ပြည်ပမှ ပြန်လာသူများကို ကွာရန်တင်းစင်တာ၌ ၇ ရက်သာ ထားမည်
DVB
·
September 21, 2020
ပြည်ပနိုင်ငံတွေကပြန်လာသူတွေနဲ့ Stay at Home သတ်မှတ်ထားတဲ့ တိုင်းနဲ့ပြည်နယ်၊ မြို့တွေကနေ ရန်ကုန်နဲ့ ရခိုင်ပြည်နယ်ကို ရောက်လာသူတွေကို ကွာရန်တင်းစင်တာတွေမှာ ၁၄ ရက်ထားရှိရာကနေ ၇ ရက်ပဲထားရှိတော့မယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
သူတို့ကို ကွာရန်တင်းစင်တာရောက်တဲ့နေ့ကနေ ၅ ရက်မြောက်နေ့မှာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးမှာ ဖြစ်ပြီး ရောဂါပိုးမတွေ့ဘူးဆိုရင် အိမ်မှာ ၇ ရက် ဆက်လက် အသွားအလာကန့်သတ်မှာ ဖြစ်ပါတယ်။
အိမ်မှာ သီးခြားအခန်းနဲ့မဟုတ်ဘဲ စုပေါင်းနေထိုင်သူတွေ၊ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြော ကျဉ်း၊ ကျောက်ကပ်နဲ့ နာတာရှည်အဆုတ်ရောဂါ စတဲ့ ရောဂါအခံရှိသူတွေ၊ အိမ်မှာ ရောဂါအခံ ရှိနေသူတွေ၊ ကိုယ်ခံအားနည်းသူတွေနဲ့အတူ နေထိုင်သူတွေကိုတော့ ကွာရန်တင်းစင်တာတွေမှာပဲ ၇ ရက်ဆက်ထားမှာ ဖြစ်ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာနဲ့ အနီးကပ်ထိတွေ့ဖူးသူတွေကိုတော့ စတွေ့တဲ့ရက်မှာ ပထမအကြိမ် ဓာတ်ခွဲနမူနာယူ စစ်ဆေးမှာဖြစ်ပါတယ်။ အသွားအလာကန့်သတ်တဲ့ရက်ကစလို့ ၅ ရက်ကနေ ၇ ရက်အတွင်းမှာ ဒုတိယအကြိမ် ဓာတ်ခွဲနမူနာယူစစ်ဆေးမှာဖြစ်ပြီး ၂ ကြိမ်လုံး ပိုးမတွေ့ရင် နေအိမ်မှာ ၇ ရက် အသွားအလာကန့်သတ်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ တာဝန်ကျဆရာဝန်က ကွာရန်တင်းစင်တာမှာ ဆက်ပြီး စောင့်ကြည့်ဖို့ လိုတယ်လို့ ဆုံးဖြတ်ရင်တော့ စင်တာမှာပဲ ဆက်နေရမှာ ဖြစ်ပါတယ်။
အိမ်တွေမှာ အသွားအလာကန့်သတ်ခံမယ့်ကိစ္စအတွက် ရပ်ကွက်နဲ့ ကျေးရွာတွေအလိုက် အဖွဲ့တွေ ဖွဲ့စည်းသွားဖို့လည်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
ဒေသအာဏာပိုင်၊ ကျန်းမာရေးဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်းတွေပါတဲ့ အဲဒီအဖွဲ့ဟာ အိမ်တွေမှာ အသွားအလာကန့်သတ်ခံနေသူတွေ စာရင်းပြုစုထားဖို့၊ သူတို့ရဲ့ စားသောက်နေထိုင်ရေးအဆင်ပြေစေဖို့အတွက် တတ်နိုင်သမျှ ကူညီပံ့ပိုးဖို့ စတာတွေကိုလည်း ညွှန်ကြားထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဒုတိယလှိုင်းအတွင်း ရောဂါကူးစက်ခံလူနာတွေ များပြားလာသလို လူနာတွေနဲ့ ထိတွေ့မှုရှိခဲ့တဲ့သူတွေလည်း တိုးလာတဲ့ အတွက် ကွာရန်တင်းနေရာတွေ တိုးချဲ့နေရပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ကူးစက်ခံ လူနာအများအပြား ဆေးရုံတွေကိုရောက်လာလို့ ယာယီဆေးရုံတွေနဲ့ ကုသရေးစင်တာတွေဖွင့်လာရပြီးနောက်ပိုင်း ကုသရေးနဲ့ ဆေးရုံဆင်းခွင့်သတ်မှတ်ချက်ကို လျှော့ချပေးထားပါတယ်။
စက်တင်ဘာ ပထမပတ်ကစပြီး ဓာတ်ခွဲစစ်ဆေးမှုအခြေပြုဆေးရုံဆင်းခွင့်ပြုတဲ့ သတ်မှတ်ချက်အစား ရောဂါလက္ခဏာ အခြေပြုသတ်မှတ်ချက်ကို ပြင်ဆင်လိုက်တာပါ။
ဆေးပညာဆိုင်ရာ သုတေသနတွေ့ရှိချက်တွေအရ ကိုဗစ်-၁၉ ရောဂါပိုးဟာ ဖြစ်ပြီး ၁၀ ရက်ကနေ ၁၄ ရက်နောက်ပိုင်း လူနာရဲ့ ကိုယ်တွင်းမှာ ရှိနေပေမယ့် တခြားသူတွေကို မကူးစက်နိုင်တော့တာ စတဲ့ တွေ့ရှိချက်တွေအရ ဆေးရုံကဆင်းတဲ့ သတ်မှတ်ချက် (Discharge Criteria) တွေကို ပြင်ဆင်သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။