ရန်ကုန်တိုင်းအတွင်း အစိုးရက ရိက္ခာဖြန့်ဖြူးပေးရန် ပြင်ဆင်
DVB
·
September 24, 2020
လိုအပ်ချက်အရ ရန်ကုန်တိုင်းကို နေအိမ်မှာနေထိုင်ရေး Stay at Home အမိန့် ထပ်မံထုတ်ပြန်ပါက အိမ်ထောင်စုအလိုက် ၂ ပတ်စာ စားသောက်နိုင်တဲ့ အခြေခံစားသောက်ကုန် တွေ ဖြန့်ဖြူးပေးဖို့ အစိုးရက ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒီလိုဖြန့်ဖြူးပေးရာမှာ ရိက္ခာခြောက်တွေ သာမကဘဲ ရိက္ခာအစိုတွေပါ ဖြန့်ဖြူးပေးနိုင်ရေး အတွက် စီစဉ် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း ရန်ကုန်တိုင်းကို နေအိမ်မှာနေထိုင်ဖို့ ကြေညာထားပြီး ဖြစ်ပေမဲ့ ကူးစက်မှုနှုန်းကို ထိန်းချုပ်ဖို့ ကန့်သတ်ချက်တွေ ရှိလာတာကြောင့် နေအိမ်မှာနေထိုင်ရေး အမိန့် ထပ်မံ ထုတ်ပြန်ပါက ရန်ကုန်မြို့နေပြည်သူ ၇ သန်းကို ဖြန့်ဖြူးပေးနိုင်ဖို့ ရည်ရွယ်တာပါ။
လက်ရှိမှာ အရေးပေါ်ရိက္ခာစုဆောင်းမှုတွေကို အတိုင်းအတာတစ်ခုအထိ စုဆောင်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရိက္ခာဖြန့်ဝေရန်လိုအပ်ပါက ဖြန့်ဝေပေးဖို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက ညွှန်ကြားထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မနေ့က အွန်လိုင်းကနေ ကျင်းပတဲ့ အစည်းအဝေးမှာ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်းကာလမှာလည်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား ပြည်သူတွေအတွက် အစိုးရက စားနပ်ရိက္ခာဖြန့်ဝေမှုကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်ခဲ့ပါတယ်။
သတင်း - စိုးချစ်ချစ်ပိုင်