ပုဂံကျောက်စာမှသည် စာပေဗိမာန် ၇၃ နှစ်ပြည့်ဆီသို့ (ဆောင်းပါး)

သံလျင်ကိုရောက်ဖူးပါစ မေး မေးလိုက်မှာ ပျို့ချစ်သူဇာနည်ဘွား မှာကြားလိုက်တဲ့စာ ရှင်တို့ချစ်သူများနဲ့ လားလားမှမဆိုင်ပါ။ ဆီမလူးတဲ့ ပေဖူးလွှာ။ ဆီမလူးတဲ့ ပေ ဖူး လွှာ။ ကွန်ပျူတာ၊ ဖုန်း၊ အင်တာနက်၊ ဖေ့စ်ဘုတ်ကနေ ချစ်သူကို သတိရတဲ့စာပို့လျှင် စက္ကန့်ပိုင်းနဲ့ ရောက်သွားတယ်။ ရှေးကတော့ စာပို့လျှင် လများစွာ ကြာတတ်တယ်။ ရှေးက စာကို အလွယ်ဆုံး ရေးမယ်ဆိုရင် ပေပင်ပေါ်တက် ပေရွက်သုံးပြီး စာရေးခဲ့ကြရတယ်။ ပေဖူးလွှာ လူကြုံစာပါး ပို့ကြရတယ်။ ကြာရှည်ခံစေဖို့ ပေရွက်ဖူးကို ဆီလူးကြရတယ်။ ချစ်ရေးချစ်မှုစာ၊ သာကြောင်း မာကြောင်းစာ၊ ကုန်သွယ်ဈေးရောင်းစာ၊ ပွဲလမ်းသဘင်ဖိတ်စာ စသည်ဖြင့်ပေါ့။ ကမ္ဘာမှာ အက္ခရာစပေါ်လာပြီးတဲ့နောက် ‘ စာ ’ ဖြစ်လာတယ်။ အတိအကျကိုတော့ အထောက်အထားပြဖို့ မလွယ်ဘူး။ ပေစာ ကနေ ကျောက်ထက်အက္ခရာတင်လာတော့ ကျောက်စာ ဖြစ်လာပြီ။ အိန္ဒိယပြည်ရဲ့ အစောဆုံးလို့ ယူဆတဲ့ အသောကကျောက်စာတွေဟာ ခရစ်တော်မပေါ်ခင် နှစ် ၃၀၀ လောက်ကရှိခဲ့တယ်။ ဒါပေမဲ့ အိန္ဒိယက ဗြာဟ္မီစာ အရေးအသား ကျောက်စာတွေဟာ ခရစ်တော်မပေါ်ခင် နှစ် ၅၀၀ အတွင်း ပိပြာဝါအရပ် ထူပ (စေတီပုထိုး)နဲ့ ဗရလိရွာစတဲ့ ၂ နေရာ ရေးသားထားခဲ့တယ်လို့လည်း သုတေသီတွေက ဆိုတယ်။ ကမ္ဘာပေါ်မှာ စာကို ပေ၊ ကျောက်၊ စက္ကူ၊ ရွှံ့ပြား၊ ကြေးပြား စတဲ့ တခုခုမှာ ထွင်း၊ ရေး၊ ခြစ်၊ ပုံဆွဲ၊ ထု၊ အစက်အကြောင်းချ စသဖြင့် ရေးသား မှတ်သားခဲ့ကြတယ်။ သိုးဆောင်း ခေါ် အနောက်တိုင်း စာပေဟာ ရှေးနှစ်ပေါင်း ၂၄ဝဝ လောက်ကစ ပေါ်ပေါက်ထွန်းကားခဲ့တဲ့ ဂရိစာပေက သက်ဆင်းလာသတဲ့။ မြန်မာစာ အစအဦးကတော့ ပုဂံခေတ်စာပေဖြစ်လို့ ပုဂံခေတ် ကျောက်စာတွေမှာ တွေ့ရတယ်။ ပုဂံခေတ်က ဘုရား ကျောင်း ကန် စေတီပုထိုး စတဲ့ ကုသိုလ်တွေပြုပြီးတိုင်း မှတ်တမ်းကျောက်စာ ရေးထိုးခဲ့ကြတယ်။ တွေ့ရသမျှ ပုဂံ ကျောက်စာတွေထဲ ရှေးအကျဆုံးလို့ ယူဆ ခန့်မှန်းရတာက မြစေတီ ကျောက်စာပါ။ မြစေတီကျောက်စာ မျက်နှာလေးဘက်မှာ ပါဠိ၊ မြန်မာ၊ မွန်၊ ပျူ ဘာသာ ၄ မျိုး ရေးထိုးထားခဲ့တယ်။ ပုဂံကနေ ကုန်းဘောင်ခေတ်တလျှောက် မြန်မာစာ အရေးအသား တဖြည်းဖြည်း တိုးတက်လာခဲ့တယ်။ ကုန်းဘောင်ခေတ်မှာ ပုံနှိပ်စက်တွေ တည်ထောင်ပြီး မြန်မာစာအုပ်တွေ ရိုက်နှိပ်လာနေကြပြီ။ ကိုလိုနီခေတ်မှာတော့ စာအုပ်စာတမ်းတွေ မြန်မာပြည်မှာ များလာပါတယ်။ ဒါပေမဲ့ မြန်မာတွေအတွက် အကျိုးရှိမဲ့ ကနဦး စာအုပ်အသင်းကြီးတွေကတော့ မြန်မာနိုင်ငံသုတေသနအသင်း၊ မြန်မာနိုင်ငံပညာ ပြန့်ပွားရေးအသင်း၊ မြန်မာပြည်စာအုပ်အသင်း၊ နဂါးနီ စာအုပ်အသင်း စတာတွေနဲ့ စာပေဗိမာန်အသင်းတို့ပါပဲ။ မြန်မာနိုင်ငံ သုတေသနအသင်း  မြန်မာနိုင်ငံ သုတေသနအသင်းဟာ မြန်မာပြည်ရဲ့ သမိုင်းသုတေသနဆိုင်ရာ အသင်းတစ်ခု ဖြစ်တယ်။  “မြန်မာနိုင်ငံနဲ့ သူ့ရဲ့ ကျောခိုင်းနံစပ် နိုင်ငံတွေရဲ့ ယဉ်ကျေးမှု အနုပညာ၊ သိပ္ပံပညာ၊ စာပေ ပညာစတာတွေကို လေ့လာစုံစမ်း ရှာဖွေဖို့နဲ့ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ စပ်လျဉ်းတဲ့ သုတေသန လုပ်ငန်းတွေကို အားပေးဖို့ဖြစ်တယ်။ အသင်းကို ၁၉၁၀ ခုနှစ် မတ်လ ၂၉ ရက် ရန်ကုန်မြို့ ဗားနတ်ပိဋကတ်တိုက်မှာ အိန္ဒိယ ပဋိညာဉ်ခံ အရာရှိ မစ္စတာဖာနီဗယ်၊ ပါမောက္ခ ဂျေ အေ စတီးဝပ်၊ ပါမောက္ခ ဂျီ၊ အိပ်ချ်လု(စ)၊ ပါမောက္ခ ဦးဖေမောင်တင် တို့က စတင်တည်ထောင်ခဲ့သည်။  အသင်းကို ၁၉၁၀ ခုနှစ် မတ် ၂၉ ရက်နေ့ ရန်ကုန်မြို့မှာ စတည်ထောင်ရာမှာ ပါမောက္ခ ဦးဖေမောင်တင် ပါဝင်ခဲ့တယ်။  အသင်းကြီးက မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်ကို ထုတ်ဝေခဲ့ပြီး ၁၉၆၂ ခုနှစ်မှစ အစိုးရလက်အောက်ခံ ဖြစ်လာခဲ့တယ်။ နှစ် ငါးဆယ်မြောက် အထိမ်းအမှတ် (ရန်ကုန်: မြန်မာနိုင်ငံ သုတေသနအသင်း၊ ၁၉၆၀–၆၁၊ နှစ်တွဲ) ကိုလည်း ထုတ်ဝေခဲ့တယ်။ သုတေသနဂျာနယ်အပြင် မြန်မာရာဇဝင်ကျမ်းတွေ၊ လက်ရေးမူစာပေတွေနဲ့ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်တွေကိုလည်း ထုတ်ဝေခဲ့တယ်။ နဂါးနီစာအုပ်အသင်း နဂါးနီစာအုပ်အသင်းကို ၁၉၃၇ ခုနှစ် နိုဝင်ဘာလ ၄ ရက် စတင်တည်ထောင်တယ်။ ကိုနု (သခင်နု) က ငွေကျပ် ၅ဝဝ၊ ကိုထွန်းအေး (နဂါးနီ ဦးထွန်းအေး)က ငွေကျပ် ၅ဝဝ နဲ့ မတည်ခဲ့တယ်။ အတွင်းရေးမှူးက ဦးထွန်းအေး။ စာအုပ် ရွေးချယ်ရေး တာဝန်ခံတွေက ဦးနု၊ သခင်သန်းထွန်း၊ သခင်စိုး တို့က တာဝန်ယူခဲ့တယ်။ သခင်ချစ်၊ နဂါးနီ ဦးထွန်းရွှေ၊ သခင်ထိန်ဝင်း၊ ဦးသိန်းဖေမြင့်၊ မြို့မဆရာဟိန်တို့က ဝိုင်းဝန်းကူညီတယ်။ အသင်း မူလတည်ရာက အမှတ် ၁၅ဝ၊ စကော့ဈေး (ဗိုလ်ချုပ်ဈေး) နဂါးနီ နာမည်ကို ဒီးဒုတ်ဦးဘချို ပေးခဲ့တာပါ။ သခင်နုနဲ့ ကိုထွန်းအေးတို့ဟာ စနေနံဖြစ်လို့ ဗေဒင်ကိန်းခန်းအရ စနေနံနဂါးကို စနေနံ 'နီ' တစ်လုံးတိုးပြီး နဂါးနီ နာမည်ပေးခဲ့တာဖြစ်တယ်။ နဂါးနီစာအုပ်အသင်း ရည်ရွယ်ချက်က– ၁။ ဝါဒစစ် ဝါဒမှန်ကို သဘောပေါက်ပြီး စနစ်ကျစေရန်အတွက် အစီအစဉ် ရှိစေရန်။ ၂။ လက်ရွေးစင် နိုင်ငံရေး ဗိုလ်မှူး စစ်ကဲများ ပေါ်ပေါက်လာစေရန်။ ၃။ နယ်ချဲ့စနစ်ကို အခြားတဖက်မှ တိုက်နေသူတို့၏ ခြေလှမ်းအင်အား စသည်တို့ကို ချင့်ချိန်နိုင်ရန်ဟု ဖော်ပြထားတယ်။ နဂါးနီစာအုပ်အသင်းက တိုးတက်တဲ့ နိုင်ငံရေးစာပေတွေ ထုတ်ဝေခဲ့တယ်။ မြန်မာလူငယ်တွေ နိုင်ငံရေးအသိ နိုးကြားဖို့ နဲ့ အမျိုးသားလွတ်မြောက်ရေး၊ တော်လှန်ရေးစိတ်ဓာတ်တွေ ပေါ်ပေါက်စေတဲ့ စာအုပ်တွေ ထုတ်ဝေခဲ့တယ်။ နဂါးနီဂျာနယ်၊ ကား(လ်)မတ်ဝါဒ၊ ကျောင်းသားအရေးတော်ပုံ၊ ကျွန်ုပ်၏ စွန့်စားခြင်း၊ ကျွန်ုပ်နှင့် မိုက်ကယ်ကောလင်း၊ ဆိုရှယ်လစ်ဝါဒ၊ ဆိုရှစ်လစ်ဝါဒနှင့် နိသျှည်း၊ ဆိုဗီယက် ဒီမိုကရေစီ ကိုယ်တွေ့များ၊ ဓနရှင်ဝါဒ၊ ဒီဗလာရား၊ ဒေါက်တာ ဂျိုးဇေရီဇော်၊ ပြည်သူ့အာဏာ ပထမတွဲနှင့် ပြင်သစ်အရေးတော်ပုံ၊ လူမွဲတို့၏ ထွက်ရပ်လမ်း၊ လွတ်လပ်ရေးတိုက်ပွဲ၊ လက်ငင်း တို့တာဝန်၊ အလုပ်သမားလောက၊ အိုင်းရစ် အရေးတော်ပုံ၊ အိုင်းရစ် အာဇာနည်တို့ဟာ ထင်ရှားတဲ့ နဂါးနီထုတ် စာအုပ်များ ဖြစ်ကြတယ်။ မြန်မာ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေး အသိတရား နိုးကြားစေဖို့နဲ့ ဆိုရှယ်လစ် သဘောတရားတွေ လူထုထဲ ပျံ့နှံ့အောင် အများဆုံး ဖြန့်ဖြူးပေးတဲ့ စာအုပ်အသင်းလို့ သမိုင်းမှာ ထင်ရှားတယ်။ ဒီလို မြန်မာ့လွတ်လပ်ရေးကြိုးပမ်းဆဲကာလ ''နဂါးနီစာအုပ် အသင်း''နဲ့ စာအုပ်အသင်းတည်ထောင်ခြင်းစနစ်ကို အစပျိုးခဲ့တဲ့ သဘောပေါ့။ နဂါးနီစာအုပ်အသင်း နောက်ပိုင်း မြန်မာ့စာပေလောကရဲ့ အအောင်မြင်ဆုံး၊ အကျိုးသက်ရောက်မှု အရှိဆုံး တခုတည်းသော စာအုပ်အသင်း ကတော့ စာပေဗိမန်အသင်း ဖြစ်ပါတယ်။ ဆီစိမ်မီးစာ မီးစာဟူသည်၊ ရေနံဆီ၌ တာရှည်စိမ်မှ၊ အရည်ဝကာ ကာလရှည်ကြာ၊ လင်းရောင်ဖြာသို့ ပမာထို့တူ စာကြည့်သူလည်း၊ နတ်လူရပ်ရွာ ကောင်းကျိုးငှာလျှင်၊ လေ့လာကျက်မှတ် ပိဋကတ်တိုက်၊ မပြတ်မွေ့လျော် စာ၌ ပျော်မှ၊ နောင်တော်မြန်မာ ပြည်တော်သာပိမ့်။ 

ညိုမြ  ၁၉၇၅

စာပေဗိမန်အစ ဗိုလ်ချုပ်အောင်ဆန်းက စာပေဗိမာန်ဟာ “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဆောင်ပုဒ်နဲ့ မြန်မာစာပေဖွံ့ဖြိုးရေးနဲ့ ပြည်သူ့ ဗဟုသုတ တိုးပွားစေရေး တို့ အတွက် စာအုပ် စာပေထုတ်ဝေရေး လုပ်ငန်းတွေ လုပ်ခဲ့တာ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၆ ရက်မှာ ၇၃ နှစ် တင်းတင်း ပြည့်မြောက်ပြီပေါ့။ ၁၉၄၇ ခုနှစ် ဇွန် ၇ ရက် အမှတ် ၃၆၁ ပြည်လမ်း ဆိုရန်တိုဗီလာ အဆောက်အအုံက ကွန်ဖရင့်မှာ  ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် တခုအနေနဲ့ ဗဟုသုတရရှိဖို့ ဘာသာပြန်ဌာနကြီးတစ်ခု ဖွင့်လှစ်ဖို့ လိုအပ်ကြောင်း မိန့်ခွန်းမှာ ထည့်ပြောခဲ့တယ်။ ဒါကြောင့် ဗိုလ်ချုပ် လမ်းညွှန်စကားကို အကောင်အထည်ဖော်ဖို့ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၆ ရက်မှာ ဝန်ကြီးချုပ်ဦးနု ဦးဆောင်ပြီး ရှိနှင့်ပြီးတဲ့ မြန်မာနိုင်ငံသုတေသနအသင်း၊ မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်း၊ မြန်မာပြည်စာအုပ်အသင်း၊ နဂါးနီ စာအုပ်အသင်းကြီးတို့ရဲ့ ရည်မှန်းချက်တွေကို အခြေခံပြီး “မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း” ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့တယ်။ ၁၉၄၈-ခုနှစ်၊ မေလမှာ စာပေဗိမာန်လို့ ပြောင်းတယ်။ စာပေဗိမာန်က လူထုလက်စွဲကျမ်းများ၊ လူထုသိပ္ပံကျမ်းများ၊ စွယ်စုံကျမ်းတွေ ပြုစုထုတ်ဝေခဲ့တယ်။ သုတေသနစာတန်းဖတ်ပွဲတွေ ကျင်းပပြီး စာပေဆုတွေ ပေးခဲ့တယ်။ စာကြည့်တိုက် သင်တန်းတွေ၊ သတင်းစာသင်တန်းတွေ ပေးခဲ့တယ်။ စာပေဗိမာန် စာကြည့်တိုက်တွေ ထူထောင်ခဲ့တယ်။ စာပေဗိမာန်အဖွဲ့ဟာ မူလက ပြည်လမ်း ဟံသာဝတီအဝိုင်းနားက ဆိုရန်တိုဗီလာ အဆောက်အအုံမှာ တည်ရှိတယ်။ ၁၉၅၅-ခုနှစ်၊ မေလမှာ  ၅၂၉-၅၃၁ ကုန်သည်လမ်း (လက်ရှိနေရာ) ဆီ ပြောင်းရွှေ့ခဲ့တာပါ။ ၁၉၆၀-ပြည့်နှစ်၊ ဇူလိုင်လ စာပေဗိမာန် စာအုပ် အသင်းကို စတင်တည်ထောင်ခဲ့တယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဗဟိုပုံနှိပ်တိုက်နဲ့ပေါင်းလိုက်ရာက စာပေဗိမာန်ဟာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်းရဲ့ လက်အောက်ခံဌာနခွဲတစ်ခု ဖြစ်လာခဲ့တယ်။ ဒါကြောင့် စတင်တည်ထောင်စက သီးခြား လွတ်လပ်တဲ့ စာပေဗိမာန်အသင်းဟာ အဲ့သည်အချိန်ကစလို့ မဆလအစိုးရ လက်အောက်ခံဌာနတခု ဖြစ်လာခဲ့တယ်။ မဆလလက်ထက်ကစ စာပေဗိမာန်၏ ဆုတ်ယုတ်မှုများ စာရေးဆရာ မောင်သာမညက မဆလလက်ထက်ကစ စာပေဗိမာန်ကြီး ပျက်စီးရပုံကို အခုလို ရေးခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ စစ်ဗိုလ်များက အာဏာသိမ်းလိုက်တယ်။ အဲဒီနောက် မြန်မာနိုင်ငံဟာ ပျက်စီးခြင်း ဘေးကြီး သင့်ရပါတော့တယ်။ စာပေဗိမာန်ကို ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဦးနု ဟာ အာဏာသိမ်းတဲ့နေ့မှာပဲ ထိန်းသိမ်းခံခဲ့ရတယ်။ အာဏာသိမ်းပြီးနောက် စာပေဗိမာန်အဆောက်အဦလည်း ပြည်သူပိုင် အသိမ်းခံရတယ်။ စာပေဗိမာန် အုပ်ချုပ်ရေးအဖွဲ့ကို အာဏာသိမ်းစစ်အရာရှိတွေက အပိုင်စီးလိုက်တယ်။ ၁၉၆၃ ခုနှစ် သြဂုတ် ၂၂ ရက်မှာ စာပေဗိမာန်ဟာ လွတ်လပ်တဲ့ ဌာနတခုအဖြစ်မှ စစ်အစိုးရရဲ့ လက်အောက်ခံ ဌာနတခုအဖြစ်ကို ပြောင်းလဲသွားရပါတော့တယ်။ စာပေဗိမာန်ဟာ ဘာသာပြန်အသင်းကနေ ပြောင်းလဲလာတာ ဖြစ်တဲ့အတွက် မူလက အင်္ဂလိပ်စာ တတ်ကျွမ်းသူ ပညာရှင်များရဲ့ အလုပ်ရုံ ဖြစ်ခဲ့ပေမယ့် ၁၉၆၂ ခုနှစ်ကစပြီး တဖြည်းဖြည်း ဆုတ်ယုတ်သွားခဲ့ပါတယ်။  စစ်အုပ်ချုပ်ရေးခေတ်အဆက်ဆက် ဝါဒဖြန့်ချိ ရေးလုပ်ငန်းကိုသာ တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ကို ရောက်သွားခဲ့ရတာတော့ အဆိုးဆုံး ကံကြမ္မာပါပဲ။ အသိပညာပြန့်ပွားရေးဌာနက ဝါဒဖြန့်ချိရေးဌာနအောက်ကို ကျရောက်သွားရတဲ့အတွက် စာပေဗိမာန်ဟာ လွတ်လပ်တဲ့ ပညာရှင်တွေအတွက် ပျော်မွေ့နိုင်တဲ့ နေရာမျိုး မဟုတ်တော့ပါဘူး။  ဆရာကြီး ဦးသော်ကောင်းကလည်း “ယခင်က စာပေဗိမာန်ကို အရှေ့တောင်အာရှနိုင်ငံများက လာရောက် အတုယူပြီး စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့တွင် စာပေဗိမာန်ကဲ့သို့ စာပေတိုက်များ တည်ထောင်ခဲ့ကြ ကြောင်း သိရပါသည်။ စာပေဗိမာန် တဖြည်းဖြည်း ဆုတ်ယုတ်သွားခြင်းကိုလည်း သင်ခန်းစာယူသင့်ပါသည်။” လို့ စာပေဗိမာန် နှစ် ၇၀ မဂ္ဂဇင်းမှာ ရေးခဲ့ပါတယ်။  နိဂုံး စာပေဟာ နိုင်ငံအတွက် အရေးကြီးပါတယ်။ မြန်မာစာအစ ပုဂံခေတ် ကျောက်စာတွေကနေ ဒီနေ့ စာအုပ်စာပေ မျိုးစုံလည်း ထုတ်ဝေခွင့် ရနေကြတဲ့အထိ လှမ်းလို့ကြည့်ခဲ့ပါပြီ။ စာပေတွေနဲ့ အကျိုးပြုခဲ့တဲ့ အခု၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၆ ရက်နေ့မှာ ၇၃ နှစ်သက်တမ်းရှိလာတဲ့ သမိုင်းဝင် စာပေဗိမာန်ကြီးဟာလည်း လူထုအစိုးရရဲ့ လက်အောက်ကို ပြန်ရောက် လာနေပြီး တတ်နိုင်သမျှ ခွန်အားရှိသမျှ ပြည်သူတွေကို အကျိုးပြုနေပါပြီ။ ဒါပေမဲ့ စစ်အာဏာရှင်တွေလက်ထက် ၁၉၆၂ ကနေ နှစ် ၅၀ လောက် ဝါဒဖြန့်ချိရေး လောင်းရိပ်အောက် နေခဲ့ရတဲ့ စာပေဗိမာန်ကြီးကို အခုအခါ ဘယ်လောက် ပြန်လည် ပြုပြင်တည့်မတ် ထူထောင်လာနိုင်ပြီလဲ၊ အစိုးရ လက်အောက်ခံ မဟုတ်ပဲ လွန်ခဲ့တဲ့ ၇၃ နှစ်ကာလ စတင် တည်ထောင်စဉ် ကလို လွတ်လပ်တဲ့ အသင်းအဖွဲ့ ပြန်ဖြစ် သင့်သလား၊ နှစ် ၅၀ လောက် အမှောင်ကျခဲ့ရပြီး အခုမှပြန်လည် ပြုပြင်တည် ဆောက်ကြရတဲ့ တခြားဌာနတွေလိုပဲ စာပေဗိမာန်ကော အလားတူ ဖြစ်နေ ကြုံတွေ့နေရပြီလား၊ စာပေဗိမာန်အတွက် ပိုလို့ ပိုလို့ ကောင်းလာအောင် ဘာတွေလုပ်သင့်သလဲ ဆိုတာတွေကို တွေးတော နေမိပါရဲ့။ စာပေဗိမာန် ၇၅ နှစ်ပြည့် စိန်ရတုကလဲ ၂ နှစ်ပဲလိုတော့ပြီ မဟုတ်ပါလားခင်ဗျာ။ ။    ကိုးကား
  • မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)
  • စာပေဗိမာန် နှစ် ၇၀ ပြည့် မဂ္ဂဇင်း
  • စာပေဗိမာန်ဟူသည် (ဆောင်းပါး) တက္ကသိုလ်တင်ခ ၂၆-၀၈-၂၀၁၇
  • ဆရာကြီးဖာနီဗယ်မှ ဒေါ်အောင်ဆန်းစုကြည်သို့ (ဆောင်းပါး) မောင်သာမည ၂၆-၀၉-၂၀၁၉
  • ခေတ်ဟောင်းခေတ်သစ် စာကြည့်တိုက်ခရီး (၁၀၅၇-၁၉၇၃) (အားမာန်စာပေ) မောင်ကောင်းမြင့်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up