အင်းစိန်၊ အောင်ဆန်းမြို့ တီဘီဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး ထပ်တွေ့
ဇေယျာချမ်းအေး
·
September 21, 2020
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းမြို့ရှိ တီဘီရောဂါကုဆေးရုံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦးထပ်တွေ့တယ်လို့ အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ပြောပါတယ်။
အောင်ဆန်း တီဘီဆေးရုံ ဝန်ထမ်းလိုင်းခန်းမှာ စက်တင်ဘာ ၁၇ ရက်က အတည်ပြုလူနာ တစ်ဦးတွေ့ခဲ့ပြီး စက်တင်ဘာ ၂၀ ရက်နေ့မှာ အတည်ပြုလူနာ ၆ ဦးထပ်တွေ့ခဲ့ပါတယ်။ အခု စက်တင်ဘာ ၂၁ ရက်နေ့မှာတော့ အတည်ပြုလူနာ ၁ ဦးထပ်တွေ့ခဲ့တဲ့အတွက် အောင်ဆန်းတီဘီဆေးရုံမှာတွေ့တဲ့ စုစုပေါင်းအတည်ပြုလူနာ ၈ ဦးအထိ ရှိလာပါတယ်။
ဒီနေ့ထပ်တွေ့တဲ့ အတည်ပြုလူနာဟာ အမျိုးသမီးတစ်ဦးဖြစ်ပြီး တီဘီရောဂါအခံနဲ့ ဆေးရုံမှာကုသမှုခံယူ နေသူဖြစ်ပါတယ်။
အောင်ဆန်းတီဘီဆေးရုံမှာတွေ့ရှိရတဲ့ အတည်ပြုလူနာ ၈ ဦးထဲမှာ ဝန်ထမ်းလိုင်းခန်းက ၆ ဦးပါဝင်ပြီး တီဘီဆေးရုံမှာ တက်ရောက်ဆေးကုသမှုခံယူနေသူ ၂ ဦးပါဝင်ပါတယ်။
“ကျန်းမာရေးဝန်ကြီးဌာနရဲ့ အတည်ပြုထုတ်ပြန်ချက်ထွက်တာနဲ့ လူနာတွေကို အောင်ဆန်းတီဘီဆေးရုံကနေ ကိုဗစ်-၁၉ အထူးပြုကုသပေးတဲ့ ဆေးရုံတွေကို လွှဲပြောင်းထားပါတယ်။ အောင်ဆန်းတီဘီဆေးရုံကို Lockdown ချ မချ ဆိုတာကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ဆုံးဖြတ်လမ်း ညွှန်ချက်အတိုင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ကျနော်တို့မှာ ဆုံးဖြတ်ခွင့်မရှိပါဘူး ” လို့ လွှတ်တော်အမတ် ဦးမောင်မောင်ဦးက ပြောပါတယ်။
အင်းစိန်မြို့နယ်ထဲမှာ စက်တင်ဘာ ၂၁ ရက်နေ့အထိ စာရင်းတွေအရ ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူ ၁၃၄ ဦးအထိရှိနေပြီလို့ အင်းစိန်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးပါတယ်။