ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ခံလူနာ ၂ ဦး ပထမဆုံးအကြိမ် တွေ့ရှိ
DVB
·
September 24, 2020
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ပထမဆုံးအကြိမ် ကူးစက်ခံရတဲ့ အမျိုးသမီးနှစ်ဦးတွေ့ရှိခဲ့တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင်က ပြောပါတယ်။
အဆိုပါ အမျိုးသမီး နှစ် ဦးဟာ ရန်ကုန်မြို့ မင်္ဂလာဒုံ စက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေသူတွေဖြစ်ပြီး စက်တင်ဘာ ၇ ရက်က ခင်ဦးမြို့နယ် ကံသာယာကျေးရွာကို ပြန်လာခဲ့တာပါ။
သူတို့နဲ့ ကားအတူစီးလာသူ ၁၂ ဦးရှိပြီး စက်တင်ဘာ ၂၂ ရက်နေ့မှာတော့ အဆိုပါ ၂ ဦးအပြင် Quarantine ထားရှိထားတဲ့ ၇၄ ဦးကို စစ်ဆေးခဲ့ရာမှာ ရောဂါပိုး တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ ရောဂါပိုးတွေ့ရှိသူတွေနဲ့အတူ ကားစီးနင်းလာတဲ့ ခရီးသည်တွေကို ဆက်သွယ်နေပြီး လက်ရှိမှာတော့ ကူးစက်ခံထားရတဲ့အမျိုးသမီး နှစ်ဦးကို ခင်ဦး ပြည်သူ့ဆေးရုံသီးသန့်ဆောင်မှာ ထားရှိထားတယ်လို့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
ရွှေဘိုခရိုင်အတွင်းမှာ စက်တင်ဘာလ ၂၄ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈ ဦး ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
သတင်း - ချိုသဲကြည်