မအူပင်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျသဖြင့် နေအိမ် ၃၀ ကျော် ပြောင်းရွှေ့
DVB
·
September 24, 2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ သောင်တန်းကျေးရွာ အညာစုပိုင်းမှာ မြစ်ကမ်းပါးပြိုကျပြီး နေအိမ်အလုံး ၃၀ ကျော်ကြိုတင်ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သောင်တန်းကျေးရွာမှာ အညာစုပိုင်းနဲ့ သက္ကယ်ကျွန်း ဆိုပြီး နှစ်ပိုင်းရှိပြီး အညာစုပိုင်းမှာ နေအိမ်ရွှေ့ပြောင်းရတာတွေ အများဆုံးဖြစ်နေကာ ကြိုတင်ကာကွယ်မှုအနေနဲ့ တာဝန်ရှိတဲ့သူ တွေက ဘာမှလုပ်ပေးတာမရှိဘူးလို့ အညာစုပိုင်နေ ကိုခင်မောင်အေးက ပြောပါတယ်။
"ရွာက နှစ်ပိုင်းဖြစ်နေတာ၊ တာဝန်ရှိသူတွေ ချပေးတာက ဟိုဘက်အပိုင်းကို။ ပြိုနေတာက ဒီဘက် အပိုင်းမှာ။ အဲ့တော့ ရွာကလူတွေက ကိုယ်ထူကိုထ ကမ်းပြိုတာတွေကို တားရတာတွေ ကာကွယ်ရတာတွေ လုပ်နေရတယ်။ ခုဆို အိမ်ပြောင်းရတာ ၃၀ လောက်ရှိသွားပြီ"လို့ ပြောပါတယ်။
မြစ်ကမ်းပါးပြိုကျတာတွေ တဖြည်းဖြည်းများလာလို့ အညာစုပိုင်းက မြစ်ကမ်းပါးပြိုတဲ့နေရာ တွေကို ဒေသခံတွေစုပေါင်းပြီး ကိုယ်ထူကိုယ်ထဝါးဖောင် ၁၃ ဖောင်ပြုလုပ်ပြီး ကာကွယ် နေတယ်လို့ ဆိုပါတယ်။
မြစ်ကမ်းပါးပြိုကျမှုတွေကြောင့် နေအိမ်တွေကို ကြိုတင်ပြောင်းရွှေ့ရတဲ့ အိမ်ထောင်စုတွေကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေနဲ့ အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေနဲ့ ဆန်ရိက္ခာ ၁ ပတ်စာ ထောက်ပံ့ပေးတာမျိုးတွေရှိတယ်လို့ တိုင်းဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးသန်းစိုးက ဒီဗွီဘီကိုပြောပါတယ်။
"ကြိုတင်ပြောင်းရွှေ့ရတဲ့ နေအိမ်တွေကို ကျနော်တို့ ဌာနအနေနဲ့ အိမ်ဆောက်ပစ္စည်းထောက်ပံ့ ငွေ ၁ သိန်းနဲ့ ၁ ပတ်စာ ဆန်ရိက္ခာထောက်ပံ့ပေးတာတွေ လုပ်ပေးပါတယ်"လို့ ပြောပါတယ်။
မြစ်ကမ်းပါးပြိုကျလို့ နေအိမ်တွေ ပြောင်းရွှေ့နေရတဲ့ သောင်တန်းကျေးရွာ၊ အညာစုပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းကလည်း ခုလို မြစ်ကမ်းပါးပြိုကျမှုတွေကြောင့် နေအိမ်တွေ ရွှေ့ပြောင်းခဲ့ရ ဖူးပါတယ်။
ဓာတ်ပုံ - အောင်မြသန်း