DVB Logo
Home
ဆောင်းပါး
သူရ ဦးရွှေမန်း၊ ငြိမ်းချမ်းရေး တည်ဆောက်မယ့်သူလား၊ နှောင့်နှေးအောင် လုပ်မယ့်သူလား
DVB
·
July 4, 2013
သူရ ဦးရွှေမန်း၊ ငြိမ်းချမ်းရေး တည်ဆောက်မယ့်သူလား၊ နှောင့်နှေးအောင် လုပ်မယ့်သူလား
Donate to DVB

လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအနေနဲ့ တတိုင်းပြည်လုံး ငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်နေရာမှာ ပထမအဆင့် အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်မှု ပြီးဆုံးလုနီးပါပြီ။ သူတို့အနေနဲ့ မကြာခင် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်နေပြီး၊ အဲဒါနဲ့ တပြိုင်နက်တည်း တတိုင်းပြည်လုံး အတိုင်းအတာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး အပစ်အခတ် ရပ်စဲတဲ့ လက်မှတ်ရေးထိုးပွဲကြီး ကျင်းပနိုင်ဖို့လည်း ပြင်ဆင်နေကြပါတယ်။

အဲဒီပွဲကို နိုင်ငံတကာအပါအ၀င် ပြည်တွင်းပြည်ပက ထင်ရှားတဲ့ ပုဂ္ဂိုလ်အသီးသီး ရှေ့မှောက်မှာ ကျင်းပပြီး အသိသက်သေပြု လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ နောက်ပိုင်း နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်သွားလို့ ရပါပြီ။ ဒီလို မင်္ဂလာရှိတဲ့ သတင်း ထွက်ပေါ်လာပြီး သိပ်မကြာခင်မှာပဲ နောင် သမ္မတ အဖြစ် မိမိကိုယ်ကို မျှော်မှန်းထားတဲ့၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းက အစိုးရ ငြိမ်းချမ်းရေး လုပ်ငန်း အကောင်အထည် ဖော်နေမှုအပေါ် ဝေဖန်မှု ပြုလိုက်ပါတယ်။ ဒါတင်မက ကာ-လုံ လို့ခေါ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပပေးဖို့လည်း သမ္မတကို တောင်းဆိုတာ လုပ်ခဲ့ပါတယ်။ သူရ ဦးရွှေမန်း ဒီလို ဘာလို့ လုပ်တာပါလဲ၊ သူဟာ ငြိမ်းချမ်းရေးကို တည်ဆောက်မယ့် သူလား၊ နှောင့်နှေးအောင် လုပ်လာနိုင်သူလား ဆိုတာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင် သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်နေတာတွေဟာ မြန်မာ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ပုံစံပါ။ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့၊ လုပ်ငန်းကော်မတီ စတာတွေကို အစိုးရတာဝန်ရှိသူတွေ၊ စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေ၊ လွှတ်တော်က တာဝန်ပေးထားသူတွေ၊ အရပ်သား ကျွမ်းကျင်သူတွေနဲ့ စနစ်တကျ ဖွဲ့စည်းထားပါတယ်။ ငြိမ်းချမ်းရေး စင်တာဆိုတာ တည်ဆောက်ပြီး နယ်ပယ် အသီးသီးက ကျွမ်းကျင်သူတွေကိုလည်း ငြိမ်းချမ်းရေးလုပ်ငန်း အကောင်အထည်ဖော်မှုမှာ ပါဝင်စေပါတယ်။ နော်ဝေ၊ ကုလသမဂ္ဂ၊ ဂျပန်၊ ဗြိတိန်၊ ဩစတြေးလျ အပါအ၀င် နိုင်ငံတချို့ရဲ့ ငွေကြေးနဲ့ နည်းပညာ အထောက်အပံ့ ရယူပြီး နိုင်ငံတကာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကိုလည်း လေ့လာပါတယ်။ ဒီအတွက်လည်း ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ မရှိတဲ့ များပြားလှတဲ့ လက်နက်ကိုင် သူပုန်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးတာမှာ အချိန်တိုအတွင်း ခရီးရောက်အောင် အကောင်အထည် ဖော်ဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။

အခြားတဖက်မှာလည်း လက်ရှိ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှု ပုံစံဟာ အရင် အစိုးရ အဆက်ဆက်ကနဲ့ ပုံစံမတူဘဲ တကယ့်ကို တိုင်းပြည်မှာ ငြိမ်းချမ်းရေးရအောင် အကောင်အထည် ဖော်နေတာပဲ ဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ယုံကြည်မှုကိုလည်း ရနေတာ တွေ့ရပါတယ်။ တိုင်းရင်းသားအဖွဲ့တွေဟာ အရင်ခေတ်တုန်းက လုပ်ခဲ့တဲ့ အပစ်အခတ် ရပ်စဲရေးကာလတုန်းကလို နိုင်ငံရေး မလုပ်ရ၊ ဟိုအဖွဲ့နဲ့ မဆက်ဆံရ၊ ဒီအဖွဲ့နဲ့ မဆက်သွယ်ရ စတာတွေ ကန့်သတ်မခံရသလို ကိုယ့်တိုင်းရင်းသား ပြည်သူတွေနဲ့ လွတ်လွတ်လပ်လပ် ထိတွေ့ဆက်ဆံ အကြံဥာဏ်ရယူ နိုင်ကြတာလည်း တွေ့ရပါတယ်။ အခက်အခဲ အတားအဆီးတချို့ ရှိနေသေးတဲ့တိုင် အောင်မြင်မှု ရနေတဲ့ လုပ်ငန်းစဉ်တရပ် ဖြစ်ခဲ့ပါတယ်။

ဒီအခြေအနေအောက်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက လုပ်ကိုင်ဆောင်ရွက်နေတာတွေအနက် တချို့ အဖွဲ့တွေနဲ့ ဆွေးနွေးရာမှာ အောင်မြင်မှုတွေ ရပေမယ့် တချို့သော ကိစ္စရပ်တွေမှာ မလိုလားအပ်တဲ့ ရလဒ်နဲ့ ဘေးထွက်ဆိုးကျိုးတွေ ရလာနိုင်တယ်လို့ စွပ်စွဲပြောဆိုခဲ့တာ ဖြစ်ပါတယ်။ တဆက်တည်း ဒီကိစ္စ အတွက် ကာ-လုံ အစည်းအဝေး ခေါ်ပေးဖို့ သမ္မတကို တောင်းဆိုလို့ ဇူလိုင် ၂ ရက်နေ့မှာ ကာ-လုံ အစည်းအဝေး ခေါ်ပေးလိုက်ရပါတယ်။

အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာ တရားဝင် သတင်းထုတ်ပြန်တာတွေ မရှိပေမယ့် လွှတ်တော်နဲ့ သတင်းထောက်တွေကို သူရ ဦးရွှေမန်း ထုတ်ဖော်ပြောဆိုချက်တွေအရ အခြေအနေကောင်းရဖို့ နှီးနှောဆွေးနွေး ညှိနှိုင်းပြီး လုပ်ကိုင်ဆောင်ရွက်ဖို့၊ ဆွေးနွေးပွဲမှာ အားလုံးပါဝင်နိုင်ဖို့၊ ငြိမ်းချမ်းရေး အကောင်အထည် ဖော်ရေးအတွက် လိုအပ်တဲ့ ငွေကြေး ပစ္စည်းအထောက်အပံ့ကို ပြည်ပနိုင်ငံ အဖွဲ့အစည်းတွေက ပေးတာ အဓိကမထားဘဲ ပြည်သူ့ ဘဏ္ဍာငွေကြေးသုံးစွဲပြီး ဆောင်ရွက်ဖို့ စတာတွေ ဆုံးဖြတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအချက်တွေအရ ကာ-လုံ အစည်းအဝေးကို မှန်မှန် လုပ်သွားမယ်လို့ သူက ပြောဆိုခဲ့သလို၊ လက်ရှိ ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကိုလည်း ပြင်ဆင်ဖွဲ့စည်းဖွယ်ရာ ရှိနေပါတယ်။ နော်ဝေ အပါအ၀င် နိုင်ငံတကာက ကူညီထောက်ပံ့မှုနဲ့ အကြံဥာဏ် ပေးတာတွေကိုလည်း အကန့်အသတ်နဲ့ လက်ခံဖို့ ဖြစ်လာနိုင်ပါတယ်။ ပြောရရင် ဒီလုပ်ရပ်တွေဟာ တိုင်းရင်းသားတွေက လက်ခံပြီး နိုင်ငံတကာကလည်း အသိအမှတ်ပြုလာတဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို ပိုပြီး ထိရောက်အောင်၊ ပိုပြီး အောင်မြင်အောင် ပံ့ပိုးပေးတာမျိုး မဟုတ်ဘဲ နှောင့်နှေးကြန့်ကြာအောင် လုပ်သလိုသာ ဖြစ်နေပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013