သရုပ်ဆောင် “မောင်”ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
September 23, 2020
နာမည်ကြီး သရုပ်ဆောင်မင်းသမီးတလက်ဖြစ်တဲ့ နန္ဒာလှိုင်ရဲ့ မောင်ဖြစ်သူ သရုပ်ဆောင် “မောင်”မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
သူနဲ့အတူ အသက် ၅ နှစ်အရွယ် ကလေးတယောက်၊ အိမ်အကူ ၃ ယောက်တို့ ကူးစက်ခံထားရတာဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ပရိသတ်တွေကို အသိပေးမျှဝေထားခဲ့တာပါ။
“ကျနော်တို့ တို့စစ်ထားတဲ့အဖြေရပါပြီ။ ကျနော်ရယ်၊ ၅နှစ်လေးရယ်၊ အိမ်အကူ ၃ ယောက်ရယ် Positive ဖြစ်ပြီး၊ အကြီး နှစ်ယောက်ရယ် ၈၆ နှစ်အဖွားရယ်က Negative ပါ။ ၁၀ နှစ်သားဝန်းကျင် ကလေးနှစ်ယောက်နဲ့ ၈၆ နှစ်အဖွားကို ဒီတိုင်းထားခဲ့လို့ မဖြစ်နိုင်လို့ ရီရီ က Q လိုက်ဝင်ပြီး ကလေးနှစ်ယောက်နဲ့နေပေးနေပါတယ်။ အငယ်ဆုံး လေးကို အမေရှိတဲ့တောင်ဥက္ကလာဆေးရုံ လိုက်ပို့ပေးလို့ရအောင်ကူညီပေးတဲ့ ကျန်းမာ ရေးက အစ်ကိုတွေနဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်”
သိပ်မကြာခင်ရက်ပိုင်းက သူဟာ အစ်မဖြစ်တဲ့ နွေးနွေးလှိုင်မှာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိရတာကြောင့် ဆေးကုသမှုခံယူချိန်မှာ အစ်မဖြစ်သူရဲ့ ရင်သွေးလေးတွေနဲ့အတူ ဟိုတယ်ကွာရန်တင်းဝင်ရင်း ပြုစုစောင့်ရှောက်ပေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ မောင်ကတော့ ဧရာဝတီစင်တာမှာ ရောက်ရှိနေပြီး ဆေးကုသမှု ခံယူ သွားမယ်လို့ ဆိုပါတယ်။
“ကျနော် ကတော့ ဧရာဝတီစင်တာမှာ ရောက်နေပါပြီ။ အားလုံးကတော့ ကျန်း ကျန်းမာမာပါပဲ။ အငယ်လေးလည်း Positive ဆိုပင်မယ့် အမေဆီရောက်သွားလို့ စိတ် အေးရပါပြီ။ အကြီး နှစ်ယောက်လဲ အန်တီ အသစ်လေးနဲ့ အဆင်ပြေနေတယ် ပြောပါ တယ်။”
မောင်ဟာ တချိန်က ဗီဒီယို ဇာတ်ကားတွေ၊ ရုပ်သံကြော်ငြာတွေကို ရိုက်ကူးခဲ့ဖူးပြီး အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့သူတယောက်ဖြစ်ပြီး နောက်ပိုင်းမှာတော့ သူဟာ ဆက်မလုပ်ဖြစ်တော့ပဲ စီးပွားရေး လုပ်ငန်းတွေဘက်မှာ ဦးစားပေး လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။