Homeမြန်မာသတင်း
မိတ္ထီလာ၊ ညောင်ကိုင်းရွာနေ အန်အယ်လ်ဒီထောက်ခံသူ ၄၀ ကို ကြံ့ခိုင်ရေးပါတီ ထောက်ခံသူက အမှုပြန်ဖွင့်
မိတ္ထီလာ၊ ညောင်ကိုင်းရွာနေ အန်အယ်လ်ဒီထောက်ခံသူ ၄၀ ကို ကြံ့ခိုင်ရေးပါတီ ထောက်ခံသူက အမှုပြန်ဖွင့်
DVB
·
September 22, 2020
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ညောင်ကိုင်းရွာမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂၁ ရက်နေ့မှာ ကြံ့ခိုင်ရေးပါတီလိုလားသူက အန်အယ်လ်ဒီပါတီ ထောက်ခံသူ အယောက် ၄၀ ကို ပြန်ပြီး အမှုဖွင့်လာတယ်လို့ မိတ္ထီလာအမှတ်၂ ရဲစခန်းက သိရပါတယ်။
မိတ္ထီလာအမှတ်(၂) ရဲစခန်းတာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက "ဟုတ်ပါတယ် ပြည်ခိုင်ဖြိုးကလည်း ပြန်အမှုဖွင့်တယ်။ အပြန်အလှန်အမှုပါ"လို့ ပြောပါတယ်။
နာကျင်မှုပါတဲ့ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၄၀၊ တုံးသောလက်နက်နဲ့ ပြင်းထန်နာကျင်စေမှု ပုဒ်မ ၃၂၅၊ ဆဲဆိုမှု ပုဒ်မ၂၉၄၊ ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့နဲ့ ကြံ့ခိုင်ရေးပါတီ ထောက်ခံသူကိုဖြိုးကိုက တရားလိုလုပ်ပြီး အန်အယ်လ်ဒီပါတီ ထောက်ခံသူ ဒေါ်ခင်မာလေးအပါ အယောက် ၄၀ ကို မိတ္ထီလာအမှတ်၂ ရဲစခန်းမှာ အမှုဖွင့်ခဲ့တာပါ။
စက်တင်ဘာ ၂၀ ရက်က မိတ္ထီလာမြို့နယ်က ကြံ့ခိုင်ရေးပါတီထောက်ခံသူတွေ လှည့်လည်လာရာမှာ ညောင်ကိုင်းရွာအဝင်မှာ အန်အယ်လ်ဒီထောက်ခံသူတွေနဲ့ ကြံ့ခိုင်ရေး ပါတီလိုလားသူတွေ နှစ်ဖက်ပဋိပက္ခ ဖြစ်ပွားခဲ့တာပါ။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကြံ့ခိုင်ရေးထောက်ခံသူသန်းကျော်စိုးအပါ ၁၇ ဦးကို အရေးယူပေးဖို့ နာကျင်မှုပါတဲ့ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၄၀၊ နာကျင်စေမှု ပုဒ်မ ၃၃၇၊ ဆဲဆိုမှု ပုဒ်မ ၂၉၄၊ ရာဇဝတ်မကင်းတဲ့ ခြောက်လှန့်မှုပုဒ်မ ၅၀၆၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့နဲ့ ညောင်ကိုင်းရွာနေ အန်အယ်လ်ဒီ ထောက်ခံသူ ဒေါ်ခင်မာလေးက တရားလိုလုပ်ပြီး မိတ္ထီလာအမှတ် ၂ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။
အလားတူ စက်တင်ဘာ ၈ ရက်နေ့ကလည်း မိတ္ထီလာစက်ကြီးဆည်မြောင်းဝန်းထဲမှာ ကြံ့ခိုင်ရေးပါတီ လိုလားသူတွေက အန်အယ်လ်ဒီ ထောက်ခံသူတဦးကို ခဲနဲ့ ပစ်ပေါက်တာကြောင့် ခဲပေါက်ခံရသူ ကိုဇင်မျိုးသူက တရားလိုလုပ်ပြီး ကိုမျိုးအပါ ၂၀ ဦးကို အမှုဖွင့်ခဲ့ပါတယ်။
သတင်း-မောင်မောင်လင်း