Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကာလ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အိမ်ကို ငွေပြန်လွှဲပို့မှု လျော့နည်း 
နန်းမြနဒီ
·
September 24, 2020
ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးကာလအတွင်း  ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေအနေနဲ့   မြန်မာနိုင်ငံရှိ သူတို့ရဲ့ နေအိမ်တွေဆီကို  ငွေပြန်လွှဲပို့တာ  လျော့နည်းကျဆင်းသွားတယ်လို့ ငွေလွှဲလုပ်ငန်းတွေထံကနေ စုံစမ်းသိရပါတယ်။  ထိုင်းမှာ ကိုဗစ်-၁၉  ကူးစက်မှုကြောင့် အလုပ်အကိုင်ရပ်နား ဝင်ငွေ ထိခိုက်လာလို့  မြန်မာအလုပ်သမားတွေ  အိမ်ကိုငွေပြန်ပို့တာ သိသိသာသာကျဆင်းသွားကြောင်း၊ အထူးသဖြင့် အိမ်ဖော်လုပ်ငန်းကလွဲလို့ တခြားလုပ်ငန်း လုပ်ကိုင်သူတွေဆီက ငွေပို့မှု ပမာဏရော ပို့တဲ့ဦးရေပါ လျော့နည်းသွားတယ်လို့ တာချီလိတ်မှ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ နန်းကျန်က ဒီဗွီဘီကို ပြောပါတယ်။ “တော်တော်လျော့နည်းသွားတယ်ရှင့်၊ ငွေလွှဲတဲ့လူဦးရေရော သူတို့ပို့တဲ့ငွေပမာဏပါ နည်း သွားတယ်။ အရင်က  တစ်လကို ငွေလွဲသူ အယောက် ၁၀၀ ရှိရင် အခုက ၂၀- ၃၀ လောက်ပဲ ကျန်တယ်။ ကျပ် တစ်သိန်းပို့ရာက ကျပ် ငါးသောင်းလောက်ပဲပို့တယ်။ အများအားဖြင့် စားသောက်ဆိုင်လုပ်ငန်း၊ ညဆိုင်းလုပ်ရတဲ့လူတွေ ငွေမလွှဲတော့ဘူး။ ပုံမှန်ပို့နိုင်တာဆိုလို့ အိမ်ဖော်ပဲ ရှိတယ်။  အဲဒီလိုဖြစ်ရတာက သူတို့အလုပ်လက်မဲ့ဖြစ်တာရော  ပြီးတော့ မြန်မာငွေဈေး တက်တာ ရောပေါ့။  အရင်က ထိုင်းဘတ် နှစ်ထောင်စွန်းစွန်းဆို  မြန်မာငွေ တစ်သိန်းရတယ်။ အခုကျတော့ ဒီနေ့ဆို ၂၄၀၀ - ၂၅၀၀ ဘတ်မှ ကျပ် တစ်သိန်းရတယ်။  အရင်က ပိုက်ဆံကိုအိမ်ပြန်ပို့ပြီး မြန်မာပြည်မှာ ငွေစုတယ်၊ အိမ်ဆောက်ဖို့၊ မြေကွက်ဝယ်ဖို့၊ အလှူအတန်းလုပ်ဖို့ ငွေပို့ကြတယ်။ အခုမြန်မာပြည်မှာ ကိုဗစ်-၁၉ ဖြစ်တော့ မြေအရောင်းအဝယ်မရှိ၊ အိမ်ဆောက်အလုပ်တွေလည်း နားထား၊ အလှူအတန်းပွဲလမ်းသဘင်လည်းမရှိတော့ ရှာရတဲ့ငွေတွေ ထိုင်းမှာပဲ စုကြတယ်တဲ့။”  အလားတူ ဘန်ကောက်ရောက်ရွှေ့ပြောင်းလုပ်သားတွေကို ငွေကူလွှဲပေးနေတဲ့ ကိုကျော်ဖြိုးဝေကလည်း ထိုင်းက ကိုဗစ်-၁၉ ကြောင့် အလုပ်သမားငွေလွှဲမှု ၃၀ ရာခိုင်နှုန်း ကျဆင်းသွား တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။  “ငွေလွှဲမှုနှုန်းက ကျတော့ကျတယ်။ အရမ်းကြီးကျသွားတာတော့ မဟုတ်ဘူး။ ၃၀ ရာခိုင်နှုန်း လောက်ပါပဲ။ မြန်မာပြည်ကနေပြီး ထိုင်းကိုငွေပြန်လွှဲတာတော့ နည်းနည်းများလာတာတယ်။ ထိုင်းငွေဈေးကျပြီး မြန်မာငွေဈေးတက်တာကြောင့်ရော၊ နယ်စပ်လူဝင်လူထွက် ကန့်သတ်ထား တာကြောင့်  မြန်မာပြည်ကနေ ကုန်ပစ္စည်းမှာယူသူ ပိုများလာတာဖြစ်မယ်ခင်ဗျ။” ရွေ့ပြောင်းလုပ်သားတွေ အိမ်ကိုငွေပြန်ပို့နိုင်ရေး ကူညီဆောင်ရွက်ပေးနေတဲ့ မဟာချိုင်က ကိုဇော်ကလည်း ဒီဗွီဘီကို ခုလိုပြောပါတယ်။   “ထိုင်းမှာကိုဗစ်-၁၉ ကူးစက်မှုမြင့်နေတုန်းကတော့ အိမ်ကိုငွေပြန်ပို့တာ နည်းပါး သွားတယ်ခင်ဗျ။ ကျနော်တို့ပတ်ဝန်းကျင်မှာ အလုပ်သမားအများစုက ပင်လယ်စာ စားသောက်ကုန် လုပ်ငန်းတွေလုပ်တော့ အလုပ်လက်မဲ့ဖြစ်သွားတာသိပ်မရှိဘူး။ ဒါပေမဲ့ လော့ဒေါင်း ချထားတော့ အခြေအနေဘယ်လိုလာမလဲမသိတော့  အလုပ်သမားတွေက ငွေတွေသိမ်းထားကြတယ်။ အဲဒီတုန်း က အိမ်ကိုသိပ်မပို့ဘူး။ ခုနောက်ပိုင်း ထိုင်းမှာ ရောဂါကူးစက်မှုနည်းပြီး မြန်မာပြည်မှာ များလာတော့ ဟိုမှာ အလုပ်မဖြစ်လို့ ဒီကနေငွေရှာပို့ပေးရတာ များလာတယ်။” ချင်းမိုင်တက္ကသိုလ် စားသောက်ဆိုင်တန်းမှာ အလုပ်လုပ်နေသူ နန်းစိန်ကတော့  မြန်မာပြည်မှာ ကိုဗစ်-၁၉ ကူးစက်မှုမြင့်လာတဲ့နောက်ပိုင်း အိမ်ကိုငွေ နှစ်ဆ ပို့ရလို့ သူ့အနေနဲ့ တနေ့ကို အလုပ် ၃ မျိုးတိုးပြီးလုပ်နေရတယ်လို့  ဒီဗွီဘီကို ပြောပါတယ်။  “ကျမသမီးက အရင်ကဆေးရုံထဲမှာ သန့်ရှင်းရေးလုပ်တယ်။ ကိုဗစ် လာတော့ သူက ကလေးငယ်ရှိတော့ ရောဂါတွေဘာတွေကူးမှာစိုးလို့ မသွားခိုင်းတော့ဘူး။ သူ့ယောကျ်ားနဲ့လည်း အဆင်မပြေတော့ ကျမပဲ သမီးကိုရောမြေးကိုပါ ပြန်ရှာကျွေးရတာပေါ့။ တနေ့ကို အလုပ် ၃ မျိုး ပြောင်းလုပ်ရတယ်။ အိမ် ၂ အိမ်မှာ အချိန်ပိုင်းသန့်ရှင်းရေးလုပ်၊ နေ့ခင်းကျတော့ စားသောက်ဆိုင်မှာ လုပ်ပေါ့၊ ပင်ပန်းလွန်းလို့ တခါတလေ သေပစ်လိုက်ချင်တယ်။” ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ တရားဝင်အနေနဲ့ရော တရားမဝင်အနေနဲ့ပါ စုစုပေါင်း ၃ သန်းလောက် ဝင်ရောက်လုပ်ကိုင်နေပြီး ထိုင်းမှာ ကိုဗစ်- ၁၉ ကပ်ရောဂါဆိုက်ရောက် လာတဲ့နောက် မြန်မာပြည်ကို တစ်သိန်းကျော် ပြန်လည်ဝင်ရောက်ခဲ့ကြပါတယ်။  ထိုင်းနိုင်ငံတဝန်းမှာ လာရောက်အလုပ်လုပ်နေတဲ့ သန်းနဲ့ချီတဲ့ မြန်မာရွေ့ ပြောင်းလုပ်သားတွေ ထံကနေ မြန်မာနိုင်ငံကို တရားဝင်ရော တရားမဝင်ပါ ငွေလွှဲမှုတွေရှိနေပြီး တနှစ်ကို  ငွေပမာဏ ဘယ်လောက် ပြန်လွှဲ သလဲဆိုတာတော့ မသိရသေးပါဘူး။  ပြည်ပရောက်မြန်မာနိုင်ငံသားတွေထံကနေ ပြည်တွင်းကို တရားဝင် ငွေလွှဲပို့တဲ့ ပမာဏကတော့  ပြီးခဲ့တဲ့ ၅ နှစ်ကျော် ကာလအတွင်း အမေရိကန် ဒေါ်လာ သန်း ၂၉၀၂ သန်းကျော်ရှိခဲ့တယ်လို့    အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ၂၀၁၉ အောက်တိုဘာလက  ထုတ်ခဲ့ပါတယ်။ ဒီပမာဏဟာ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ ဇွန်လအထိ ၅ နှစ်ခွဲတာကာလအတွင်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေက မိသားစုတွေထံ တရားဝင် ငွေလွှဲပို့တဲ့ပမာဏ ဖြစ်ပါတယ်။ ကမ္ဘာဘဏ်ကတော့ ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြည်ပကနေ   ပြန်လွှဲငွေစုစုပေါင်း အမေရိကန် ဒေါ်လာ သန်း ၂၈၄၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပြီး ဒီပမာဏဟာ  မြန်မာနိုင်ငံ ဂျီဒီပီရဲ့ ၄ ဒသမ ၃ ရာခိုင်နှုန်း လောက်ရှိမယ်လို့လည်း ခန့်မှန်းထုတ်ပြန်ထားပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024