မြန်မာပြည်အခြေစိုက် တရုတ်ကုမ္ပဏီများ မီဒီယာနှင့် တွေ့မည်
DVB
·
July 3, 2013
မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်ကုမ္ပဏီတွေ စုပေါင်းပြီး မီဒီယာ တွေ့ဆုံပွဲတခု လာမယ့် ဇူလိုင် ၅ ရက်နေ့ ရန်ကုန် ဒဂုံမြို့နယ် တရုတ်ယဉ်ကျေးမှု သံရုံးမှာ ပြုလုပ်မယ်လို့ စီစဉ်သူ ဆင်ဟွာသတင်းဌာန တာဝန်ရှိသူ မလင်းလင်းက ဒီဗွီဘီကို ပြောပါတယ်။
တွေ့ဆုံပွဲမှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ၀မ်ပေါင်ကုမ္ပဏီ၊ ကျောက်ဖြူရေနက် ဆိပ်ကမ်းနဲ့ ဓာတ်ငွေ့ပိုက်လိုင်း အကောင်အထည်ဖော်တဲ့ ကုမ္ပဏီ၊ မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်တဲ့ ကုမ္ပဏီတွေပါ ပါဝင်နိုင်တယ်လို့ သူက ပြောပြပါတယ်။
တွေ့ဆုံပွဲမှာ တရုတ်ပြည် ကုမ္ပဏီများ အသင်း ဥက္ကဋ္ဌက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စတွေ ရှင်းလင်း ပြောဆိုမှာ ဖြစ်ပြီး မီဒီယာတွေကလည်း မေးမြန်းစုံစမ်းနိုင်တယ်လို့ သူက ရှင်းပြပါတယ်။