Home
မြန်မာသတင်း
လူစုလူဝေးဖြင့်ပါတီဝန်းရံသူများ ခေတ္တရပ်တန့်ပေးရန် ဝက်လက်မြို့နယ်ဆရာဝန်ကြီး မေတ္တာရပ်ခံ
DVB
·
September 26, 2020
ဝက်လက်မြို့နယ်အတွင်း လူစုလူဝေးနဲ့ ပါတီဝန်းရံ ထောက်ခံကြသူတွေအနေနဲ့ ခေတ္တရပ်တန့်ထားပေးဖို့ မြို့နယ်ဆရာဝန်ကြီးက မေတ္တာရပ်ခံလိုက်ပါတယ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းမှာ ကျေးရွာတွေက ပြည်သူတွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကား၊ ဆိုင်ကယ်၊ ထော်လာဂျီတွေနဲ့ နေ့စဉ်လိုလို ပါတီကို ဝန်းရံ ထောက်ခံနေကြတာတာပါ။ ဒီလို ဝန်းရံထောက်ခံနေကြတဲ့အတွက် ကိုဗစ်-၁၉ ကူးစက်မှာ စိုးရိမ်မှုရှိနေလို့ မြို့နယ်ဆေးရုံ ဆရာဝန်ကြီး ဒေါက်တာသန့်ဇင်လတ်က လူမှုကွန်ရက်ကနေပြီး ဝန်းရံထောက်ခံပွဲတွေ ခဏ ရပ်တန့်ပေးကြဖို့ မေတ္တာရပ်ခံလိုက်တာပါ။ “ကိုဗစ်ကူးစက်ခံရတဲ့ ဦးရေဟာ တရက်ထက်တရက် များလာတယ်။ ဒီလို လူစုလူဝေးကြီးထဲမှာ ကိုဗစ်ရှိတဲ့ လူတစ်ဦး ပါလာမယ်ဆိုရင် မတွေးရဲလောက်အောင် ကူးစက်ခံရမှာ။ ဒါကြောင့် ကျနော့်အနေနဲ့ အမုန်းခံပြီး ခဏရပ်တန့်ပေးဖို့ မေတ္တာရပ်ခံရတာပါ။”  ဝက်လက်မြို့နယ်အတွင်းမှာ ခရီးသွားရာဇဝင်လည်း မရှိ၊ အတည်ပြုလူနာနဲ့လည်း ထိတွေမှုမရှိတဲ့ ဘယ်ကနေ ကူးစက်မှန်းမသိတဲ့ ကိုဗစ်အတည်ပြုလူနာတစ်ဦး ရှိနေတဲ့အတွက်ကြောင့် ဒီရောဂါပိုးဟာ အချိန်မရွေး ကိုယ့်ဘေးမှာ ရှိနေသလို ခံစားနေရတဲ့အတွက်ကြောင့် စိုးရိမ်မိတယ်လို့လည်း ဆရာဝန်ကြီးက ဆိုပါတယ်။ NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ၂၀၂၀ ကိုယ်စားလှယ်လောင်လည်း ဖြစ်တဲ့ ဦးမြင့်သိန်းက “ကျနော်တို့အနေနဲ့ ကိုဗစ်ရောဂါကြောင့် မဲဆွယ်စည်းရုံးရေး တပတ်နားပြီးပါပြီ၊ ဒီနေ့ စပြီး စည်းရုံးရေးဆင်းတာပါပဲ။ ကျနော်တို့အစီအစဉ်နဲ့ ကား ၄ စီးကို လူသုံးဆယ် ကျော်လောက်လေးနဲ့ လှည့်ပြီး ကိုဗစ်-၁၉ စည်းကမ်းနဲ့အညီ စည်းရုံးတာပါ။ ဝန်းရံထောက်ခံသူတွေ ဆိုတာက ကျေးရွာတွေက သူတို့သဘောနဲ့ လုပ်ကြတာဆိုတော့ ကျနော်တို့အနေနဲ့ တားဆီးဖို့ ခက်ပါတယ်” လို့ ပြောပါတယ်။ ဝက်လက်မြို့နယ်အတွင်းမှာ စက်တင်ဘာ ၁၆ ရက်နေ့ကစပြီး လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေ ပါဆယ်စနစ်နဲ့ ရောင်းဖို့၊ ဘာသာရေး ပွဲလမ်းသဘင်နဲ့ ဝတ်ပြုဆုတောင်းမှုတွေ မလုပ်ဖို့၊ ခရီးသည်တင်ယာဉ်လိုင်းတွေ ယာယီပိတ်သိမ်းထားဖို့ ဒေသန္တရအမိန့်တွေလည်း ထုတ်ပြန်ထားတာ ဖြစ်သလို စစ်ကိုင်းတိုင်း ကိုဗစ်ကော်မတီကလည်း လူ ၃၀ ထက်ပိုပြီး စုဝေးခွင့်မပြုကြဖို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ စက်တင်ဘာ ၂၅ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ဦးရေဟာ ၉၁၁၂ ဦးရှိပြီး သေဆုံးသူ ၁၇၄ ဦးရှိကာ၊ သက်သာပျောက်ကင်းလို့ ဆေးရုံက ဆင်းခွင့်ပြုသူပေါင်း ၂၅၁၇ ဦး ရှိတယ်လို့ သိရပါတယ်။ သတင်း - အောင်စံလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024