Home
မြန်မာသတင်း
UDP ဥက္ကဋ္ဌ၏နောက်ကြောင်းရာဇဝင်ကို ချမပြပါက ပါတီကိုယ်စားလှယ်လောင်းနုတ်ထွက်မည်
DVB
·
September 24, 2020
နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP) အနေနဲ့ ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ရဲ့ နောက်ကြောင်းရာဇဝင်ကို ရှင်းရှင်းလင်းလင်းမချပြရင် ပါတီကနေ နုတ်ထွက်ပြီး တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့  ပါတီကိုယ်စားလှယ်လောင်း တစ်ဦးက ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မဲဆန္နနယ်အမှတ်(၁)ကနေ UDP ပါတီကိုယ်စားပြုဝင်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ကိုယ်စားလှယ်လောင်း ဦးဂဲနက်(စ်)က ပြောကြားလိုက်တာပါ။ “လူထုတွေကြားထဲမှာ တောင်းဆိုလာရင် ရှင်းပြရမယ့်တာဝန်က ကျနော့်မှာ ရှိတယ်။ ရှင်းပြပေးဖို့ရာတောင်းဆိုပါတယ်။ တိကျခိုင်မာပြီး ပြတ်ပြတ်သားသားမရှင်းပြဘူးဆိုရင် ထွက်မယ်” လို့  ဦးဂဲနက်(စ်)ကပြောပါတယ်။ ပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးကျော်မြင့်ရဲ့ နောက်ကြောင်းရာဇဝင် အခြေအနေတွေကို ပြည်တွင်းမီဒီယာတခုက ထုတ်ဖော်ရေးသားဖော်ပြခဲ့အပြီးမှာ အခုလို ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဦးဂဲနက်စ်ဟာUDP ပါတီရဲ့ ကချင်ပြည်နယ် ပြန်ကြားရေးတာဝန်ခံအဖြစ် တာဝန်ယူထားသလို တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်ကာ ကချင်ပြည်နယ်အတွင်းက သိမ်းဆည်းခံလယ်ယာမြေတွေ အရေးကို ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်းမှာ UDPပါတီဟာ ယန္တရားအားကောင်းပြီး စနစ်တကျတည်ဆောက်ထားတာကို တွေ့ရှိရတဲ့အတွက် ပါတီဝင်ခဲ့တာလို့  ဦးဂဲနက်စ်က ပြောပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ ဦးဂဲနက်စ်ဟာ  တိုင်းလိုင်ရှမ်းနီပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဦးကျော်မြင့် (ခေါ်) ဦးဇခုန်ဇုန်းဆောင် ခေါင်းဆောင်တဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP)ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ   တစ်နိုင်ငံလုံး  မဲဆန္ဒနယ်ပေါင်း ၁၁၃၁ နေရာဝင်ပြိုင်မှာဖြစ်ပြီး အန်အယ်လ်ဒီပါတီပြီးရင် ဒုတိယမြောက် မဲဆန္ဒနယ် အများဆုံး ဝင်ပြိုင်မယ့်ပါတီဖြစ်ပါတယ်။ သတင်း- မီးမီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024