့နယ်က ပိုးတွေ့လူနာနှစ်ဦးကလည်း ဖောင်းပြင်လူနာနဲ့ ညီအစ်ကို အရင်းဖြစ်ကာ နောက်တစ်ဦးက ပိုးတွေ့လူနာနဲ့ ထိတွေ့သူဖြစ်တယ်လို့ သိရပါတယ်။  လတ်တလောမှာ ပိုးတွေ့လူနာတွေအားလုံးကို သက်ဆိုင်ရာ မြို့နယ်က သီးသန့်ကြပ်မတ်ကုသဆောင်တွေကို ပို့ဆောင်ကာ ကုသ‌ပေးနေတယ်လို့ သိရပါတယ်။  စက်တင်ဘာလ ၂၅ ရက်နေ့ည ၈ နာရီအချိန် ထုတ်ပြန်ချက်မှာလည်း ခင်ဦးမြို့နယ်က အသစ်တစ်ဦးထပ်မံတွေ့ရှိခဲ့ပါသေးတယ်။  စစ်ကိုင်းတိုင်းဒေသကြီးမှာ စက်တင်ဘာလအတွင်း ပိုးတွေ့မြို့နယ် ၁၉ မြို့နယ်ရှိနေပြီး ကလေးမြို့နယ်က ၉ ဦး၊ ရွှေဘို ၇ ဦး၊ ခင်ဦး ၄ ဦး၊ စစ်ကိုင်း ၃ ဦး၊ ကောလင်း၊ တန့်ဆည်၊ ကသာနဲ့ ကနီတို့က ၂ ဦးစီ၊ မြင်းမူ၊ မြောင်၊ ချောင်းဦး၊ ဘုတလင်၊ ဒီပဲယင်း၊ အရာတော်၊ ဟုမ္မလင်း၊ အင်းတော်၊ ဖောင်းပြင်၊ ဝက်လက်၊ မော်လိုက်တို့က ၁ ဦးစီ၊ စုစုပေါင်း ၄၂ ဦးရှိပြီဖြစ်ပါတယ်။  အဲဒီထဲက မော်လိုက်၊ ကလေး၊ ခင်ဦးတို့က လူနာတချို့က ရန်ကုန်မှာ ကုသမှုခံယူနေပြီး ဝက်လက်၊ စစ်ကိုင်းတို့က လူနာတချို့ကတော့ မန္တလေးမှာ ကုသမှု ခံယူနေပါတယ်။  ပိုးတွေ့လူနာ ၄၂ ဦးမှာ သေဆုံးသူမရှိသေးဘဲ အနည်းဆုံး ၆ ဦး ဆေးရုံက ဆင်းခွင့်ပြုထားပြီး ဖြစ်ပါတယ်။  အစောပိုင်းကာလကလည်း စစ်ကိုင်းတိုင်းမှာ ပိုးတွေ့သူ ၉ ဦးထိ ရှိခဲ့ပါသေးတယ်။  စစ်ကိုင်းတိုင်းမှာ ကိုဗစ်ကာကွယ်ရေးအတွက် ဝန်ကြီးတွေကို သက်ဆိုင်ရာ ခရိုင်အလိုက် တာဝန်ခွဲဝေချထားပေးထားတယ်လို့လည်း လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောဆိုထားပါတယ်။ လက်ရှိမှာ ကိုဗစ်ဗဟိုကော်မတီကနေ တိုင်းနှင့်ပြည်နယ် ၄ ခုက ၁၁ မြို့နယ်ကို Stay at home မြို့နယ်အဖြစ် သတ်မှတ်ထားပါတယ်။ ကိုဗစ်အခြေအနေတွေကိုလည်း ည ၈ နာရီ တစ်ကြိမ်သာ ထုတ်ပြန်မယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024